Blogger Widgets

Sunday, 23 June 2013

နာကျင်အချိန်ပိုတွင် သွင်းယူခဲ့သောဂိုးဖြင့် မလေးရှား (ခ) အသင်းကို မြန်မာလူငယ်အသင်း သရေကစား

myanmalay-june23
မြန်မာအသင်း တိုက်စစ်ကို မလေးရှား (ခ)ဂိုးသမား ကာကွယ်နေစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)
အာဆီယံလူငယ် ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ ပွဲစဉ် (၅)အဖြစ် မြန်မာလူငယ် အသင်းနှင့် မလေးရှားလူငယ် (ခ)အသင်းတို့သည် ဇွန် ၂၂ ရက် ညနေပိုင်းက အောင်ဆန်းကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဂိုးစီ သရေကျ သွားခဲ့သည်။ မြန်မာလူငယ် အသင်းသည် ပွဲကစားချိန် မိနစ် ၉၀ ပြည့်သည်အထိ တစ်ဂိုးဖြင့် ရှုံးနိမ့်နေခဲ့သော်လည်း နာကျင်အချိန်ပိုတွင် သွင်းယူခဲ့သောဂိုးဖြင့် သရေကျခဲ့ခြင်း ဖြစ်သည်။
မြန်မာလူငယ် အသင်းသည် ယခုပွဲတွင် မလေးရှားအသင်းကို ခြေအသာဖြင့် ကစားနိုင်ခဲ့သော်လည်း အဆုံးသတ်ဂိုးသွင်းမှုတွင် အားနည်းမှုများ ရှိနေသောကြောင့် သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရခြင်း ဖြစ်သည်။
ပွဲအစ နှစ်မိနစ်မှာပင် မိုဟာမက်ရူစလီက မလေးရှား (ခ) အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူခဲ့သောကြောင့် မြန်မာအသင်းမှာ အိမ်ကွင်း၌ နောက်မှလိုက် ကစားခဲ့ရသည်။
ဒုတိယပိုင်းတွင် မြန်မာအသင်း ချေပဂိုး ရရှိနိုင်သည့် အခွင့်အရေးများ ဆက်တိုက်ရရှိ ခဲ့သော်လည်း အသုံးချနိုင်ခြင်း မရှိခဲ့ပေ။ မြန်မာအသင်းအတွက် ချေပဂိုးကိုမူ ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် ကျော်ဇင်ဦးက သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းသည် ယင်းပြိုင်ပွဲ၌ ငါးပွဲကစားအပြီးတွင် တစ်ပွဲနိုင်၊ သုံးပွဲသရေ၊ တစ်ပွဲရှုံး ရမှတ်ခြောက်မှတ်ဖြင့် တတိယနေရာတွင် ဆက်လက်ရပ်တည်လျက် ရှိသည်။
အခြားပွဲစဉ်တွင် အင်ဒိုနီးရှားအသင်းက လာအိုအသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ပထမအကျော့ ပွဲစဉ်များမှာ ပြီးဆုံးသွားပြီဖြစ်ပြီး မြန်မာအသင်း ပါဝင်သော အုပ်စု (ခ)တွင် အင်ဒိုနီးရှား အသင်းက လေးပွဲနိုင်၊ တစ်ပွဲသရေ၊ ရမှတ် ၁၃ မှတ်ဖြင့် အုပ်စုကို ဦးဆောင်လျက် ရှိသည်။ မလေးရှားအသင်းက နှစ်ပွဲနိုင်၊ သုံးပွဲသရေ၊ ရမှတ် ၉ မှတ်ဖြင့် ဒုတိယနေရာ ရပ်တည်နေပြီး မြန်မာအသင်းက တတိယ၊ လာအိုအသင်းက စတုတ္ထ နေရာတို့တွင် ရပ်တည်လျက်ရှိသည်။ မြန်မာအသင်းသည် ပွဲစဉ် ၆ အဖြစ် လာမည့်ဇွန် ၂၉ ရက်တွင်  မလေးရှား (ခ)အသင်းနှင့် အဝေးကွင်း ပွဲစဉ်အဖြစ် မလေးရှားနိုင်ငံတွင် သွားရောက်ကစားရမည် ဖြစ်ကြောင်း သိရသည်

No comments :

Post a Comment

Blogger Widgets
Back to Top