Blogger Widgets

Monday 20 May 2013

ဒါရိုက်တာ ဝင်းထွန်းထွန်းနှင့် တွေ့ဆုံခြင်း

မြန်မာဗီဒီယို ဇာတ်ကားများ၏ အစဉ်အလာဖြစ်သည့် ချစ်ကြိုက်ကွဲညား ဇာတ်လမ်းများမှ ခွဲထွက်တင်ပြထားသည့် သည်းထိတ်ရင်ဖို ဇာတ်ကားဟုဆိုရမည့် “မျက်လုံးလေး ကလယ်ကလယ်” အမည်ရှိ ဗီဒီယိုဇာတ်ကား ထွက်ရှိလာရာ ယင်းဇာတ်ကား ထွက်ပြီးပြီးချင်း ဒါရိုက်တာ၏ တင်ပြမှုနှင့် ပါဝင်သည့် သရုပ်ဆောင်များ၏ ကြိုးစားအားထုတ်မှု အပေါ် အသိအမှတ်ပြုကြသူများ ရှိသကဲ့သို့ သရုပ်ဆောင်ရွှေမှုန်ရတီ၏ ဇာတ်ဝင်ခန်းအချို့နှင့်ပတ်သက်ပြီးဝေဖန်မှုများလည်းကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့သည်။ ထိုကဲ့သို့ ချီးကျူးမှု၊ဝေဖန်မှုများ အပေါ် ဇာတ်ကားဒါရိုက်တာ ဝင်းထွန်းထွန်း၏ သဘောထားအမြင်ကို မေးမြန်းထားခြင်းဖြစ်သည်။

Voice : ပရိသတ်တွေကြား ရေပန်းစားနေတဲ့ “မျက်လုံးလေးကလယ်
ကလယ်” ဇာတ်ကားရဲ့ ဂယက်နဲ့ ပတ်သက်ပြီး ဇာတ်ကားရဲ့ ဒါရိုက်တာတစ်ယောက်အနေနဲ့ ဘယ်လိုပြန် ဖြေရှင်းချင်ပါသလဲ။

WTT : အမှန်ကတော့ ဒါက ပြန်ဖြေရှင်းရမယ့် ကိစ္စမဟုတ်ပါဘူး။ လူတွေ အရမ်းပြော နေကြတာဆိုပေမယ့် ကျွန်တော်တို့ ရိုက်ရိုးရိုက်စဉ် အထဲမှာမှ အနုပညာအရ အပြောင်မြောက်ဆုံး ဖြစ်အောင်၊ ပိုကောင်းအောင် ဖန်တီးလိုက်တာပဲ ရှိတယ်။ တကယ်တမ်း ရိုက်ကွင်းဆိုတာ ကျွန်တော်ရယ်၊ မင်းသား၊ မင်းသမီးရယ် သုံးယောက်တည်း ရိုက်လို့ လုံးဝမရဘူး။ ရိုက်ကွင်းဆိုတာ လူနှစ်ဆယ်၊ သုံးဆယ်နဲ့ ရိုက်ရတာ။ ကျွန်တော်တို့ လိမ်လို့မရဘူးပေါ့နော်။ ကျွန်တော်တို့ တကယ် ဒီမင်းသမီးနှစ်လက်လုံးကို နမ်းလိုက်တယ် ဆိုလို့ရှိရင် လုံးဝလိမ်လို့မရပါဘူး။ နမ်းလိုက်ပါတယ်လို့ ဒီမင်းသမီးနှစ်လက်က ဝန်ခံလိုက်ရင် ကျွန်တော့်ကို သေဒဏ်ပေးလို့ ရပါတယ်။ ဒါအမှန်တရားပါပဲ။ ကိုယ်ကိုယ်တိုင် နမ်းတဲ့အလုပ် ကိုလည်း မကြိုက်ပါဘူး။ ကျွန်တော်ဖြတ်သန်းခဲ့တဲ့ အနုပညာသမိုင်း ၁၅ နှစ်တာကာလမှာ ကျွန်တော့်သမိုင်းကို လေ့လာကြည့်ရင် သိနိုင်ပါတယ်။ ဘယ်မင်းသမီးကိုမှ နမ်းတဲ့ ဇာတ်ဝင်ခန်းရိုက်ခဲ့တာ မရှိပါဘူး။

ကျွန်တော်တို့က အနုပညာအရ အပြောင်မြောက်ဆုံး ဖြစ်အောင် ဖန်တီးတယ်။ သရုပ်ဆောင်တွေ က အပြောင်မြောက်ဆုံးဖြစ်အောင် သရုပ်ဆောင်တယ်။ ဒီကားမှာ ကျွန်တော့် မင်းသမီးနှစ်လက်လုံးကို ကျွန်တော်တာဝန် ယူနိုင်ပါတယ်။

တချို့သောကားတွေမှာ ကြည့်ရင် သိသာပါတယ်။ ဒီခေတ်မင်းသမီးတွေရဲ့ အနေအထားကို ပရိသတ်တွေလည်း သိကြပါတယ်။ ကျွန်တော့်ဇာတ်လမ်း
ထဲမှာ ပါတဲ့ မင်းသမီးနှစ်လက်လုံးသည် လုံးဝ ရင်သားပေါ်ခြင်း၊ ဒူးပေါ်ခြင်း၊
ခြေမျက်စိ ပေါ်ခြင်း မရှိကြပါဘူ။ အနုပညာအရ သက်သက်ကိုပဲ ဖန်တီး
ထားတာပါ။ ဒီဇာတ်ဝင်ခန်းက နှစ်နာရီစာ ကားတစ်ကားမှာ လေးမိနစ်
စာတောင် မရှိပါဘူး။ ပါရခြင်းအကြောင်းရင်း ကလည်း ဒီဟာကြီးပေါ်မှာ စိတ်ဝင်စားလာအောင် ဆွဲဆောင်ပြီး ခေါ်ထားခြင်း လုံးဝမရှိပါဘူး။ နားလည်တဲ့ သူများအားလုံး သိပါတယ်။ ဇာတ်ဝင်ခန်းအရ လိုအပ်တဲ့ Scene တစ်ဆင်း ဖြစ်နေပါတယ်။ ဆိုပါတော့ သရုပ်ဆောင်ညီထွဋ်ခေါင်ဆို ဒီအိမ်ထဲကို ဒီကောင်လေး ပြန်မလာလို့ မဖြစ်တဲ့ ဇာတ်ဝင်ခန်း ဖြစ်တဲ့
အတွက် ဒီဇာတ်ဝင်ခန်းကို ရိုက်ရပါတယ်။ စိုးမြတ်သူဇာအခန်း ဆိုရင်လည်း နေတိုးရဲ့အိုက်တင်များကို ကျွန်တော်တို့က Step by Step သွားရတာပေါ့နော်။ ရှေ့ပိုင်းမှာ သာမန်လူသားတစ်ယောက် အနေနဲ့ ဝင်လာတယ်။ နောက်မှာ သူသည် နည်းနည်းလေး Psycho ရှိတယ်ဆိုတာ ပါးပါးလေးပြတယ်။ နောက်တော့မှ တဖြည်းဖြည်း သူစိတ်လွတ်သွားတာကို
ပြရပါတယ်။ စိတ်လွတ်သွားပြီဆိုတဲ့ ဝေဒနာရှင်တစ် ယောက်ဖြစ်တယ် ဆိုတာ ပြဖို့အတွက် သူ့မိန်းမနဲ့မှားတဲ့ အခန်းက မထည့်လို့မရတဲ့ အခန်းပါ။ မူရင်းဝတ္ထု မှာလည်း ပါတယ်။ တချို့သော ဇာတ်ဝင်ခန်းတွေ ရှိပါသေး တယ်။ ကျွန်တော် တမင်ကို မထည့်တာပါ။ မှန်တင်ခုံရှေ့ ကောင်မလေး စိတ်ကူးယဉ်တဲ့ အခန်းတွေ ရှိပါသေးတယ်။ ကျွန်တော် ဒီဇာတ်ကားမှာ ပေး
ချင်တာက Suspence ဘက်ကို ပေးချင်တာပါ။ Sex နဲ့ လုံးဝ မဆိုင်ပါဘူး။ အဲဒီအတွက် ပြသင့်တဲ့ ကားတစ်ကား ကို အကောင်းဆုံးဖြစ်အောင် ဖန်တီးလိုက်တာပါ။

ဒီအချိန်မှာ ပရိသတ်က အရမ်းလည်း အမြင်ကျယ်လာပါတယ်။ နားလည်း နားလည်လာပါတယ်။ အခုလို Hot ဖြစ်လာတာက မရိုးသားတဲ့ အဖွဲ့
တွေကြောင့်လည်း ပါပါတယ်။ ရိုးရိုးသားသားနဲ့တကယ့်ကို စေတနာနဲ့ ပြောတဲ့
သူတွေလည်း ရှိပါတယ်။ အများစုကတော့ ဒီကားကို လက်ခံကြပါ တယ်။ ကျွန်တော်တို့ ရိုးရိုးသားသားနဲ့ အကောင်းဆုံး ဖန်တီးထားတယ်ဆိုတာ အားလုံးသိပါတယ်။ ဇာတ်သည်လည်း မွဲပြာ ပုဆိုးရိုက်နေကြတဲ့ ချစ်ကြိုက်ညားကွဲ ဇာတ် လည်းမဟုတ်ပါဘူး။ တကယ်ကို Create လုပ်ထားတဲ့ ကားတစ်ကားပါ။ လောလော ဆယ်မှာ ထုတ်လုပ်မှု အခြေအနေက ကျဉ်းကျဉ်းလေးပါ။ ဒီလိုအနေအထားမှာ ၁၁ ညတိတိ ကျွန်တော်တို့ အပင်ပန်းခံပြီး ရိုက်ထားပါတယ်။ ပါတဲ့ သရုပ်ဆောင်တွေ အားလုံးလည်း အရမ်းကြိုးစားထားပါတယ်။ ကျွန်တော်နဲ့ပါတဲ့ ကင်မရာ အဖွဲ့တွေလည်း အရမ်းပင်ပန်းပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ရိုက်နေကျပုံစံထက် ပိုပင်ပန်းပါ တယ်။ ကျွန်တော်ရိုက်နေကျ ဒရမ်မာကား လည်း မဟုတ်ပါဘူး။ ဒီကားနဲ့ ပတ်သက်ပြီး ဇာတ်ဝင်ခန်းအရ ၉ တန်း
ကျောင်းသူ မဟုတ်ပေမယ့် ၉ တန်းကျောင်းသူကို ဒီလို ရိုက်တယ်ဆိုပြီး
ဝေဖန်နေတဲ့သူတွေ ရှိတဲ့ အတွက် ပရိသတ်က ကျွန်တော် စိတ်ဓာတ် ကျမှာစိုးပြီး အရမ်း အားပေးနေတယ်။ အခုလို အားပေးနေတဲ့၊ ကျွန်တော့်
အစား တိုက်ခိုက်ပေးနေတဲ့ ပရိသတ်တွေ အားလုံးကို ကျေးဇူး
တင်ပါတယ်။ အမှန်တရားကို အားလုံးသိပါတယ်။ ဘယ်လိုမှ လိမ်လို့ မရပါဘူး။ ကျွန်တော်နဲ့အတူ ရိုက်ခဲ့တဲ့ လူလေး ငါးဆယ် အားလုံး မသေသေးပါဘူး။ မေးကြည့်လို့ရပါတယ်။ တစ်ချိန်ကျရင်တော့ ပေါ်လာမှာပါ။ အဲဒီမင်းသမီးနှစ်လက်ကို လုံးဝမနမ်းထားပါဘူး။

Voice : ဒါဆို ဒီကားမှာ ဝေဖန်နေကြတဲ့ ဇာတ်ဝင်ခန်းတွေကို ကင်မရာ လှည့်စားချက်တွေနဲ့ ရိုက်ခဲ့တာပေါ့။

WTT : ကင်မရာလှည့်စားချက်နဲ့ ရိုက်တာ မဟုတ်ပါဘူး။ ဒီကားမှာ ကျွန်တော် စိုးမြတ်သူဇာပါတဲ့ ဇာတ်ဝင်ခန်းကို ရိုက်သွားတာ ပညာသည်ကြည့်ရင် သဘော ပေါက်ပါတယ်။ အဲဒီဇာတ်ဝင်ခန်းက လူတိုင်း ရိုက်နေတဲ့ ပုံစံပါပဲ။ ဒါပေမဲ့ လူတိုင်း ရိုက်နေတဲ့ ပုံစံထက်ကို ကျွန်တော်တို့က ခုတင်ကို ၃၆၀ ဒီဂရီပြည့်အောင် ပတ်ပြီး ရိုက်ထားတာပါ။ ကျွန်တော်တို့မှာ ပစ္စည်းမရှိပါဘူး။ ရှိတဲ့ ပစ္စည်းနဲ့ ကျွန်တော်ရအောင် ရိုက်ထားပါတယ်။

ဖန်တီးတတ်တဲ့သူ အချင်းချင်းဆို ဒီဇာတ်ဝင်ခန်းကို ဘယ်လို ရိုက်သလဲဆိုတာ ကြည့်လိုက်တာနဲ့ သိတယ်။ စိတ်ကူးတောင် မယဉ်ရဲတဲ့ ကဒ်ပါ။ အဲဒီကဒ်မျိုးကို ကျွန်တော်မဖြစ်ဖြစ်အောင် ရှိတဲ့ ပစ္စည်းနဲ့ ရအောင် လုပ်ထားပါတယ်။ အဲဒီဇာတ်ဝင်ခန်းမှာ ကင်မရာရိုက်ချက်တွေ အပြင် မီးအလင်းအမှောင်ပိုင်း တွေကို ပြထားပါတယ်။ နောက်ပြီး ဖရောင်းတိုင်မီးရဲ့ Foreground ထဲမှာ Background က လူတွေကို ပြတ်သားစွာ မြင်ရအောင် ရိုက်ပြ ထားပါတယ်။ ဒီလိုရိုက်တာ ကျွန်တော်တို့ ဗီဒီယိုကားတွေမှာ ရှားပါတယ်။ ကျွန်တော် အကောင်းဆုံး ကင်မရာနဲ့ မဖြစ်ဖြစ်အောင် ရိုက်ထားပါတယ်။

Voice : ဒီကားမှာ သရုပ်ဆောင်တဲ့ မင်းသမီးက ဆယ်ကျော်သက်အရွယ် ဖြစ်နေတဲ့ အတွက် ဝေဖန်နေကြတဲ့ ဇာတ်ဝင်ခန်း တွေကို ပြတဲ့အခါ နိမိတ်ပုံတွေနဲ့ ပြလို့ရရဲ့သားနဲ့ အပြကြမ်းတယ်လို့ ပြောကြတဲ့အပေါ် ဘာပြောချင်ပါသလဲ။

WTT : နိမိတ်ပုံနဲ့ ပြတယ်ဆိုတဲ့ နေရာမှာ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီနှင်းဆီပန်းချည်းပဲ ခြွေချတယ်ဆိုတာကို လူတန်းစားတစ်ရပ်က ကျွန်တော်တို့ကို ဆော်နေတာကြာပြီ။ မင်းတို့မြန်မာကားက ဒီအခန်းရိုက်ရင် ပန်းကြွေတာနဲ့ ပြီးသွားတာပဲ။ အဲဒီလောက်လွယ်တာ ငါ့သမီးတောင် ရိုက်တတ်တယ်ဆိုပြီး စော်ကားမှုမျိုးတွေကို ခံရတာ ကျွန်တော့် အနုပညာသက် ၁၅ နှစ်ထဲမှာ ထောင်နဲ့ချီခံရတာ။ နောက်မင်းတို့ ကားတွေက ပြောင်းလဲတယ်လို့ ပြောပေမယ့် နောက်ဆုံးတော့ ဒါပါပဲကွာဆိုပြီး လက်ရှိဝေဖန်တဲ့ သူတွေလည်း အများကြီး ရှိတယ်။ အဲဒီလို အနေအထားမျိုးမှာ ဆယ်ကျော်သက်ဆိုတာကို ကျွန်တော်တို့က စဉ်းစားလို့မရဘူး။ နောက်တစ်ခုက ကျွန်တော့်မှာ အခက်အခဲရှိတာက ဒီမင်းသမီးက အဲဒီတော့မှ ကျွန်တော် စဆုံဖူးတဲ့အတွက် သူ့အသက်ဘယ်လောက်ရှိလဲ ဆိုတာ ကျွန်တော်မစဉ်းစား နိုင်သေးဘူး။
ပွင့်ပွင့်လင်းလင်းပြောရင် လေးဆယ်ကျော် မင်းသမီးတွေလည်း ဇာတ်က တောင်းဆိုရင် တစ်ခါတလေကျ ဆယ့်ခြောက်နှစ်အခန်းတွေ ရိုက်ရတာပဲ။ ဇာတ်က တောင်းဆိုရင် ရိုက်ကိုရိုက်ရပါတယ်။ ဇာတ်အပေါ် သစ္စာရှိရတာ ပေါ့နော်။ ဒီမင်းသမီးက ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ရပြီ ဆို ဇာတ်ကတောင်းဆိုလာရင် လုပ်ကိုလုပ်ရ မှာပါပဲ။ ဒီကလေးက သူများတွေပြောတော့ ဆယ်ကျော်သက်သာ ပြောတာပါ။ စိုးမြတ်သူဇာရဲ့ အရပ်ထက် လက်လေးလုံးလောက် မြင့်ပါတယ်။ ဒီ့အတွက် သူ့ကို ဆယ်ကျော် သက်ပုံစံမျိုး ရိုက်လို့ မရပါဘူး။ ဇာတ်အရ သူက ဆယ်ကျော်သက်လို့ ပြောထားရင် ဒီလို ဇာတ်ဝင်ခန်းမျိုး လုံးဝမရိုက်ပါဘူး။ ဇာတ်ကားထဲမှာကိုက သူဟာကိုးတန်း ကျောင်းသူပါဆိုတဲ့ အရုပ်လည်းမရှိဘူး။ အပြောလည်းမရှိဘူး။ ဇာတ်မှာကိုက သူများအိမ်မှာ စာပြပြီးတောင် နေလို့ရတဲ့ အနေအထားရှိတဲ့ ဇာတ်ကောင်ဆိုတာ အဖွင့်ထဲက ကျွန်တော် ပြောပြီးသားပါ။ သူဟာကိုးတန်း၊ ဆယ်ကျော်သက်လို့ ပြောတာကိုက တော်တော်မရိုးသားတဲ့ သဘော ဆောင်ပါတယ်။ ဇာတ်ကို သေချာလေ့လာ ကြည့်လိုက်ပါ။

Voice : ဒီထဲမှာပါတဲ့ ဇာတ်ဝင်ခန်း တွေကို ဝတ္ထုအတိုင်း ရိုက်ခဲ့တာလား။ ဒါမှ မဟုတ် ဇာတ်ညွှန်းမှာ ပြင်ဆင်ဖြည့်စွက်ပြီး ရိုက်ခဲ့တာရှိလား။

WTT : ဝတ္ထုအတိုင်း ရိုက်ခဲ့တာ ပါ။ ဒါပေမဲ့ ဝတ္ထုက တော်တော်လေးကြာတဲ့ ဝတ္ထုဖြစ်တဲ့ အတွက် Modernize ဖြစ်အောင်တော့ ရိုက်တာပေါ့နော်။ ဇာတ်ကျောရိုး ပျက်သွားအောင် လုံးဝမပြင်ထားဘူး။ သီးသန့်ကြီး ဒီအခန်းပါရမယ်လို့ ကျွန်တော် ဖြည့်စွက်ထားတာ မဟုတ်ဘူး။ သူ့ဝတ္ထုမှာ ကို ဒီအခန်းက ပါတယ်။ ဝတ္ထုထဲမှာဆို ဒီကောင်မလေး မှန်တင်ခုံရှေ့မှာ ထပ်ပြီး စိတ်ကူးယဉ်သေးတာ။ အဲဒီအခန်းက အခု ပြောသလိုတွေ ပြောခံရမှာစိုးတဲ့အတွက် ရိုက်ကိုမရိုက်ထားတာပါ။ ဇာတ်ညွှန်းထဲမှာ လည်းရှိပါတယ်။

Voice : ဒီကားက ကိုဝင်းထွန်းထွန်း အားသန်တဲ့ ဒရမ်မာလိုင်းကနေ ကွဲထွက် နေတယ်လေ။ ဒီကားလေး ရိုက်ဖြစ်သွားတာ ဘာကြောင့်လဲ။

WTT : ဒီနှစ်ထဲမှာ ကျွန်တော့်ကို လေ့လာနေတဲ့ အုပ်စုဆို သိတယ်ဗျ။ ဒီနှစ်ထဲမှာ ကျွန်တော် ဒရမ်မာတွေ အရမ်းရိုက်ခဲ့တယ်။ အဲဒီလို အရမ်းရိုက်တယ်လို့ လူတွေ အရမ်းပြောနေတဲ့ အချိန်မှာ၊ ပြောင်းလဲမှု တွေ ဖြစ်လာတဲ့အချိန်မှာ၊ ကျွန်တော် ဒရမ်မာ လုံးဝမရိုက်တော့ဘူး။ အဲဒီကားနဲ့ အတူတူ “ချစ်တယ်” ဆိုတဲ့ကားကို ဒီမင်းသား မင်းသမီးနဲ့ ရိုက်ခဲ့ပါတယ်။ ချစ်တယ်ဆိုတဲ့ ကားရော၊ ရှေ့ကရိုက်ခဲ့တဲ့ “မောင်ရေးတဲ့ ကဗျာ” တို့၊ “အသက်ဝင်သွားတဲ့ သေဆုံးခြင်း” အားလုံး Romantic ကားတွေပါပဲ။ အဲဒီထဲမှာ ကျွန်တော်က ဟာသကိုရှောင်တဲ့ အတွက် ကျွန်တော့်အတွက် ဇာတ်က ရှားပါတယ်။ ဒီ့အတွက် Suspence လေးတွေ ကျွန်တော်ရိုက်ပါတယ်။ တမင်ကြီး အဲဒီ အခန်းရိုက်ချင်လို့ ဒီကားကို ရွေးခဲ့တာ လုံးဝမဟုတ်ဘူး။ ကားကို အစအဆုံးကြည့်ရင် ကြည့်တဲ့သူအားလုံး သိတယ်။ အစအဆုံး ကြည့်လိုက်ပါလို့ပဲ ပြောချင်တယ်။

Voice : ရိုက်နေကျ ဒရမ်မာ ဇာတ်ကားတွေ မရိုက်ဖြစ်တော့ဘူးပေါ့။

WTT : ဒရမ်မာလည်း ရိုက်တယ်။ အရင်ကလောက်တော့ Solic Drama ကြီးတွေ ရိုက်တဲ့အလုပ်ကို မလုပ်တော့ဘူးလို့ ပြောတာပါ။ အဲဒီခေတ်အခါတုန်းက ဟာသကားတွေ အရမ်းကြီးစိုးတဲ့အတွက် မြန်မာဒရမ်မာ ကားတွေ မရှိတော့ဘူး။ မရှိတော့တဲ့အတွက် ဒရမ်မာကို လူမကြည့်ပေမယ့် ရအောင် ရိုက်တယ်။ ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသား သားဝန်ခံရရင် ပရိသတ်ကြည့်ပါစေ ဆိုပြီး ရိုက်ခဲ့တာ။ ဟာသတွေအရမ်းဟော့တယ် ဗျာ။ ဟာသရိုက်ရင် ပရိသတ် ကြည့်မှာပဲ။ အဲဒီခေတ်မှာတောင် ကိုယ့်ကားမကြည့်ရင် နေ၊ အနုပညာ ကျန်ရမယ်ဆိုပြီး ရိုက်ခဲ့တဲ့ ဒါရိုက်တာပါ။ ကျွန်တော့်ကို စဉ်ဆက်မပြတ် လေ့လာရင်သိမှာပါ။ ကျွန်တော့်မှာ ကိုယ်ပိုင်အိမ်မရှိဘူး။ ကားမရှိဘူး။ အနုပညာကိုချစ်လို့ ရူးသွပ်စွာနဲ့ လုပ်နေပါတယ်။ အနုပညာအတွက် ကျွန်တော့် အသက်ကို ပေးခဲ့ဖူးတဲ့ကားတွေ အများကြီး ပါ။ ကျွန်တော် စစ်စစ်မှန်မှန်နဲ့ လုပ်ပါတယ်။ စစ်စစ်မှန်မှန် နဲ့ပဲ ပြပါတယ်။ သေချာ ကျွန်တော့်သမိုင်းကို လေ့လာကြည့်ပါ။ ရှေ့ကိုလည်း လေ့လာပါ။ နောက်ကိုလည်း လေ့လာပါ။ အားလုံးသိပါတယ်။

Voice : ချစ်ကြိုက်ကွဲညား ဇာတ်လမ်းတွေကို ရိုးအီနေတဲ့ ပရိသတ်တွေ အတွက် ဒီကားက ပုံစံသစ်တစ်ခုကို ချပြတာပေါ့။ ဒါပေမဲ့ ပရိသတ်တွေရဲ့ ဝေဖန်မှုအပေါ် ကိုဝင်းထွန်းထွန်း ဘယ်လိုခံစားရလဲ။

WTT : ပရိသတ်က ဘာပဲ ဝေဖန်ဝေဖန်ပါ။ ပရိသတ်ဝေဖန်တာ မခံနိုင်ရင် ကျွန်တော်တို့ အနုပညာရှင်လုပ်လို့ မရပါဘူး။ အိမ်ကထွက်လာတာနဲ့ ကျွန်တော်ချစ်တဲ့ ပရိသတ်ကို မေတ္တာပို့ပြီး ထွက်လာတာ။ စော်ကားဖို့ဆိုတာ လုံးဝအစီအစဉ် မရှိဘူး။ ဒီဇာတ်ကားကို ဖန်တီးတာကလည်း ပရိသတ် အမြဲတမ်း ဒါကြီးပဲ ခေါက်ရိုးကျိုး နေတဲ့အထဲမှာ မနေရအောင် အသစ်တစ်ခု ကို ဖန်တီးတာပါ။

ဖန်တီးတယ်ဆိုတဲ့နေရာမှာ ပရိသတ် ကြိုက်ရင်လည်း ကြိုက်မယ်။ မကြိုက်ရင် လည်း မကြိုက်ဘူးဆိုတာ အစကတည်းက တွေးပြီးသား။ ပရိသတ်ကြိုက်အောင် ငါ ဒရမ်မာပိုင်တာပဲ။ ဒရမ်မာရိုက်ရင် ပရိသတ် ကြိုက်မှာပဲဆိုပြီး ရိုက်နေလို့ မရဘူး။ ကျွန်တော်တို့က ပရိသတ်တွေအတွက်
နောက်ထပ်အသစ် ဘာလုပ်ပေးရမလဲ။ အနုပညာသမား ဆိုတာ ပရိသတ်ကို အသစ် အဆန်းတွေ အမြဲချကျွေးနေရတာပေါ့။ လောကကြီး
ထဲမှာ အသစ်တွေပေးဖို့ အတွက် ကျွန်တော်တို့ အနုပညာသမား ဖြစ်လာ
တာပါ။

လူတိုင်းက အရမ်းသာ ပြောနေကြ တာပါ။ လက်ရှိ Sky Net နဲ့ MRTV-4 မှာ ပြနေတဲ့ Channel V နဲ့ MTV ဆိုတဲ့ Channel လောက်ပဲကြည့်။ တခြား Channel မကြည့်နဲ့ဦး။ ဒီထက်အများကြီး ဆိုးပါတယ်။ ကျွန်တော်တို့က
ဈေးကွက် ပျက်နေပါတယ်၊ ဗီဒီယိုပျောက်ပါမယ်လို့ ဝိုင်းအော်နေတဲ့ လူတွေ ကြားထဲမှာ ကိုယ်နဲ့ ပြိုင်ဘက်တွေက အလကားပြနေတဲ့ Channel တွေပေါ်
မှာ ရှိနေပါတယ်။ အဲဒီလို မီဒီယာအရ ကြည့်မယ်ဆိုရင် မီဒီယာသမား တွေ
လည်း နားလည်နိုင်ပါတယ်။

ကျွန်တော်တို့မှာ ဈေးကွက်က ပျက်နေတယ်။ Entertainment တွေက ကိုယ့်အိမ်မှာကို ထိုင်ကြည့်လို့ရတဲ့ အနေအထား တွေရှိနေတယ်။ အဲဒီလို ဈေးကွက် ပြိုင်ဆိုင်နေရတဲ့ အနေအထားမျိုးမှာ ဒီလောက်တောင် လုပ်ခွင့်မရှိဘူးဆို မလုပ်ပါဘူး။ ပန်းပဲခြွေမှာပါ။ ကျွန်တော်တို့ ဒါ Create လုပ် တာပါ။ အသစ်တစ်ခုကို ဖြစ်အောင် လုပ်တာပါ။ ကျွန်တော် ရိုးသားစွာ ဝန်ခံပါတယ်။ ပရိသတ်ကို မရိုးမသားနဲ့ ဘယ်တော့မှ ဆွဲမခေါ်ပါဘူး။ ပရိသတ်ဆီက ပိုက်ဆံကို မရိုးသားစွာ လုံးဝမယူပါဘူး။ ကျွန်တော်တို့က မရှိလည်း နေနိုင်တဲ့သူတွေပါ။ ဒါပေမဲ့ စစ်မှန်တဲ့ အနုပညာကိုတော့ ဘယ်လိုပဲ တိုက်ခိုက်၊ တိုက်ခိုက် ကျွန်တော်တို့က နောက်ဆုတ်ပြီး
ခေါင်းငုံ့သွားမှာ မဟုတ်ပါဘူး။ ဆက်ပြီးလုပ်သွားမှာပါ။ ဒီလို Create လုပ်တာကို အရင်ကထက်ပိုပြီး အားပေးလာတဲ့ ပရိသတ် အများကြီး ရှိပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ ဆက်ပြီးဖန်တီး နေဦးမှာပါပဲ။ ပရိသတ်အမြင်မှာ မြန်မာ့ယဉ်ကျေးမှုအရ အမြင်ရိုင်းတယ်ထင်ရင် ဆက်ပြဖို့ အစီအစဉ် မရှိပါဘူး

No comments :

Post a Comment

Blogger Widgets
Back to Top