အများ ပြည်သူအတွက် သက်သာ ချောင်ချိမှု မရှိစေဘဲ ယာဉ်ပိုင်ရှင် လူအနည်းစု ကိုသာ
အကျိုးရှိ စေသဖြင့် မော်တော် ယာဉ်သုံး သဘာဝဓာတ်ငွေ့ (CNG-Compressed)
ဈေးနှုန်းကို ပြင်ဆင် ရောင်းချ သွားမည် ဖြစ်ကြောင်း စွမ်းအင် ဝန်ကြီးဌာနက
ဇွန်လ ၁ ရက်တွင် သတင်းထုတ်ပြန် လိုက်သည်။
ယင်းကဲ့သို့ ပြုလုပ်ရန်
စီစဉ်ခြင်းမှာ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်
အဖွဲ့ရုံးသို့ ယခုနှစ် ဧပြီလတွင် CNG ငှားယာဉ် များကို စက်သုံးဆီ အသုံးပြု
မောင်းနှင်သော အငှားယာဉ်များနှင့် ဈေးနှုန်း တစ်ပြေးညီ သတ်မှတ်ကာ မီတာဖြင့်
ပြေးဆွဲ စေမည်ဆိုပါက ဓာတ်ဆီ၊ ဒီဇယ် ဈေးနှုန်းများ နည်းတူ CNG ဈေးကို
တိုးမြှင့် ရောင်းချသင့်ကြောင်း ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများ
စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့ရုံးသို့ တင်ပြ လာခြင်းကြောင့် ဖြစ်သည်ဟု အဆိုပါ
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အထက်ပါ တင်ပြချက် အတိုင်း ဓာတ်ဆီ၊ ဒီဇယ် ဈေးနှုန်းများ နည်းတူ CNG
ဈေးကို တိုးမြှင့် ရောင်းချခြင်းကို မပြုလုပ် သေးသော်လည်း ပထမ
အဆင့်အနေဖြင့် အငှားယာဉ်များကို ရောင်းချသည့် CNG ဈေးကို သင့်တင့်မျှတသော
ဈေးနှုန်းအဖြစ် ပြင်ဆင် ရောင်းချခြင်းကို မကြာမီစတင် လုပ်ဆောင် သွားမည်
ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ “CNG
နဲ့ဆွဲရတာ အုံနာကြေးက များတယ် ဆိုပေမယ့် ဆီခ သက်သာတယ်၊ ပတ်ဆွဲနိုင်တယ်။
ဈေးမြင့်မယ် ဆိုတာတော့ မဖြစ်သင့်ဘူး။
တကယ်ဆို အားလုံးကို CNG ရအောင် လုပ်ပေးရမှာ။ အဲဒါကမှ တကယ့်အဖြေ” ဟု CNG
အငှား ယာဉ်မောင်း တစ်ဦးက ပြောကြားသည်။ ဈေးနှုန်းသို့ ပြောင်းလဲ
သတ်မှတ်ခြင်းမှ ရရှိသည့် ဝင်ငွေအား နိုင်ငံတော်၏ ပညာရေး၊
ကျန်းမာရေးကဏ္ဍများတွင် သုံးစွဲခြင်း သို့မဟုတ် သဘာဝ ဓာတ်ငွေသုံး လျှပ်စစ်
ဓာတ်အားပေး လုပ်ငန်းများတွင် သုံးစွဲသွားမှသာ အများပြည်သူ ပိုမို
အကျိုးရှိမည် ဖြစ်ကြောင်း ထပ်မံဖော်ပြထားသည်။ CNG ယာဉ်များမှာ
ဈေးမြင့်သကဲ့သို့ ယာဉ်မောင်းများက ငှားရမ်း မောင်းနှင်လျှင်လည်း နေ့စဉ်
(အုံနာကြေး) ကြေး မြင့်မားသဖြင့် ခရီးသည်များကို ဈေးလျှော့ချ ယူနိုင်ခြင်း
မရှိသောကြောင့် အများပြည်သူ များအတွက် အကျိုးထူးခြားမှုမရှိကြောင်း
ရောင်နီဦး အငှာယာဉ် ဝန်ဆောင်မှုကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းကဲ့သို့ ဓာတ်ဆီ၊ ဒီဇယ်ဆီဈေးနှုန်း များနှင့် CNG ဈေးများ
ကွာဟမှုကြောင့် မီတာစနစ် အသုံးပြုနိုင်ခြင်း မရှိသေးကြောင်း၊
နိုင်ငံတကာတွင်လည်း CNG ဈေးမှာ သက်သာသောကြောင့် ဈေးကွာဟ ချက်ကို
ညှိနှိုင်းနိုင်မည်မဟုတ်သဖြင့် အငှားယာဉ်များ အားလုံးကို CNG ပေးနိုင်မှ
သာလျှင် ပြဿနာများ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။

No comments :
Post a Comment