Blogger Widgets

Tuesday, 4 June 2013

ဂျပန်အကူအညီဖြင့်ပေါ်ဆန်းမွှေးကို DNA စစ်ဆေးမည်

ဂျပန်အကူအညီဖြင့်ပေါ်ဆန်းမွှေးကို DNA စစ်ဆေးမည်ကမ္ဘာ အကောင်းဆုံး ဆန်ဆုရ မြန်မာ့ဒေသ မျိုးရင်း ရာသီစပါး ပေါ်ဆန်းမွှေးကို ဂျပန်ကုမ္ပဏီ Mitsui နှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တို့ ပူးပေါင်းကာ မျိုးဗီဇ DNA စစ်ဆေးမှု လုပ်ဆောင်မည်ဖြစ် ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။
ဂျပန်နိင်ငံနှင့် DNA ပူးပေါင်း စစ်ဆေးပြီးလျှင် ပေါ်ဆန်း စပါးမျိုး ကို ရာသီမရွေး၊ ဒေသမရွေး၊ စိုက်ပျိုး နိုင်ရုံသာမက အထွက်နှုန်း တိုးရန်နှင့် ကောက်ကြီးမျိုး ဖြစ်သည့် ပေါ်ဆန်းမွှေး၏ အပင်အမြင့် ကိုလည်း လျှော့ချ နိင်မည် ဖြစ်ကြောင်း၊ လက်ရှိပေါ်ဆန်း တစ်ဧက ထွက်နှုန်းမှာ အများဆုံး တင်း ၆၀ ခန့်သာ ထွက်ရှိ၍ ထွက်နှုန်း တင်း ၉၀ အထိ ရောက်အောင် ၂ နှစ် အတွင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ဦးစားပေး လုပ်ဆောင် သွားမည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ပေါ်ဆန်းမွှေးသည် ရေချို ရေငန်စပ် ဒေသများတွင် ဖြစ်ထွန်း သည့် ရာသီ စပါးမျိုး ဖြစ်ပြီး ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် စိုက်ပျိုး ရှင်သန်သည့် ယင်း စပါးမျိုးကို စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘို ခရိုင်တွင် စိုက်ပျိုး ဖြစ်ထွန်းကာ ဈေးကွက် ဝေစု ရရှိလာကြောင်း၊ မြန်မာနိုင်ငံ ဆန်စပါး အသင်း ချုပ်သည် မွန်ပြည်နယ် မုဒုံမြို့တွင် ပေါ်ဆန်းစပါး ဧက ၂၀၀ စမ်းသပ် စိုက်ပျိုးရာ အောင်မြင် သဖြင့် ယခုနှစ်တွင် ဧက ၂၀၀၀ အထိ တိုးချဲ့ စိုက်ပျိုး ရန် ပြင်ဆင် ထားကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။
လက်ရှိတွင် ပုသိမ်၊ ဖျာပုံ၊ မြောင်းမြမြို့တို့မှ ထွက်ရှိသည့် ပေါ်ဆန်းမွှေးမှာ ထမင်း နူးညံ့၍ နာမည် ကျော်ကာ ရွှေဘို ပေါ်ဆန်းသည် ရုပ်လှပြီး ဆန်သား ကောင်းမွန်၍ နာမည် ကျော်ကြောင်း၊ ရာသီဥတု အပေါ် စိုက်ပျိုးသည့် စပါး ဖြစ်၍ ဓာတုဗေဒ မြေသြဇာများ မကြိုက်ဘဲ သဘာဝ မြေသြဇာကို နှစ်သက် ကြောင်း၊ ဓာတ်မြေသြဇာကျွေး စိုက်သည့် ပေါ်ဆန်းသည် ထမင်းကြာလျှင် အရည်များ ထွက်လာကြောင်း မြောင်းမြမှ ဆန်စက် လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။
ရွှေဘို ပေါ်ဆန်းသည် ရွှေဘိုသူနှင့် အိမ်ထောင်ကျသည့် ဖျာပုံသားတစ်ဦး မျိုးယူ စိုက်ပျိုးရာ ဖြစ်ထွန်းလာသည့်မျိုး ဖြစ်ပြီးတစ်ဧက ၉၀ ခန့်အထိ ထွက်ရှိသော်လည်း ရွာတိုင်း စိုက်ပျိုး၍ မရကြောင်း ရွှေဘိုမြို့မှ ဆန်စက်လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။ လက်ရှိ ပြည်တွင်း ဆန်ဈေး ကွက်သည် ဆန်းချောရှယ် ဈေးကွက်ဖြစ်ပြီး အသင့် ထမင်းပေါင်းအိုးထဲ ခပ်ချက်သည့် ဆန်ကောမလို စပါးလုံး ကောက်စရာ မလိုသည့် ဈေးကွက် ဖြစ်နေကြောင်း၊ ရန်ကုန် အိမ်ရှင်မများသည် ဆန်ပုခေါ် ဆန်ချော စားသုံးမှု များပြီး ပေါ်ဆန်းမွေး၏ ထူးခြားချက် တစ်ရပ်မှာ အနံ့မွေးရုံ သာမက ထမင်းချက် လိုက်လျှင် သုံးဆခန့် ဆန့်ထွက်လာခြင်း ဖြစ်ကြောင်း လှိုင်မြို့နယ် (၇) ရက်ကွက်မှ လက်ရှိ ရောင်းချသူ တစ်ဦးက ပြောကြားသည်။ ၂၀၁၁ ခုနှစ် ကမ္ဘာ့ ဆန်စပါး ညီလာခံတွင် မြန်မာနိုင်ငံ၏ ဒေသမျိုးရင်း ရာသီစပါး ပေါ်ဆန်းမွှေးသည် ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့ကို ကျော်လွန်ကာ ကမ္ဘာ့ အကောင်းဆုံး ဆန်ဆုကို ရရှိခဲ့သည်။

No comments :

Post a Comment

Blogger Widgets
Back to Top