Blogger Widgets

Wednesday 5 June 2013

နှစ် ၆၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် Coca-Cola အချိုရည် ပုလင်းနှင့် သံဗူးစက်ရုံ မြန်မာနိုင်ငံတွင် စတင်ဖွင့်လှစ်

cocacola-june5
မှော်ဘီမြို့နယ်ရှိ Coca-Cola စက်ရုံကို တွေ့ရစဉ် (ဓာတ်ပုံ - မင်းသီဟဇော်)
နာမည်ကျော် အချိုရည် ထုတ်လုပ်သည့် အမေရိကန် ကုမ္ပဏီ Coca-Cola မှ မြန်မာနိုင်ငံတွင် နှစ် ၆၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ရင်း နှီးမြှုပ်နှံ သွားမည်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်း နှစ်သောင်းကျော် ဖန်တီးပေးသွားမည်ဖြစ်ကြောင်း Coca-Cola မြန်မာနိုင်ငံတွင် ပြည်တွင်းထုတ်လုပ်မှု စတင်သည့် အခမ်းအနား သတင်းထုတ်ပြန်ချက်အရ သိရသည်။
အမေရိကန် အပါအ၀င် နိုင်ငံတကာမှ စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းပြီးနောက် Coca-Cola ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်အောက်တွင် ရင်းနှီးမြှုပ်နှံခွင့် ရရှိခဲ့သည့် ပထမဆုံး အမေရိကန် ကုမ္ပဏီဖြစ်ပြီး နှစ်ပေါင်း ၆၀ အတွင်း Coca-Cola အချိုရည်ကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ထုတ်လုပ်သွားမည်ဟု သိရသည်။
မြန်မာစာနှင့် ရိုက်နှိပ်ထားသော Coca-Cola နှင့် Sprite ပလတ်စတစ် ပုလင်းများကို မြန်မာနိုင်ငံတွင် ထုတ်လုပ်နေပြီဖြစ်ပြီး လာမည့်ရက်များအတွင်း ဖန်ပုလင်းနှင့်အလူ မီနီယမ် သံဗူးများကို ပြည်တွင်းတွင် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
Coca-Cola ကုမ္ပဏီသည် မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ်အတွင်းက စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ယင်းအချိုရည် ထုတ်လုပ်မည့် စက်ရုံဖွင့်ပွဲကို ၂၀၁၃ ခုနှစ် ဇွန် ၄ ရက်က ပြုလုပ်ခဲ့သည်။
Coca-Cola စက်ရုံဖွင့်လှစ်ခြင်းသည် Coca-Cola မှ မြန်မာနိုင်ငံတွင် နောက်ငါးနှစ်အတွင်း ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသော အမေရိကန်ဒေါ်လာ သန်း ၂၀၀ ထဲမှ အစီအစဉ် တစ်ခုဖြစ်ကြောင်း သိရသည်။
မြန်မာပြည်သူ ပြည်သားများအတွက် Coca-Cola သည် အပြုသဘောဆောင်သော အမြင်များဖြင့် တောက်ပသော အနာဂတ်၊ ပိုမိုကောင်းမွန်သော နေ့ရက်နှင့် ဘ၀များကို ကိုယ်စားပြုကြောင်း၊ အဆိုပါ နေ့ရက်များတွင် Coca-Cola မှ တစ်စိတ်တစ်ဒေသ ပါဝင်ခွင့်ရသည့်အတွက် ဂုဏ်ယူကြောင်း The Coca-Cola Company ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Mr. Muhtar Kent က ဇွန် ၄ ရက်တွင် ပြုလုပ်ခဲ့သည့် Coca-Cola စက်ရုံ ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် Coca-Cola မှဝင် ရောက်ရင်းနှီး မြှုပ်နှံမှုကြောင့် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ပေါ်ထွက်လာမည်ဖြစ်ပြီး နောက်ငါးနှစ်အတွင်း Coca-Cola နှင့် ဆက်နွှယ်သည့် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂၂၀၀၀ ကျော် ရှိလာမည်ဟု Coca-Cola က ခန့်မှန်းထားသည်။ Coca-Cola ကုမ္ပဏီသည် ကမ္ဘာ့အကြီးဆုံး သောက်သုံးကုန် ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်ပြီး Diet Coke, Fanta, Sprite, Coca-Cola Zero, Vitaminwater, Powerade, Minute Maid, Simply, Georgia, Del Valle အစရှိသည့် ထုတ်ကုန်များ ထုတ်လုပ်ကြောင်း သိရသည်။ Coca-Cola သည် Sparkling သောက်ကုန်များ၊ အသင့်သောက်ကော်ဖီနှင့် အချိုရည်များကိုလည်း ထုတ်လုပ်ကြောင်း သိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top