Blogger Widgets

Monday 3 June 2013

ဒလမြို့ တော်ကြီး စီမံကိန်း

ကျနော် ဒီဆောင်းပါးကို အကြမ်းဖျင်းသဘောသာ ရေးနိုင်ပါတော့တယ်။ ၁၉၉၄-ခုနစ်က စီမံကိန်း စာအုပ် ကျနော်လက်ထဲ ခနသာကြည့်ရတာပါ။ ပေးမထားတော့ ကျနော်လဲ တစ်ရက်ငါ့လဲ တအုပ်လောက်တော့ ပေးထားမယ် ထင်ခဲ့တာပါ။ ဒီလိုမှန်းသိရင် တအုပ်လောက် ရအောင်တောင်းယူ ထားမိပါတယ်။ သူတို့တတွေကတော့ ဘာစီမံကိန်းဘဲ ရေးရေး စံနစ်ဇယားကျကျနနနဲ့ ရေးဆွဲပြီးမှ စကား ပြောတတ်ကြတာပါ။ ကျနော်တို့ မြန်မာတွေမှာ အဲဒီလို အလေ့အထ လေးများရှိလာကြရင် သိပ်ကောင်းပါမယ်။ စီမံကိန်းတခုကို ကျကျနန ရေးဆွဲတာမျိုးလေးကိုက အသိပညာ အတတ်ပညာကို တိုးစေမယ်လို့ ယူဆမိပါတယ်။
အသေးစိတ် မသိပေမဲ့ ယေဘူယျတော့ သိထားတာ ခေါင်းထဲ ကျန်တာလေးတွေ ရေးချပြပါမယ်။  ဒလမြို့တော် စီမံကိန်းကို မ.ဆ.လ.ခေတ်ကလဲ စိတ်ကူးခဲ့ပါတယ်။ ဘတ်ဂျက်လဲ မရှိ တခါလုပ်ပြန် ရင်လဲ စီးပွားရေးက ဘာမှ ဟုတ်တိပတ်တိ ရှိတဲ့ခေတ် မဟုတ်တော့ အကောင်အထည် မဖေါ်နိုင်သလို ဖေါ်ပြန်ရင်လဲ အကျိုး သိပ်ရှိနိုင်မယ် မထင်ခဲ့ပုံ ရပါတယ်။ ဘာစီးပွားရေးမှ မရှိတဲ့ခေတ်လေ။ မလုပ်ဖြစ်ခဲ့တာ ပိုကောင်းမယ်။ လုပ်ခဲ့ရင် ကားနှစ်စီးပဲ သွားလို့ ရတဲ့ တံတားဖြစ်နေ လို့ပါ။
ဒလမြို့တော်ကြီးလို့ သုံးစွဲလိုက်ရတာက ဒလမြို့တော်ကြီး တည်လိုက်ရင် မြို့ကြီးဟာ နေ့မွေးညကြီး ဆိုသလို ချက်ချင်းကြီး ဧရာမမြို့တော်ကြီး ဖြစ်သွားမှာမို့ပါ။ ရန်ကုန်ကို မြို့တော်လို့ ဆက်သုံးမလားရတယ်။ ရန်ကုန်ကို မြို့တော် ဆက်သုံးနေသေးရင် ဒလကို ဒလမြို့တော်ကြီး ပြောယူရအောင်ကို ကြီးသွားပါမယ်။
 
ဒလမြို့အကြောင်း မရေးခင် ဘာလို့ ရန်ကုန်ကနေမြို့တော် ရွှေ့ဖို့လိုတယ် ဆိုတာကို ရေးရန် လိုအပ်နေပါတယ်။ အင်္ဂလိပ်တို့ဟာ ရန်ကုန်မြို့တော်ကို- ၁၈၅၂-နစ် အင်္ဂလိပ်မြန်မာ- ဒုတိယစစ် အပြီးမှာ ယာယီမြို့တော် တည်ခဲ့ပြီး နောက်မကြာမှီ မြို့စီမံကိန်းကို အကောင်အထည် ဖေါ်ခဲ့ပါတယ်။ အဲဒီအချိန်က ဆောက်ခဲ့တာ ဆိုတော့ ကားလည်း မပေါ်သေးတော့ မြင်းရထား သွားဖို့ အတွက်သာ စီမံကိန်းချ ဆောက်ခဲ့တော့ သိမ်ဖြူလမ်း အနောက်ဘက်ခြမ်း မြို့တွင်းပိုင်း လမ်းတွေဟာ (ဥပမာ-လမ်း၃၀) အကျယ်က ပေ-၃၀ ဘဲရှိပါတယ်။ သိမ်ဖြူလမ်း အရှေ့ ခြမ်းက ဒုတိယ စီမံကိန်း ဆိုတော့ လမ်းအကျယ်က ပေ-၅၀ ဖြစ်နေတာပါ။ တနည်းပြောရရင် ရန်ကုန်မြို့တော်ရဲ့  စီမံချက်က ၁၈၈၅- မှာတင် ခေတ်မမှီတော့ဘူး သုံးသပ်လို့ပါပြီ။ လွန်ခဲ့တဲ့ နစ်တရာကျော်ကိုက ကျဉ်းနေပြီ သေးနေပြီ ဆိုတာ ရှင်းနေပါပြီ။ တခါ အင်္ဂလိပ် စီမံချက်က မြို့တော်နှစ်ခုလုံးကို လူဦးရေ-နှစ်သိန်း အများဆုံး.၄-သိန်းအတွက် တွက်ဆပြီး တည်ဆောက်ခဲ့ တာပါ။ အခုတော့ သန်းနဲ့ချီပြီး နေထိုင် နေကြတော့ မြေအောက် ရေသန့်ပိုက် လိုင်းတွေ မိလ္လာ ပိုက်လိုင်းတွေက အဒီတုန်းက ပမာဏသာ ရှိနေတာက တချက် ဟောင်းနွမ်း ဆွေးမြေ့ နေတာက တချက်ကြောင့် မကြာခန မိလ္လာ ပိုက်တွေပေါက် ရေဆိုးတွေ လမ်းပေါ်လျှံတက်နေတာ မြို့တခုရဲ့ ဂုဏ်သိက္ခာကို အလွန်ရုပ်ဆိုး စေပါတယ်။
ပြုပြင်ရအောင်ကလဲ အသစ်လုပ် ရတာထက် ပိုမိုကုန်ကျ တဲ့အပြင် လုပ်ဖို့နေရာပါ အခက်အခဲ ရှိနေပါတယ်။  လုပ်နိုင်ရင်တောင် လမ်းတွေရဲ့ အနေအထားနဲ့ ယနေ့ မော်တော်ကား စီးရေနဲ့ မကြာမှီ ဘန်ကောက်ထက် ဆိုးဝါးသော လမ်းပိတ်ဆို့ မှုကြီးတွေ ပေါ်လာပြီး လူလုပ်အား ဆုံးရှုံးမှုကြီး ကြုံရပါမယ်။ ကားပေါ်မှာ ငါးပိသိပ် ငါးချဉ်သိပ် မွန်းကျပ်မှု စိတ်ဖိစီးမှု တွေ အချိန်ဆုံးရှုံးရမှုကို တွက်ဆတတ်သူတွေ (ပညာရှင်တွေ) သိကြပါတယ်။ အလွန်ပူပင်ဘွယ် ကောင်းသော အနုတ်လက္ခဏာ ကြီးဖြစ်လာရင် တိုင်းပြည်စီးပွားရေး နှောင့်နှေးပြီး ပျက်သွားတဲ့အထိ တာဆူသွားနိုင် ပါတယ်။
တခါ ရန်ကုန်မြို့ မှာ တိုးတက်လာသော လူဦးရေနင့် ကိုက်ညီအောင် အိုးအိမ်ဆောက်လုပ်ရန် မြေနေရာက ကျဉ်းလေတော့ အိမ်ဈေးတွေက မတရား မတန်တဆ ခေါင်ခိုက်နေခြင်းက အရင်းအနှိးထဲက ဖဲ့ပေးနေရတော့ ကုန်ထုတ်မှုရဲ့ ကုန်ကျစားရိတ်ကို ပိုမိုသွားစေပါတယ်။ ကုန်ပစ္စည်းတခု ထုတ်လုပ်မှုမှာ စားရိတ်များနေလေ ယှဉ်ပြိုင်နိုင်စွမ်း နည်းသွားလေပါ။ အဲဒီလို အိုးအိမ်မြေဈေးက ကုန်ထုတ်လုပ်မှုကို ၀န်ပိနေစေချိန်မှာ လမ်းတွေမှာ ယဉ်ကျောပိတ်ဆို့မှု ထပ်ပါလာရင် တွက်သာကြည့်ပါတော့။ တခါ အခုစက်မှုဇုံတွေကို ၁၉၉၄-ခုနစ်က စတင်ချပေးခဲ့တာပါ  တဖြေးဖြေးနဲ့ ကုန်တင်ပို့ရာ သင်္ဘောဆိပ်ကမ်းနဲ့ ဝေးတဲ့မြို့နယ်တွေကို တစတစရောက်လာတော့ ကုန်ပစ္စည်း သယ်ယူခဟာလဲ ထပ်ဖိဦးမယ်၊ တက်ဦးမယ်ဆိုရင် နိုင်ငံတကာနဲ့ ကုန်လုပ်လုပ်မှု စားရိတ်က မယှဉ်နိုင်ရင် ကျနော်တို့ ရဲ့ စီးပွားရေးက နောက်ကျကျန် ခဲ့ပါမယ်။ ကုန်ထုတ်လုပ်သူ အလုပ်သမားများဟာလဲ စက်မှုဇုံတွေနဲ့ အလွန်ဝေးကွာသော အရပ်တွေကနေ ကားကို ခက်ခဲကြပ်တည်းစွာ စီးပြီး သွားလာနေရတာ သူ့တို့အတွက် အချိန်လဲကုန် (လုပ်အားချိန် အလေအလွှင့် ဖြစ်တာပါ) လမ်းစားရိတ်ကလဲ ပိုမိုကုန်ကျ လူကကားစီး ရတဲ့ဒါဏ်ကြောင့် ပင်ပန်းနွမ်းနယ် နေတော့ ကုန်ထုတ်လုပ်ရာမှာ စွမ်းရည်အတော် ကျဆင်းနေသူ ဖြစ်နေပါပြီ။ အနောက် နိုင်ငံကြီးတွေမှာဆို အလုပ်သမားများ  စိတ်ဖိစီးမှု မည်သည့်အတွက် ဖြစ်တယ်ကို အမြဲတမ်း သုသေသနပြု အစိုးရက ဖြေရှင်းပေးနေတာ ကုန်ထုန်လုပ်မှုကို မည်မျှကျဆင်းစေတယ် စသည့် တွက်ကိန်း ဂဏန်းများနဲ့ အမြဲ တွက်ချက် နေကြတာပါ။ အဲဒီလောက်အထိ အရေးကြီးတာပါ။
မြန်မာနိုင်ငံဟာ အာရှမှာ လုပ်အားခ အနည်းဆုံး တိုင်းပြည်ဆိုတာ အားလုံးသိ ကြပါတယ်။ ဒီလိုနည်းတာကို နိုင်ငံခြား အရင်းအနှီးတွေ ၀င်မလာတာဟာ အစိုးရအပေါ် မူတည်နေတာထက် မလိုအပ်ဘဲ အပိုကုန်နေတဲ့ စားရိတ်တွေကို လျှော့မချနိုင်တာက အဓိက ဖြစ်နေပါတယ်။ မြန်မာနိုင်ငံကို ရင်းနှီးးမှုတွေ ၀င်လာဖို့ ရေခံမြေခံ အကောင်းဆုံး နေရာကတော့ ဒလ ဘဲဖြစ်ပါတော့တယ်။ တခြားယှဉ် စဉ်းစားစရာ နထ္ထိပါဘဲဗျာ။ မကြာခင် ဒလသားတွေရဲ့ အိမ်မြေဈေးတွေ အဆ နှစ်ဆကနေ အဆ ငါးဆယ်လောက် ထိုးတက်သွားမည်ဟု ပြောနိုင်ပါတယ်။ နေရာပေါ် မူတည်ပြီးပေါ့လေ။ ဒါအနိမ့်ဆုံး ခန့်မှန်းထားတာပါ။ အဲဒီလိုဘဲ ရန်ကုန်မြေဈေးဟာလဲ ငါးဆ ကနေ အဆ နှစ်ဆလောက် ထိုးကျသွားနိုင်ပါတယ်။ ဘာဖြစ်လို့လဲ ရှင်းရှင်းလေးပါ။ အခုလှိုင်သာယာတို့၊ ရွှေပြည်သာတို့က စက်ရုံတွေ ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်ဖို့က ဒလ ဘက်က အဲဒီလောက်ကို သက်ရောက်မှု ကြီးမားပါမယ်။ ဒလကို နိုင်ငံတော်က ပညာရှင်တွေနဲ့ အသေအချာ စီမံကိန်းရေးဆွဲပြီး စံနစ်ဇယား ရှိရှိ အကောင်အထည်ဖေါ်ရပါမယ် ။  
ဥပမာ ဖို့ဒ်ကား ကုမ္မဏီကြီးမှာ ၁၉၇၄ -လောက် ကုမ္ပဏီရဲ့ ဥက္ကဌ အိုင်ယာကော့ကာ (Lee Iacocca) ဆိုတာ အီတာလျှံ စစ်စလီကျွန်းသားက နောင်လာမဲ့ ၁၀- နှစ် ၁၅-နှစ်မှာ လူတွေက ပိုမိုချမ်းသာလာမယ်။ သားသမိးတွေ နည်းနည်းဘဲ ယူလာတော့ ဒီချမ်းသာတဲ့ သားသမိးလေးတွေ လမ်းပေါ်ထွက်နေကြမယ်။ အဲဒီမှာ အခုခေတ်စားနေတဲ့ နှစ်ယောက်စီး ပြိုင်ကား ဆန်ဆန်လေးတွေ ထုတ်ဖို့ ကြိုတင်တွက်ဆပြီး ပုံစံတွေ ထုတ်လုပ်ပါတယ်။ သူက တော်လွန်းတော့ ဥက္ကဌ ကို ဖိုဒ့် ကုမ္ပဏီပိုင်ရှင် (နာယ) chairman မစ္စတာဖို့ဒ် ထက်ပိုမို ထင်ပေါ်လာတာတော့ ဟိုက သူတင်ပြတာတွေကို လက်မခံတော့ဘူး။ နောက်သူ့ကို စစ်စလီကျွန်းက မားဖီးယားဂိုဏ်းသာ တွေနဲ့ ပတ်သက်တယ် သတင်းလွှင့် ထုတ်ပစ် လိုက်တယ်။ အဲဒီအချိန် ဂျပန်က ကားတွေက အမေရိကန်ဈေးကွက် မတရား ထိုးဖေါက်လာတော့ အမေရိကန်ကား ကုမ္မဏီတွေ အရှုံးပေးနေပြီး ခရိုက်စလာ ကုမ္ပဏီဟာ ဒေ၀ါလီ ခံရခါနီး နေပါတယ်။ ခရိုက်စလာက နာယကက အိုင်ယာကော့ကာကို ခိုးပြေးတွေ့ တခါထဲ ဥက္ကဌ ပေးတာ မယူဘူး။ ကျုပ်တို့ က အချိန်ကုန်ခံ စဉ်းစား စီမံကိန်းတွေဆွဲ ခင်ဗျားတို့ ချယ်ယာမင် တွေက ပုတ်ချ။ ကျုပ်ကို ခန့်ချင်ရင် နာယက ဆိုရင် လက်ခံမယ်ပေါ့။ ဟိုကလဲ နာယကက ခန့်ခွင့် မရှိတော့ ဒီလိုလုပ်ဗျာ...ခင်ဗျား အံဆွဲကို သေသေချာချာ သော့ခတ်ထား။ ကျုပ်အမြဲတမ်း လက်မှတ်ထိုးပြီးသား ၁၉- ရွက် အမြဲတမ်း ဖြည့်ထားပေးမယ်ဗျာ အထိပြောပြီး ရအောင်ခန့် လိုက်ပါတယ်။ သူက ဖို့ဒ်မှာ သူဆွဲထားတဲ့ ပုံစံတွေကို တခါထဲ ထုတ်လိုက်တာ ဒေ၀ါလီ ခံလုနီးနီး ခရိုက်စလာဟာ ဖို့ဒ်ကို ၂နှစ်အတွင်း ကျော်တက် သွားပါတော့တယ်။ စီမံကိန်း ဆိုတာ ရှေ့လာမယ့် ၁၀-နှစ်၊ နှစ်၂၀- မှာ လူဦးရေ ဘယ်လောက် တိုးလာရင် ဘာတွေလိုလာမယ်..။ ဘာတွေပြသနာ တက်လာမယ်.. အဲဒီလိုဆွဲရတာ။
အထက်ကပြောတဲ့ အိုင်ယာကော့ကာဆိုတာ အမေရိကန်သမိုင်းမှာ သက်တမ်း ၂၃၅ နှစ်အတွင်း လွှတ်တော်နှစ်ရပ်ပေါင်းမှာ သာမန်အရပ်သား တစ်ဦးအနေနဲ့ မိန့်ခွန်းပြောခွင့် မပြုထားပါဘူး။ သူက နှစ်ကြိမ်တိတိ သမ္မတတွေ သတင်းထောက်တွေ အားလုံးက တောင်းဆိုလို့ နှစ်ကြိမ်ပြောခွင့် ရခဲ့သူပါ။ ကနေ့လူငယ်လေးတွေ သူ့အကြောင်း ဖတ်သင့်ပါတယ်။ ၁၉၈၃-မှာ အမေရိကန်ပြည်ထောင်စုကြီး စီးပွားရေး ပျက်ကပ်ကြုံလု ဆည်းဆည်းကို ကာကွယ်ပေးလိုက်သူပါ။  ဒုတိယအကြိမ် ပြောကြားခဲ့ရတာက တပြည်လုံးက သူ့ကိုသမ္မတ လုပ်ဖို့အကြိမ်ကြိမ် ၀ိုင်းတောင်းဆိုနေကြလို့  သမ္မတကြီးရီဂင်က လွှတ်တော်ကို ပန်ကြားပြီး အမတ်တွေ ထောက်ခံမှုနဲ့ ကျနော်နိုင်ငံအရေး နားမလည်ပါဘူး ကျနော်လဲ ပင်ပန်းလှပြီမို့ နားပါရစေတော့ မိန့် ခွန်းကြီးပါ။ ယနေ့လူငယ်လေးတွေ ဖတ်စေချင်လို့ အကျယ်ရေးပြနေရတာပါ။
စိမံကိန်းဆိုတာ နိုင်ငံအုပ်ချုပ်သူတွေ သိကြပါခင်ဗျာ။ စိတ်ထဲထင်တာနဲ့ ကောက်လုပ်တာ မဟုတ်ပါဘူးခင်ဗျာ။ အိမ်တအိမ်ဆောက်ရင် နောင်အနှစ် နှစ်ဆယ်လောက်မှာ သားသမီးတွေ မြေးတွေ များ ရလာရင် တွက်ဆ ဆောက်သလိုပေါ့ဗျာ။ ဒါကတော့စိတ်နဲ့ တွက်ဆ တာပါ။ စိမံကိန်းဆိုတာ စံနစ်တကျ  တွက်ချက်ပြီး ဒီလိုလုပ်ထားရမယ်ဆိုပြီး ကြိုလုပ်ထားရတာပါ။ အခုသိရသလောက် စီမံကိန်း ဌာနဆိုတာ ချောင်ထိုးထား ခံရတဲ့ ဌာနဖြစ်နေတာက စီမံကိန်းကို ဘယ်လောက် မသိကြဘူးဆိုတာ သက်သေပါဘဲ။
အဲဒီတော့ ဒလ စိမံကိန်းကို ဆက်ပါမယ်။ ဒလကို အဓိ့က ပြောင်းရတဲ့ ရည်ရွယ်ချက်တွေက အများကြီး။  အဲဒီ့ ရည်ရွယ်ချက်တွေကို အရေးကြီးမှု တွေနဲ့ ပိုင်းခြားကြည့်တတ်ဖို့ လိုပါတယ်။ ကျနော်တို့တတွေ အလုပ်တခုကို ဆုံးဖြတ်ရင် အောက်ကအချက် ငါးချက်နဲ့ ချိန်ထိုးတတ်တဲ့အလေ့အထလေး လုပ်စေချင်ပါတယ်။ ဒါကျနော်ကိုယ့်စိတ်ကူးလေးနဲ့ လုပ်ထားတာပါ။ စီးပွားရေးပညာရှင်တွေ လုပ်ခဲ့ရင် ပိုကောင်းမယ် ထင်ပါတယ်။
(၁) ESSENTIAL / VITAL မရှိမဖြစ် သေရေးရှင်ရေးလောက် အရေးကြီးတဲ့ ကိစ္စများ..
(၂) NECESSARY / IMPORTANT အရေးကြီးသော / အလွန်အသုံးလိုသော..
(၃) USEFUL အသုံးဝင်သော
(၄) USELESS အသုံးမလိုသော / အပိုစာသား
(၅) HARMFUL အန္တာရယ်ရှိသော
အဲဒီလိုငါးခုခွဲခြားပြီး စဉ်းစားတာ လေ့ကျင့်ထားရင် ကောင်းပါတယ်။ တခုချင်းပြန် အကြမ်းဖျင်း ရှင်းပြချင်ပါတယ်။ ဒီလိုရှင်းပြရာမှာ ကာလ၊ံ ဒေသံ၊ အဂံပေါ့.. တဦးနဲ့ တဦး ပင်ကိုအခြေခံ သဘာဝ အခြေအနေ အချိန်အခါအရ ကွာခြားနေပါမယ်။ လူတစ်ဦးနဲ့ တစ်ဦးမတူတာကော.. လူတစ်ဦးမှာကိုဘဲ အခြေအနေအရ လိုအပ်ချက်တွေက မတူဘူးလေ။ အမြဲပြောင်းနေပါမယ်။ ပုံသေကားချပ်တော့ ချလို့မရသလို တချို့လိုအပ်ချက်တွေက ပုံသေကားချပ်ချလို့ ရပါတယ်။
ဥပမာ ESSENTIAL / VITAL ဒီနေရာ မှာ Vital ဆိုတာ သူမရှိရင်သေမယ်။ Essentialလဲ မရှိလို့ကို မရတာ။ ဥပမာလူတစ်ဦးကို အခြေခံစဉ်းစားမယ်ဆိုရင် လူမှာ (၁) အရေပြား မရှိလို့မရဘူး ဒီလိုဘဲ ဦးနှောက်၊ အသဲ၊ နှလုံးနှင့် သွေးကြော၊ အဆုပ် စတာတွေအများကြီးပါ။ ဒါတွေမရှိရင် သေကို သေသွားနိုင်တဲ့အထိ အရေးပါတာတွေကို ခေါ်တာပါ။ မျက်စေ့တို့ ခြေတို့လက်တို့ မပါရင် ရသေးတယ်။ တိုင်းပြည်တခု အနေကြည့်ရင် နယ်မြေ / လူဦးရေ / စစ်တပ် / စီးပွားရေး အဆောက်အအုံ စတာတွေ ပေါ့ဗျာ။ လယ်ယာ စိုက်ပျိုးစရာမရှိ အခုခေတ်ဆို စင်ကာပူ၊ ဘရူနိုင်းစတာတွေ လယ်ယာမြေ မရှိပါဘူး။ အရင်ကဆိုရင်တော့ လယ်ယာမြေရှိမှ ရတာပါ။ ရှေးခေတ်ကတော့ လယ်ယာမြေကောင်း ပိုင်ဆိုင်ရေးက နံပတ်တစ်ပါ။အိမ်ထောင်တခုမှာလဲ အလုပ်အကိုင် (၀င်ငွေပေါ့) နေစရာ ၀တ်စရာ မရှိလို့ကိုမရတာ စား/၀တ်/ နေရေးပေါ့။ ပညာသင်ကြားရေးတို့က အရေးကြီးတာပေါ့။
 
ယခုဒလမြို့တော် စီမံကိန်းအား တရုတ်နဲ့ ပူပေါင်းလုပ်ဆောင်မယ်လို့ သတင်းထွက်နေတဲ့ စီမံကိန်းပြပုံစံ..

ပထမ အပိုင်းမှာ Essential / Vital ကိုပြောခဲ့ပါတယ်။ အခြေအနေ နေရာဒေသ ကာလကိုလိုက် အမြဲတမ်း ပြောင်းနေပါမယ်။ ဥပမာ လူတစ်ယောက်ဟာ နေကောင်းနေစဉ် အလုပ်တွေ ခိုင်မြဲရေး တိုးတက်ရေးက အရေးကြီးနေသလို သူနေမကောင်းတော့ဘူးဆိုရင် အသက်ရှင်ရေးအတွက် အဲဒီအချိန် မှာ Vital ကိစ္စက မနေ့ကနဲ့ မတူပြောင်းသွားပါပြီ။ အိမ်ရောင်းပြီး ဆေးကုချင်ကုရပါမယ်။ အိမ်က အရေးမကြီးဘူး လူအသက်ရှင်ဖို့က နံပါတ်တစ်။ လူအသက်ရှင်ရင် ပြန်ရှာင်နိုင်တယ်။ အထက်က Essentialမှာ အခုဆို ပစ္စဖိတ်ပင်လယ်က Kiribati ကျွန်းစုံဆိုရင် သူတို့အတွက် သေရေးရှင်ရေးက ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုကြောင့် ကျွန်းတခုလုံး ပျောက်ကွယ်ပါတော့မဲ့ အရေးပါဘဲ။ သူတို့အတွက်က တကယ့် သေရေးရှင်ရေးက ကမ္ဘာကြီးပူနွေးမှု ဟန့်တားရေးပါ။ အဲဒီလိုကာလ ဒေသ အချိန်အခါ အလိုက်ပြောင်း နေပါမယ်။ တချိန်ကတော့ သူတို့လဲ တိုးရစ်တွေလာရေးက ပထမပေါ့။
အဲဒီလိုဘဲ ဒလဘက် ပြောင်းတော့ ပင်လယ်ရေ မျက်နာပြင် မြင့်တက်မယ့် အကျိုးဆက် ကို ဒလဘက်ကမ်းမှာ တွက်ချက်ထားရန် လိုနေပါတယ်။ ဒလ မြေအနေအထားက နိမ့်နေတယ်။ ဒါပေမဲ့ ဒါကပြုပြင်ယူလို့ ရပါတယ်။ ဆောက်လုပ်ရေးတွေလုပ်ရင်း ထွက်လာမဲ့မြေတွေ ပင်လယ်ပေါက် သောင်တွေကို ရှင်းရင်ရလာမယ့် သဲတွေ အများကြီး ရှိပါတယ်။ စီမံကိန်းမှာ တွက်ချက်ထားဖို့ လိုတာကိုထောက်ပြတာပါ။ ကြောက်နေစရာမလိုပါဘူး။
နိုင်ငံတခုမှာလဲ Vital/ essential ကအချိန်နဲ့အမျှ ပြောင်းနေတာဘဲ။ဒီလိုပါဘဲ နံပတ်(၂) Necessary ကိုသုံးသပ်ပြရရင်.. သူက မရှိရင်သေတဲ့ အထိတော့မဖြစ်ဘူး။ မရှိရင် အခက်အခဲတွေ ရှိနေမယ်။ ပုံမှန်ကတော့ ရှိသင့်တဲ့အရာပေါ့။ လူတစ်ဦးကို ကြည့်ရင် ခြေ/ လက်/ မျက်စေ့/ သွား စတာတွေ မပါဘူးဆိုရင် အသက်သေတဲ့ အထိတော့ မဖြစ်နိုင်ပေမယ့် ကိုယ်ခြေတောက်ပေါ် ကိုယ်ရပ်တည်ဖို့ ခက်သွားပါပြီ။ သူများ အကူအညီ လိုနေပါပြီ။
နိုင်ငံတခုအနေနဲ့ ကြည့်ရင် ပညာရေး ကျန်းမာရေး အခြေခံ လူမှုအဆောက်အအုံ (Infrastructure)  တွေ မီးသတ် ရဲလုံခြုံရေး လမ်းပန်းဆက်သွယ်ရေး (မော်တော်ကား၊ မီးရထား၊ သင်္ဘောလေယာဉ်) မှန်ကန်သင့်မျှတဲ့ ရာသီဥတု။ ဆက်သွယ်ရေး ဖုံး/လျှပ်စစ် (လျှပ်စစ်က မရှိမဖြစ်ထဲကိုလဲ သတ်မှတ်လို့ ရပါသေးတယ်) အမေရိကန်လို နိုင်ငံကြီးတွေမှာ မီးက ပထမအုပ်စုမှာ ပါထားပါတယ်။ ကောင်းမွန်ခိုင်မာတဲ့ စီးပွားရေး အဆောက်အအုံ တကယ်တော့ စီးပွားရေးအဆောက်အအုံက တချို့နိုင်ငံကြီးတွေအတွက် မရှိမဖြစ်ထဲ ထဲ့ထားရပါမယ်။ ဥပမာအမေရိကန် တို့မှာ စီးပွားရေး မခိုင်မာရင် တိုင်းပြည်မှာ သေခြာပေါက် ဒုက္ခရောက်သွားပါမယ်။
မိသားစုတခုမှာ ဆိုရင် စီပွားရေး (အလုပ်အကိုင်နှင့် ၀င်ငွေ)နဲ့ ပညာရေး ကျန်းမာရေး၊ ကား၊ တယ်လီဖုံး စတာတွေဟာ လိုအပ်မှုကြီးသော အရာများဖြစ်ပါတယ်။ ပတ်ဝန်းကျင်ကောင်း စတာတွေဟာ အရေးကြီးသော အရာများဖြစ်ပါတယ်။
(၃) Useful အသုံးဝင်သော ဟုရေးလိုပါသည်။ ဥပမာ လူတစ်ယာက်တွင် ဥာဏ်ရည်၊ ထက်မြက်ခြင်း ကာယဗလတောင့်တင်းခြင်း၊ ရုပ်ရည်လှပခြင်း၊ အပေါင်းအသင်း မိတ်ဆွေများခြင်း အပြင် ဘာသာတရား အဆုံးအမများ ရရှိနေခြင်း စတာတွေဟာ အသုံးဝင်သောဟု ပြောလို့ရပါသည်။
နိုင်ငံတခုအနေနှင့်တော့ အားကစားလှုပ်ရှားမှုများ NGO ကဲ့သို့ လူမှုအဖွဲ့အစည်းများ၊ ကြက်ခြေနီ စသည်များ။ ဟော်တယ်ကြီးများ မင်္ဂလာခန်းမကြီးများ၊ အာကစားကွင်းများ၊ ဂီတအဖွဲ့အစည်းများ ရုပ်သေးဇာတ်သဘင်များ ပြောမယ်ဆို ဒီကဏ္ဍမှာ အများကြီးရှိပါတယ်။ တခုက ဥပမာ အ၀တ်အစားဆိုရင် ရိုးရိုးအ၀တ်အစားက အပေါ်က နံပါတ်-၂ -မှာ သတ်မှတ် ပေးထားရပါမယ်။ ခေတ်ပေါ် ဖက်ရှင်တွေ ကျတော့ ဒီကဏ္ဍမှာ ထည့်ထားသင့်သည်ဟု ထင်ပါတယ်။
မိသားစုတခုအနေနှင့်တော့ လေးအေးစက်များ အ၀တ်လျှော်စက်များ၊ တီဗွီ၊ ပန်ကာ၊ အလှအပ အ၀တ်အစားများ ရတနာများ အားကစားပစ္စည်းများ ဆိုဖါထိုင်ခံ ကုလားထိုင် အများကြီးဖြစ်ပါတယ်။ ကားကိုအထက်မှာ ဥပမာ ကုန်ကားဆိုရင် Necessary လိုအပ်သောမှာ ထည့်ထားရပါမယ်။ လူစီးကားလဲ ထည့်ထားလို့ ရပါသေးတယ်။ သို့ပေမယ့် လူစီးကားကို Usefulထဲ ထည့်ထားလဲ ဖြစ်နေပြန်တယ်။ သို့သော်ပြိုင်ကားတွေ အလှစီးကားတွေ ကျတော့ Useless ထဲကိုသာ ထည့်ရပါတော့မယ်။ နိုင်ငံတော်အနေနဲ့ကလဲ အဲဒီလိုကားမျိုးကို အပိုသက်သက် ကားမျိုးမို့ အခွန်အကောက် ပိုများများ ကောက်ရပါမယ်။ အခုမြန်မာနိုင်ငံမှာ အဲဒီကားတွေကို အခွန်လျှော့ပေးထားတယ်လို့ ကြားမိနေတော့ ...မ.ဆ.လ ခေတ်လောက်တောင် စိမံကိန်းမရှိတာ ဖေါ်ပြနေတော့တာပါဘဲ။ မရှိတာလား ဗရမ်းဗတာ ဖြစ်နေတာလား မသိတော့ပါဘူး။
(၄) Useless ဒါတော့ မရှိရင်ကို ဖြစ်နေတဲ့ အရာတွေပါ။ သဘောကတော့ အပိုစားသားတွေပါ။ ဥပမာပေးရရင် မော်တော်ကား တစီးမှာ မရှိရင် မဖြစ်တာကတော့ အင်ဂျင်ဘရိတ်၊ ဘီး စတာတွေ အများကြီးပေါ့။ မရှိလို့ကို မဖြစ်တဲ့ အရာတွေ။ အဲဒီမှာ အပိုတွေဖြစ်တဲ့ အတောင်ပံလိုလို ကားအောက်က အလှအပအကာတွေ စတာတွေဟာ တကယ်တော့ မလိုတဲ့ အပိုသက်သက်တွေပါ။
 
ကြပ်ပြေးနေပြည်တော်မှ ညဘက်ရေပန်းအလှ ပုံဖော်မှုတခု.. 
နိုင်ငံတခုအနေနဲ့ ကြည့်ရင် ဖျော်ရည်တွေ ညကလပ်တွေ ရေပန်းကြီးတွေ
မိသားစုတစ်ခု အနေနဲ့ ကြည့်ရင် အိမ်မှာ အလှဆင် ထားတာတွေ ဖက်ရှင် ဒီဇိုင်းအ၀တ်တွေ အထက်က ပြောခဲ့သလို ပြိုင်ကားတွေ ပါဘဲ။ လူတကိုယ် အနေနဲ့ ကြည့်ရင်လဲ ဈေးကြီး အဝတ်အစား၊ တက်တူး ထိုးတာ မျိုးတွေ ပေါ့လေ။
(၅) Harmful ဒါကတော့ မရှိကိုမရှိသင့်တဲ့ အရာတွေပါ။ ကာကွယ်တားဆီးရမဲ့ အရာတွေပါ။ ဥပမာ အရက်သေစာ၊ ဘီယာ၊ ကွမ်းဆေးလိပ်၊ လောင်းကစား မူးယစ်ဆေးဝါး စတာတွေပါဘဲ။ ပစ္စည်းအပြင် လူတွေရဲ့ စိတ်နေစရိုက်ကို ပျက်စေနိုင်သော ပျော်ပွဲရွှင်ပွဲ မျိုးတွေ အနှိပ်ခန်းတွေ၊ ပြည့်တန်ဆာ လုပ်ငန်းတွေ စတာတွေဟာ မရှိသင့်တဲ့ အရာတွေပ။ ဥပမာ ကိုလိုနီခေတ်နဲ့ လွတ်လပ်ရေး ရစ ခေတ်တွေမှာ ဘိန်းခန်းတွေ ကိုလိုင်စင်ပေးခဲ့ ပေမဲ့အခု မပေးတော့တာ လိုပါဘဲ။ ဒီလိုချိန်ထိုး ကြည့်တတ်တာလေး လေ့ကျင့်ထားကြရင် မိမိအိမ် အရေး မိသားစု အရေး နောက်ဆုံး နိုင်ငံအရေး မှာတောင် ပဓါနနဲ့ သာမည ခွဲခြားတတ် သွားပါမယ်။
 
 ကြပ်ပြေး နေပြည်တော်မှ မြင်ကွင်းတခု
အခု ဒလဘက်ဘာလို့ ပြောင်းရမယ်ဆိုတာကို အထက်က ငါးခုနဲ့ ခွဲခြားလိုက်ရင် ဒလ ဘက်ပြောင်းဖို့ ကနေ့ခတ် အခြေအနေနဲ့ ချိန်ထိုး လိုက်ရရင် နံပတ်နှစ်-Necessary အဆင့်ကိုရောက် နေပါပြီ။ နံပါတ် တစ်အဆင့် အထိကို သတ်မှတ်ရင်လဲ ရနေပါပြီ။ ဒါကတော့ ငြင်းလို့ခုန်လို့ ကောင်းကြမှာပေါ့။ နိုင်ငံတော် အမြင်နဲ့ ကြည့်ရင် တစ်မျိုး အဖြေထွက်နေမယ်။ လူတစ်ဦးအနေနဲ့ ကြည့်ရင် တစ်မျိုး အဖြေထွက်နေပါမယ်။
 
ကြပ်ပြေးက သန်းရွှေ လုံခြုံရေး (လူတစ်ဦး အရေးကိုဘဲ ကွက်ကွက်ကလေးထဲ့ စဉ်းစားထားတာပါ) ဆိုတော့ အခု အစိုးရသစ်မှာ ဒီအတိုင်း မြို့တော်ကို ကြပ်ပြေးထားပြီး ဆက်သွားနေရင် ကမ္ဘာ့စီးပွားရေးမှာ ဆက်လက် ယှဉ်ပြိုင်နိုင်မှု ကျဆင်းမယ်လို့ ပြောရဲပါတယ်။
အထက်က ဒလပြောင်းရေး ပြန်ဆက်ရရင် ကောင်းပြီ ကျပ်ပြေးမှာ အစိုးရရုံးတွေ ထိုင်တာ လွဲနေပြီ ။ အခု အစိုးရသစ် ရင်ဆိုင်နေရပြီ။ အခုပင် အချို့သော ရုံးများကို ရန်ကုန်ပြန်ရွေ့ နေရပါပြီ ။ ဒီလို ရွှေ့ကြတော့ ရွေးကောက်ပွဲ မတိုင်ခင်လေး အစိုးရပိုင် အဆောက်အအုံတွေကို လေလံပြစ် ထားတော့ ဘယ်မှာလဲ ရုံးနေရာ။ ဒီတော့ အစိုးရရုံးတွေ ပြန်ဆောက်ဖို့ ရန်ကုန်မှာ မလွယ်တော့ဘူး။ ရောင်းပြီးသားတွေ ပြန်ဝယ်ရင်လဲ အိမ်ဈေးမြေဈေးက မတရား ထိုးတက် သွားပါမယ်။ ဆောက်ရင်လဲ အခုခေတ် ကြီးမားဖွံ့ ဖြိုးလာတဲ့ စီးပွားရေး ပမာဏနဲ့ ရုံးတွေ မနိုင်ဝန် ဖြစ်နေပါပြီ ။ ဒီအစိုးရ ရုံးတွေကို ဒလဘက် ပြောင်းမှသာ ရနိုင်ပါမယ်...။ ဒါကတစ်ချက်ပါ။ နောက် အထက်ကပြောခဲ့တဲ့ ရန်ကုန်မြို့တော်ကြီးဟာ လွန်ခဲံ့တဲ့ နှစ်ပေါင်း ၁၃၀လောက်က စီမံကိန်း လုံးဝ ခေတ်မမှီ တော့ပါဘူး။ ခေါက်ထားဘဲ အလွယ်ဆုံး ပြောရပါမယ် ။
နောက် စီးပွားရေး ရှုဒေါင့်ကနေပေါ့။ အခုလှိုင်သာယာ ရွှေပြည်သာတွေမှာ လုပ်ငန်းရှင်တွေဟာ အစိုးရ (အိုးအိမ်က ) တိုက်ရိုက်ချ ပေးတာကို ရသူက ခပ်ရှားရှားပါ။ ဒလဘက်မှာ အဲဒီလို မဖြစ်အောင် လုပ်ငန်းရှင်တွေကို တိုက်ရိုက် တင်ဒါခေါ် စံနစ်နဲ့ လုပ်သင့်ပါတယ်။ အဲဒီလို လုပ်ငန်းတွေကို ဒလဘက်ရွှေ့ နိုင်ရင် ကောင်းကျိုးက ဒလဘက်မှာ ရန်ကုန်ဆိပ်ကမ်းထက် နက်တဲ့ ဆိပ်ကမ်းတွေ အများကြီး ရလာပါမယ်။ ပင်လယ်ကူး သဘောင်္တွေ အများကြီး တပြိုင်နက် ကပ်နိုင်တဲ့ အတွက် သင်္ဘောတွေ ဆိပ်ကမ်းကနေ ရောက်ပြန်လုပ်နိုင်လေ ၀န်ဆောင်မှုစားရိတ် ကျဆင်းလေပါဘဲ။  သင်္ဘောတွေ ရက်ကြာလေ သင်္ဘောငှားခက တရက်နုံး တက်နေတာပါဘဲ။ သူကခေါက်ရေနဲ့ တွက်တာ မဟုတ်ဘူး။
တခါ ဒလဘက်မှာ စက်ရုံတွေကို ကမ်းနားအနီးမှာ (စက်မှုဇုန်တွေကို) ပေးထားလိုက်ရင် လေကလဲ တိုက်တာကောင်းတော့ လေထုညစ်နွမ်းမှု သက်သာမယ်။ ကုန်ပစ္စည်း သယ်ယူမှု စားရိတ်သက်သာမှုကို ၀န်ထမ်းတွေကို ကမ်းစပ် (စက်ရုံများ) နဲ့မဝေးတဲ့နေရာမှာ အစိုးရနဲ့ လုပ်ငန်းရှင်ပူးတွဲပြီး အိမ်ယာတွေ ဆောက်ပေး၊ သွားလာချိန် သက်သာအောင် စီစဉ်ပေးလိုက်ရင် ကျနော်တို့ နိုင်ငံဟာ ထိုင်းနိုင်ငံက နိုင်းံငံခြားရင်းနီ်းမှုတွေ ကျနော်တို့ဆီကို ရွှေ့လာပါတော့မယ် အသေအချာပါ။ ထိုင်းနိုင်ငံဘက်မှာ လမ်းပိတ်ဆို့မှုကြောင့် လုပ်ငန်းတွေ စားရိတ်တက် နေတာကို ရေကြီးမှုက ဗူးလေးရာ ဖရုံဆင့် ဖြစ်နေပါပြီ။
ကျနော်တို့ဒလ စိမံကိန်းကို မြန်မြန်အကောင်အထည် ဖေါ်နိုင်လေ သူတို့ဆီက အရင်းအနှီးတွေ အမြန်ဝင် လာလေပါဘဲ။ ဒီဒလ စီမံကိန်းလုပ်ဖို့က ဆုံးဖြတ်နေစရာ မလိုတော့ပါဘူး။ မကြိုက်လဲ ဒလ ကြိုက်လဲ ဒလ ရမှာပါဘဲ။ ဆုံးဖြတ်ရမှာက တံတားဘယ်နေရာမှာ ထိုးမယ်။  ဘယ်လောက်အမြင့်ပေါ့။  သွားနိုင်မဲ့ ကားအစိးရေ ရထားလမ်း ပါဝင်နိုင်မှုပေါ့။ အဲဒါအမြန် ဆုံးဖြတ်နိုင်လောက်ပါတယ်။  ဖြစ်နိုင်လျှင် တံတားအပြီးကို မစောင့်ဘဲ လုပ်ငန်းရှင်တွေကို အကွက်အကွင်း ရိုက်ချပေးထား။ လျှပ်စစ်မီိးရရှိရေး စီစဉ်ပေးထားမယ်ဆိုရင် လုပ်ငန်းတွေဟာ တံတားလဲအပြီး ပြိုင်တူပေါ်လာပါမယ်။ တံတားထိုးတော့ ကြည့်မြင်တိုင်ဘက်ကမ်းကို ၀င်/ထွက်နေတဲ့ ပင်လယ်ကူးသင်္ဘောတွေရဲ့ အမြင့်ကို လွတ်အောင် ထဲ့တွက်ရင် တံတားစားရိတ် ပိုမိုကုန်ကျနိုင်သလို တံတားရဲ့ကြံ့ခိုင်မှု အားနည်းစေပါတယ်။  တကယ်တော့ ဒလ ဆိပ်ကမ်းတွေသာ ပေါ်လာရင် လူထုကလဲ ဒလဘက် အများစုရောက်ကုန်ပြီ သင်္ဘော အ၀င်အထွက်ကလဲ ဒလဘက်က ပိုမိုလွယ်ကူ မြန်ဆန်တော့ ကြည့်မြင်တိုင်ဘက် လာစရာ မလိုသလောက် ဖြစ်သွားပါမယ်။
တခါ မြို့တော်ဟာ အချိန်တိုတိုလေး အတွင်းမြိုတော့်ကြီး ဖြစ်လာမှာဆိုတော့ စီမံကိန်းကို သေသေချာချာ တွက်ချက်ပြီး စံနစ်ဇယားရှိရှိ လုပ်ထားရပါမယ်။ မြို့တော်ကို နိုင်ငံတကာ ပညာရှင်တွေဆီက အကြံဥာဏ်ရယူပြီး စီမံကိန်းဇယား ချသင့်ပါတယ်။ ဘန်ကောက်လို ပုံစံ ကူးမလား ဆစ်ဒနီလိုပုံစံ ကူးမလား။ တခြားကောင်းမယ်ထင်တဲ့ မြို့တော်တွေကို နမူနာယူ ကြရမှာပါ။ တကယ်တော့ နိုင်ငံတကာ လေယဉ်ကွင်းကြီးကိုပါ ဒီမှာဘဲ လုပ်ရမှာပါ။
အဲဒီမှာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေနဲ့အတူ လုပ်ငန်းရှင် နိုင်ငံခြားသားတွေ အများအပြား ပါဝင်လာကြပါမယ်။ ဌာနေနိုင်ငံသားတွေကလဲ တစတစ ချမ်းသာလာကြသူတွေ တိုးပွားလာကြမှာ ဆိုတော့ လူတ်တန်းစား၊ လူဂုဏ်တန်ရပ်ကွက်ကြီးတွေ မြို့နယ်လေးတွေကို အကွက်ရိုက် ဖေါ်ဆောင်ထားရပါမယ်။ လမ်းများကိုလဲ မြို့တွင်းလမ်းအပြင် အထူးအမြန်လမ်းကြီးတွေကို မြို့တွင်းထဲမှာကို ကွန်ယက်လို ထဲ့ရေးဆွဲထားရပါမယ်။ ၀န်ထမ်းအိမ်ရာ လူလတ်တမ်းစားအိမ်ရာ လူဂုဏ်တန် အိမ်မြေကွက်တွေကို နေရာတိုင်းတိုင်းမှာ အစီအစဉ်တကျ ရေးဆွဲထားရပါမယ်။ ရန်ကုန်၊ မန္တလေးလို လမ်းတွေမှာ အိမ်ပြွတ်သိပ်နေအောင် လုပ်ရပါဘူး။ ကြားမှာကွက်လပ်တွေ အများကြီး ထားပေးထားရပါမယ်။ ခေတ်မှီမြို့တော်ကြီးတွေလို တချိန်ချိန်မှာ လူနေမှု လိုအပ်ချက်တွေ ပြောင်းလဲလာတဲ့အခါ မြို့လိုအပ်ချက်ကို ဖြည့်စည်းနိုင်ဖို့ စီစဉ်ထားရပါမယ်။ အခုဟာက ရန်ကုန်မှာ မြေကွက်လပ် ဆယ်ပေလောက် လွတ်တာရှိရင်ကို ရောင်းစားတဲ့အထိ အမျှော်အမြင် နည်းပါးသူတွေက တိုင်းပြည် တက်အုပ်ချုပ်သွားတာ တိုင်းပြည်ဘယ်လောက် နာတယ်ဆိုတာ တွက်ကြည့်ပါ။ အဲဒီလိုရောင်းစာလို့ ဈေးရရင်ကိုဘဲ တယ်ဟုတ် လုပ်နေကြသေးတယ်။
ကျနော် ကြည့်လိုက်ရတဲ့ နိုင်ငံခြား ကုမ္မဏီက ရေးဆွဲထားတဲ့ ဒလစီမံကိန်း စာအုပ်ထဲမှာ အင်းယားကန်ထက် ပိုကြီးပြီး ကွေ့ကွေ့ ကောက်ကောက် ရေကန်ကြီး သုံးကန်ပါထားပါတယ်။ ရေတွေကို အထက် ဧရာဝတီမြစ်ကနေ သွယ်ယူပြီး ဖြည့်ထားပါမယ်။ အဲဒီကန်က ရေကို မြို့တော်သုံး လုပ်နေပါမယ်။ သီးသန့်လဲ မြို့တော်သုံးရေတွေ ပါနေပါတယ်။ ကန်ကြီးတွေတူးရာက ထွက်လာတဲ့ မြေတွေနဲ့ ဘေးပတ်လည် တပိုင်းကို တောင်ကမူလေး လုပ်ပြီး သူဌေးရပ်ကွက် လုပ်ထား ပါတယ်။ ကန်ထဲမှာ ရေလွှာလျှောစီး တာတွေပါ ပန်းချီနဲ့ ဆွဲထားပါတယ် ။
တခါ မိလ္လာကလည်း နေ့စဉ်အချိန်နဲ့အမျှ မိလ္လာတွေက ပိုက်တွေနဲ့ မှုတ်ထုတ် စုရပ်တွေ အများကြီး ဆီကို ရောက်သွားပြီး အဲဒီကနေ စုရပ်နှစ်ခုမှာ Recycle ပြန်လုပ်တာ ပါပါတယ်..။ တခါသောက်ရေသန့် ရရှိရေး အားကစားကွင်းတွေ အများကြီး ထားပေးရေး ကျောင်းများမှာလဲ အားကစားကွင်းတွေ ထားရှိရေး အပန်းဖြေ ပန်းခြံပေါင်များစွာ ရပ်ကွက်တိုင်း မြို့နယ်တိုင်းမှာ ရှိနေရပါမယ်။ အဲဒီတော့ မြို့တော်ကြီးဟာ ဒီလို ပန်းခြံကြီးတွေ အားကစားကွင်းကြီးတွေ ပါဝင်နေတော့ အလွန်ကျယ်ပြန့် နေပါမယ်။ အဲဒီအတွက် ခရီးသယ်ပို့ဆောင်ရေးကလဲ အခရာကျနေပါမယ်။
အစိုးရအနေနင့် ဒလမြို့တော်ကို အကောင်အထည် ဖေါ်ရာမှာ တောင်သူလယ်သမားတွေ မနစ်နာအောင် ထိုက်သင့်သော လျှော်ကြေးတွေ ပေးရပါမယ်။ ဒီလိုပေးတာကိုပင် အစိုးရက မြတ်နေပါသေးတယ်။ ဥပမာ လယ်တဧကကို ၁၀-သိန်းပေးလိုက်တယ် ထားပါ။ အစိုးရက အိမ်ကွက်ရိုက်လိုက်ရင် အိမ်ကွက်ကနေ သိန်း ရာချီထောင်ချီ ရနေလို့ပါ။ အထက်မှာ ဒလမြို့တော်ကြီး တိုးချဲ့တဲ့အခါ ဒလဘက်ခြမ်း မြို့နယ် အားလုံး ကော့မှုး/ ကွမ်းခြံကုန်း/ လက်ခုပ်ကုန်း/ ကျိုက်ထော်/ တွံတေး ရှိသမျှ အားလုံး အထိကို တိုးချဲ့ ရပါမယ်ဆိုတော့ လယ်သမားတွေရဲ့ လယ်ယာမြေတွေ ဧကပေါင်း များစွာ အသိမ်းခံရမှာပါ လယ်တစ်ဧကကို ဥပမာ သိန်းနှစ်ဆယ် လျော်ကြေးပေးပါဦး အစိုးရကပြန်ပြီး လူနေအိမ် တိုက်ဆောက်ဖို့ ရာင်းရင်နေရာအလိုက် တစ်ဧကကို သိန်းပေါင်း သောင်းချီရမှာပါ။ မြို့တော်ကြီးဟာ ဒလမှာတင် ကွက်ကွက်လေး တည်မှာမဟုတ်ပါဘူး။ နိုင်ငံတကာ အဆင့်မှီ လေယာဉ်ကွင်းကြီး ဟာလဲ ရန်ကုန်မှာ တည်လို့မရ ပါဘူး။ န.၀.တ.လက်ထက် ဗိုလ်ခင်ညွှန့် လက်ညိုးထိုးခဲ့တဲ့ ပဲခူးဘက်က လေယာဉ်ကွင်းဟာလဲ အလွန်ခရီးလမ်း ဝေးလှပါတယ်။ ဒလဘက်မှာ တည်ဆောက်လိုက်ရင် အလွန်အချက်အခြာ ကျပြီး စီးပွားလည်ပတ်မှုကို အကောင်းဆုံး ပံ့ပိုးမှု (Optimum Efficient) ရစေပါမယ်။ လေယဉ်ပြေးလမ်း နှစ်ခုလုပ်ထားပြီ.. နှစ်များမကြာမှီမှာ နောက်ထပ်ပြေးလမ်း သုံးခု၊ လေးခုအထိ တိုးချဲ့နိုင်ရန် နေရာ ရာထားရန် လိုလာပါမယ်။
ဒလမြို့တော်ကြီး  ဆောက်လိုက်တာနဲ့ ဒလမြို့တော်နဲ့ နယ်ဒေသများရဲ့ ဆက်သွယ်ရေး လမ်းကြောင်းများဟာ ရန်ကုန်နှင့် နယ်ဒေသများ ဆက်သွယ်ရေး လမ်းကြောင်းနဲ့ လုံးဝ ကွဲလွှဲသွားပါမယ်။ ဥပမာပေးရရင် အခု ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသသို့ သွားနေတဲ့ ရေကြောင်း သင်္ဘောလမ်းကြောင်းဟာ အခုလက်ရှိ ရန်ကုန်ကို လာရသလို တိုးမြစ်ကနေ အထက်ပြန်ဆန်ပြီး တွံတေး တူးမြောင်းကို ဖြတ်နေရ တာမျိုး မရှိတော့ဘဲ ကျိုက်ထော် သိုမဟုတ် ကွမ်းခြံကုန်းတို့ဟာ ပြည်တွင်း သင်္ဘော ဆိပ်ကမ်းတွေ ဖြစ်လာပါမယ်။ ရေကြောင်းခရီး သွားရချိန်တွေ ကျုံ့သွားပါမယ်။ သင်္ဘောဆိပ်တွေကလဲ အခုရန်ကုန်မှာလို သင်္ဘောတစ်စီးနဲ့ တစ်စီးထပ်ကပ်ရပ် နေစရာမလိုအောင် သင်္ဘောဆိပ်တွေ အများကြီး ထားလာနိုင်ပါမယ် ။ အဲဒီလို ထားနိုင်ပြီ ဆိုတာနဲ့တင် ကွမ်ဘေယာကြီးတွေနဲ့ (Conveyors) ကုန်အတင်အချ ကရိန်းတွေနဲ့ ကုန်အတင်အချ သင်္ဘော အမျိုးအစားတွေ ပါလုပ်ထားရင် ကုန်ကျစားရိတ် သက်သာမြန်ဆန် လုပ်အားသက်သာတဲ့ နည်းစနစ်တွေနဲ့ ကမ္ဘာကို ရင်ဘောင်တန်း လာနိုင်ပါမယ်။ ဆိပ်ကမ်းရှားပါးလို့ အခု ဝန်ဆောင်မှု ဈေးကြီးတာတွေ လျှော့ချနိုင်ရင် ကုန်ဈေးနှုန်း ကျလာပါမယ်။
အခုကျနော်တို့ သွားနေတဲ့ လုပ်သားနဲ့ ပိုကုန်းရုံးနေတာ ချန်ထားခဲ့ ရပါတော့မယ်။ ဆိပ်ကမ်းရှားပါးမှု ပယ်ဖျက်ရပါမယ်။ မြေပုံထဲမှာ သေသေချာချာကြည့်လိုက်ပါ။ ရန်ကုန်မှာ ပုဂ္ဂလိက လုပ်နိုင်တာ ကြည့်မြင်တိုင်မှာ နေရာကွက်ကွက်ကလေး။ အကောင်ကြီးတွေသာ ပိုင်ဆိုင်ပါတယ်။ ဒလဘက်ဆိုရင် အဲဒီနေရာတွေထက် အဆ ပေါင်း ၅၀-လောက်ကို ဆိပ်ကမ်းတွေ ပေါ်ထွက်လာပါမယ်။ ဒီလိုပါဘဲ ရန်ကုန်မှာ ပင်လယ်ကူး သင်္ဘောက အခုတိုးချဲ့ဖို့ စိတ်ကူးထားတာတောင် ၁၂-စီးခန့်သာ ကပ်နိုင်ပါမယ်။ ဒလဘက်မှာ အစီး-၅၀ ကပ်ချင်လား ရတယ်။ အစီးတရာကပ်ချင်လား ရတယ်။ ပင်လယ်ကမ်းစပ်မှာတင် တံတာကြီး ထိုးကပ်ချင်သေးလား ရတယ်။ တိုးမြစ်ဘက်မှာ ကပ်ချင်သေးလား ရတယ်။ နေရာတွေမှ အများကြီး။ ပြီးတိုးမြစ်က ရေစူးနက်တယ်။ ကြိုက်သလိုချဲ့လို့ ရသွားပါပြီ။ သင်္ဘောဆိပ်နေရာ အတွက်တော့ ရန်ကုန်က ဒလကို ယှဉ်ဖို့ဆိုတာ စိတ်တောင်မကူးနဲ့လို့ ပြောနိုင်တဲ့အထိ ကွာခြားပါတယ်။
သင်္ဘောဆိပ်မှာတင် မယှဉ်နိုင်ရုံမက ခရီးအချိန် ကျုံ့သွားတာလဲ အတော်ကို ကွာခြားသွားပါတယ်။ ဒလဘက်ပြောင်းရင် စီိးပွားရေး အကျိုးသက်ရောက်မှုတွေ ပိုမိုကောင်းမွန် လာတာတွေ့ ကြ ရပါမယ်။ ဥပမာ ဂဏန်း အရှင်တွေ တင်ပို့ရာမှာ ပိုမိုမြန်ဆန်သလို ဂဏန်းမွေးကန်တွေဟာ လေယာဉ်ကွင်းနဲ့ လက်တကမ်းမှာ ရှိနေပါပြီ။ ဧရာဝတီတိုင်းက ငါးတွေဟာ နေ့တ၀က်ဆိုရင် ရန်ကုန်ကို သင်္ဘာနဲ့ ရောက်နေပါပြီ။ တနည်း ဥပမာ ဘိုကလေးကနေ အခုဆိုသင်္ဘောက နေ့လည် ၁၁-နာရီထွက်မှ ရန်ကုန်ကို မနက်ရန်ကုန်ကို ရောက်တာပါ။ သင်္ဘောမောင်းချိန် - ၁၅-နာရီပါ။ ဒလ ဘက်ဆိုရင် ဘိုကလေးကနေ သင်္ဘောလမ်းနဲ့ လာတယ် ဘဲထားပါ။ ညနေ ၇.၀၀-နာရီိလောက်ထွက်ရင်ကို မနက်မလင်းခင် မြို့ တော်ကို ရောက်နေပါပြီ။ သင်္ဘောမောင်းချိန် ..၅-နာရီမက တိုသွားပါမယ်။ ဘိုကလေးမှာ သင်္ဘောပေါ်ကို ကုန်တွေ တနေကုန် တင်ချလို့ ရနေပါတယ်။ ကျိုက်ထော်ရောက်ရင် မြို့တော်ရောက်နေပြီလေ။ ကားလမ်းနဲ့ကတော့ ရွှတ်ဆိုရောက်နေပါပြီ။
လေယဉ်ကွင်းမှာလဲ ယှဉ်ဖို့နေနေသာသာ အခုရန်ကုန်လေယဉ်ကွင်းက ၁၉၇၄-ကပေါ်ခဲ့တဲ့ ဘိုးရင်း-၇၄၇ တွေတောင် မဆင်းနိုင်သေးပါဘူး။ နောက်ပေါ်တဲ့ အဲယားဘတ် ၃၈၀-ဧရာမကြီးမျိုးကတော့ ဝေလာဝေးပါ။ ဒါလဲ ယှဉ်ဖို့စိတ်တောင် မကူးနဲ့ပါဘဲ။ ပြေးလမ်း နှစ်သုံးးခု ဆိုတာလဲ မလုပ်နိုင်ပါဘူး။ ရန်ကုန်လေယဉ်ကွင်းက ၁၉၅၉ နှစ်က တည်ဆောက်ခဲ့တာပါ။ အရှေ့တောင် အာရှမှာ အဲဒီအချိန်က အကြီးဆုံး လေယဉ်ကွင်းကြီးပါ။ ရွှေထီးဆောင်း ခဲ့တဲ့ ခေတ်က လက်ကျန်ပါ။ အခုတော့ အသေးဆုံး အဖြစ် ကျန်ခဲ့ပါတယ်။ တခါ သံလျှင် ဘက်နဲ့က ပထမပိုင်းမှာ ကူးတို့နဲ့ ဆက်သွယ်ပြီး မရှေးမနှောင်းမှာ မြေအောက် လှိုဏ်ခေါင်း ဖေါက်လိုက်ရင် မြို့တော်ရဲ့ အကျယ်အ၀န်းဟာ ဧရာမကြီးကျယ် ပြောင်းလဲ သွားပါပြီ။ သံလျှင်ကနေ လေယာဉ်ကွင်းနဲ့ ဧရာဝတီ သင်္ဘောဆိပ်တွေကို လာရင် နာရီဝက် တစ်နာရီဆို ရောက်နေပါပြီ။ စက်မှုဇုံတွေ တခုနဲ့ တခုက လေယာဉ်ကွင်း သင်္ဘောဆိပ်တွေနဲ့ သွားရတာလွယ်ကူ သက်သာ မြန်ဆန်နေရာမှာ ရန်ကုန်နဲ့ ယှဉ်စရာ မလိုအောင် ကွာခြားသွားပါပြီ။ သန်လျှင်- ဒလ ကူးတို့နဲ့က ရန်ကုန်-ဒလ လိုတော့ လုံခြုံစိတ်ချရမှု နည်းပါတယ်။ လေတိုက်တဲ့ လမ်းကြောင်းကို ကန့်လန့် ဖြတ်ကူးရ တာရယ် ပင်လယ်ပေါက် လေတိုက်နှုန်းက တဒင်္ဂအတွင်း ရုတ်တရက် ပြောင်းတတ် တာတွေက အင်မတန် အန္တရာယ် များပါတယ်။
ဒလဘက်ကို မြန်မြန်ပြောင်းနိုင်လေ နိုင်ငံတကာတိုက်ရိုက် ရင်းနှီိးမြုပ်နှံမှုတွေ (Foreign Direct Investment -FDI)တွေ မြန်မြန်ဝင်လာပါမယ်။ အစိုးရကသာ ပထမဥိးဆုံး ၀င်လာသူတွေကို မြေဧရိယာ ဆိုင်းငံ့ကာလ တခုထားပေးတာမျိုး ဈေးသက်သက်သာသာ ချပေးတာမျိုး Early Bird Incentives တွေကမ်းလှမ်းလိုက်ရင် လာကြပါမယ်။ အစုလိုက်အပြုံလိုက် ၀င်လာကြပါမယ်။ တခါ အမေရိကန်ကလဲ လာမဲ့ ၂၀၁၂ မှာ စီးပွားရေး ပိတ်ဆို့ထားတာ ပြန်ရုတ်သိမ်းရန် တာဆူနေပါပြီ။ ထိုနည်းအတူ ဥရာပကတော့ နောက်နစ်တွေမှာ သက်တမ်း ထပ်တိုးရန် အစီအစဉ်မရှိတော့ လောက်ဖြစ်နေပါပြီ။ ကျနော်တို့ အစိုးရကသာ ပြင်ပြင်ဆင်ဆင် လုပ်ထားဘို့ လိုနေပါပြီ။ အခုဆို ထိုင်းနိုင်ငံက လုပ်ငန်းတွေ မြန်မာဘက်ကို ပြောင်းဖို့ လေ့လာနေကြပါပြီ။ ထိုင်းနိုင်ငံမှာ အခုလို ရာသီဥတု ဖေါက်ပြန်မှုကြောင့် လာမဲ့နှစ်တွေမှာ ရေထပ်ကြီး နိုင်ချေတွေ များနေတာ တချက် ထိုင်းနိုင်ငံမှာ နိုင်ငံရေး နစ်ခြမ်းကွဲ နေတာနဲ့ ဂယက်နဲ့ မြန်မာပြည်ဘက် ပြောင်းဖို့ လုပ်နေကြပါပြီ။ ဒီလိုအချိန်မှာ အစိုးရက ခြေလှမ်းကျဲကျဲလေး လှမ်းပြီး ဒလဘက်မှာ ချပေးလိုက်.. တံတားလဲ ထိုးလိုက်ရင် ဘာပြောကောင်း မလဲ ထိုင်းတွေ မျက်လုံး ပြူးထွက်သွားပါမယ်။
အဲဒီလို အချိန်မှာ နိုင်ငံတော်က ၀င်လာတဲ့ ရင်းနှီးမြုပ်နံမှုတွေကို နွေးနွေးထွေးထွေး ကြိုဆိုမယ် လာဘ်ပေးလာဘ်ယူမှုတွေ အရေးယူပေးမယ် ဆိုရင် ပွင့်ပွင့်လင်းလင်း လုပ်ကိုင်လာရင် အာလုံးနေ့ချင်း ညချင်း ပြောင်းပြီး တိုးတက်လာပါမယ်။ သင်္ဘောဆိပ်ကမ်း တွေကလဲ သင်္ဘောကြီးတွေ ရောက်တာနဲ့ ဆိုက်ကပ် ကုန်အတင်အချကလဲ ထိုင်း၊ မလေးရှားလို ရောက်တာနဲ့ ပြန်ထွက်အောင် လုပ်ပေးနိုင်ရင် ကမ္ဘာကို ကျနော်တို့ ယှဉ်နိုင်လာပါမယ်။ 
 
ကျနော်အခု ပြည်ပနိုင်ငံတခုမှာ ပင်လယ်ရေလှိုင်း (Sea Waves)။ ပင်လယ်အောက် ကြမ်းပြင် ရေစီးကြောင်း ကြီးများ (Under Water Sea Currents)။ ဒီရေ အတက်အကျ (Tidal Surge)။ မြစ်များ ချောင်းများရှိ ရေစီးကြောင်းများ (Rivers and Creeks Currents)ကနေ လျှပ်စစ် ထုတ်လုပ်တဲ့ နည်းပညာ မူပိုင်မှု (INTELLECTUAL PROPERTY PATENT) တင်နေပါတယ်။ ပထမအဆင့် ကျနော့် နည်းပညာနဲ့ ပုံစံတူ နည်းပညာ မူပိုင် ရှိပြီးသား ရှိ/မရှိ ရှာဖွေ စစ်ဆေးတဲ့ အဆင့် ပြီးနေပါပြီ။ ကျနော့်ရှေ့မှာ ကျနော်တွေ့ ရှိထားတဲ့ နည်းနဲ့ ပုံစံတူ မရှိသေးပါဘူး။ မကြာခင် ကျနော့်နည်းပညာကို မူပိုင်လျှောက် ရပါတော့မယ်။ နိုင်ငံတကာ မူပိုင် လုပ်ရမှာပါ (INTERNATIONAL PATENT)။ မူပိုင်လုပ်ဖို့က လျှောက်လွှာတင်ပြီး မူပိုင်ခွင့်ကျဖို့ အချိန်အတော်လေး ကြာတတ်ပါတယ် ။
ဒါပေမဲ့ မူပိုင်ရုံးက ကျနော့်နည်းကို လက်ခံလိုက်ရင် ကျနော်က သုတေသနလို့ အကြောင်းပြပြီး လုပ်ငန်းတွေ စတင်လို့ရပါပြီ။ လူငယ်လေးတွေ လူလတ်တွေ တီထွင်ကြံဆတာ ၀ါသနာပါသူတွေကို ဖိတ်ခေါ်ပါတယ်။ ကမ္ဘာမှာ မြန်မာဆိုတာ အစွမ်းပြခွင့်က လက်တကမ်းမှာပါ။ အခုနေ ကျနော့်နည်း (Drawings) ကိုဆွဲပြလိုက်ရင် ခင်ဗျားတို့အားလုံး (အားလုံးနော်) ဟာဟုတ်တာပေါ့ ပြောယူစေရပါမယ်။ ကျနော်ဟာ ပထမက မြန်မာနိုင်ငံမှာံ ဒီရေ အတက်အကျကနေ ရေအားလျှပ်စစ်ထုတ်လို့ ရတာကို ၁၉၉၁- ခုနှစ်က စတင်တွေ့ရှိတာပါ။ ကျနော်ညီဝမ်းကွဲ တစ်ယောက် (အဖွဲ့ချုပ်လူငယ်) အဖမ်းခံရတော့ ကျနော်က ပြေးရပုန်းရတော့ ဘိုကလေးဘက် လယ်တဲလေးတခုမှာ သွားပုန်းနေ ရတုန်းက ပျင်းကလဲပျင်း ဘယ်မှလဲ မထွက်ရဲ အားအားရှိ ငါးမျှားနေ ရာကနေ တရက်မြင်လာပါတယ်။
အဲဒါကို ညီအကို အင်ဂျင်နီယာတွေ သူငယ်ချင်း အင်ဂျင်နီယာတွေနဲ့ တိုင်ပင်ပါတယ်။ သူတို့လဲ မထုတ်တတ် ကြဘူး။ ရေစီးအားမှာ စွမ်းအင်တွေ ရှိနေတာကို သူတို့က လက်ခံကြတယ်။ စွမ်းအင်တွေကို ပြောင်းယူ နိုင်တာကတော့ သူတို့လဲ လက်ခံကြတယ်။ ထုတ်လုပ်နိုင်ဖို့ စဉ်းစားမရ ကြဘူး။ ကျနော် ထောင်ကျတော့ အားအားရှိတိုင်း ထိုင်စဉ်းစားတယ်။ ရှေးခေတ်ဟောင်း သင်္ဘောဟောင်း ကြီးတွေက ဒလက်ကြီးတွေ သုံးပြီးစိတ်ကူးနဲ့ ပုံဖေါ်ကြည့်တယ်။ စုံနေတာဘဲ ပေါ်မလာ ပါဘူး။ နောက်ဆုံးတော့ မထင်မှတ်တဲ့ လုပ်အားပေးလေး တခုလုပ်ရင်း အရာတခုကို သွားတွေ့မိ ရာနေ.. EUREKA လို့ အာခီမီးဒီးလို အော်မိရပါတော့တယ်။ ကျနော် အလွန်ကို အားရ၀မ်းသာ မိသွားပါတယ်။ ကနေ့ကမ္ဘာကြီး ပူနွေးနေမှုကို ကျနော့်တွေ့ရှိချက်က ကုစားနိုင်ပါတော့မယ်။ ပစ္စဖိတ် သမုဒ္ဒရာ ထဲက ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာလို့ ပင်လယ်ရေအောက် မြုပ်ခါနီး ကျွန်းစုလေးတွေ KIRIBATI ISLANDS.. MALDIVES လေးတွေကို ကယ်တင်ခွင့် ကြုံရပါတော့မယ်။
ရီစရာလေးပါ။ ကျနော့်အဖိုးက ရှေးခေတ် Irrawaddy Flottila ဧရာဝတီရေကြောင်း ပို့ဆောင်ရေး ကုမ္မဏီရဲ့ အထက်မြန်မာနိုင်ငံ ကိုယ်စားလှယ်ပါ။ Mr. Alfred Mackenzie ခေါ်ပါတယ်။ Scott လူမျိုးပါ။ ဒီဧရာဝတီ သင်္ဘောကြီးတွေ အားလုံးစုစုပေါင်း အစီးရေ-၁၂၀၀- ရှိခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အကြီးဆုံး ပြည်တွင်း ရေကြောင်းသွား သဘောင်္လိုင်းကြီး အဖြစ် စံချိန်တင် ထားပါတယ်။ အဲဒီသင်္ဘောကြီးတွေ သယ်ယူပေးမှုကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာမှာဆန်တန်ချိန် - ၃-သန်းအထိ တင်ပို့နိုင်ခဲ့တာပါ။ မွန်သူဌေးကြီး ဦးနာအောက်တို့နဲ့ ပြိုင်ခဲ့တဲ့ ကုမ္မဏီိပေါ့။ အဲဒီ သင်္ဘောကြီးတွေရဲ့ ဒလက်အဟောင်း တွေနဲ့ ကြံဆ ကြည့်နေမိပါတယ်။ ပေါ်မလာဘူး။ ကျနော်ဟာ စက်မှုနဲ့ သိပ္ပံပညာရှင် မဟုတ်ဘဲ ဘာလို့ဒီလို စွမ်းအင် နည်းပညာကို တွေ့ရှိရ ပါသလဲ ဆိုတာကို နောက်ဆောင်းပါးမှာ အကျယ်တ၀င့် ရှင်းပြပါမယ်။ လူငယ်လေးတွေကို အထူးအထူး မျှဝေချင်ပါတယ်။ စောင့်ပြီး ဖတ်စေချင် ပါတယ်။ ကံအကြောင်း တရားကြောင့် တွေ့ရှိလာ ရတာပါ။ အဲဒီတော့ ကျနော်တွေ့ ရှိထားတဲ့ နည်းပညာနဲ့ ဒလ ပတ်ဝန်းကျင် မြစ်ကြီးတွေ ချောင်းလက်တက်တွေ ကနေ ရေစီးအားနဲ့ လျှပ်စစ်တွေ အများကြီး ထုတ်ပြီး စက်မှု လုပ်ငန်းတွေ မြန်မာပြည်ထဲ လှိမ့်ဝင်လာစေ ရပါမယ်။ ၂၄-နာရီ မီးအားအပြည့် ဈေးပေါပေါ သုံးနိုင်စေရပါမယ်။
ဧရာဝတီတိုင်း တခုလုံး.. တတိုင်း တပြည်လုံးကနေ ထွက်လာမဲ့ လျှပ်စစ်တွေမှ နည်းနည်း မဟုတ်ဘူး။ ဘာရေကာတာ မှလဲ လုပ်နေစရာမလိုဘူး။ ကုန်ကျစားရိတ်လဲ နည်းတယ်။ ထိန်းသိမ်းမှုလေး နဲနဲ လုပ်နေတာ နဲ့တင် အမြဲတမ်း လျှပ်စစ်တွေ ထွက်နေပါမယ်။ ဘဏ်ကြီးတွေကနေ ငွေချေးပေးပြီး မိသားစုတွေ အတွက် တခါရင်းထားလိုက် ဆွေစဉ်မျိုးဆက် ထိုင်စားပေတော့။ အခု ဘရူနိုင်းနိုင်ငံလို ကျနော်တို့ မြန်မာတွေ ဆေးကုမလား ဖရီး ကျောင်းတက်မလား ဖရီး မီတာခတောင် ယူနစ် အတိုင်းအတာတခုအထိ (ဥပမာ-ယူနစ် ၁၀၀-ပေါ့) ဖရီးပေးနိုင်တဲ့အထိ ဖြစ်လာပါမယ်။ ပိုတဲ့ လျှပ်စစ်ထိုင်းဘက် ထုတ်ရောင်းဦးမလား။ ဘင်္ဂလာဒေရှ့်ဘက် ထုတ်ရောင်းမလား ကမ္ဘာ တည်သမျှ ရောင်းပေတော့။ သဘာဝဓါတ်ငွေလို ကုန်ခမ်းသွားစရာ မရှိတော့ပါဘူး။ အန္တာရယ်လဲ မဖြစ်စေနိင်ပါဘူး။ သဘာဝ ဓါတ်ငွေ့တွေ အများကြီး ထုတ်လိုက်ရင် မြေလွှာအောက် ဖိအားတွေ ပြောင်းသွားရင် ငလျှင်ဖြစ်စေဖို့ သက်ရောက်မှု ရှိစေနိုင်ပါတယ်။ ရေကနေ လျှပ်စစ်ထုတ် လိုက်တာနဲ့ သဘာဝ ဓါတ်ငွေ့ ဈေးနှုန်း ရေနံစိမ်း ဈေးနှုန်းတွေ ထိုးကျသွားပါမယ်။

ကျုပ်တို့ရေစီးကနေ လျှပ်စစ်ထုတ်သလို သူတို့လဲ လိုက်ထုတ်နိုင်ပါမယ်။ ဒါပေမဲ့ ရေမြေသဘာဝ မတူတော့ ကျုပ်တို့လောက် သူတို့ မရနိုင်ပါဘူး။ ကျုပ်တို့ဆီက ၀ယ်နေရပါမယ်။ အခုထားဝယ် ရေနက်ဆိပ်ကမ်းကိုလဲ အများကြီး ရောင်းချပေး နိုင်ပါတယ်။ အခုသူတို့ နိုင်တီးဝမ်တီး နည်း ကျောက်မီးသွေး စက်ရုံဆောက်စရာ မလိုပါဘူး။ ကျနော်တို့ ရောင်းပေးနိုင်ပါပြီ။ တသက်လုံး ထိုင်ရောင်းပေတော့။ ကျနော်တို့ မြန်မာတွေ သူဌေးဖြစ်ကြ ရပါတော့မယ်။ မမြင်သေးတော့ ပြောရင် ယုံဖို့ခက်နေ ကြပါမယ်။ သံသယတွေ ခေါက်ထားဘဲ ပြောပါရစေ။
နောက် ရန်ကုန်မြစ်ပေါက်က သဲတွေကို သောင်တူးစက်တွေနဲ့ တူးပြီး ဒလကို မြေဖို့တာရယ် စင်ကာပူကို ရောင်းတာ လုပ်လိုက်ရင် တချက်ခုတ် နှစ်ချက်ပြတ်ပါ။ တခါ မြစ်ရေစီးကြောင်းကို ချိုးပေးရင် (Training ) လုပ်ပေးလိုက်ရင် ပင်လယ် အပေါက်ဝ ရေစူးနက် လာပါမယ်။ အဲဒါဆိုတန်ချိန် -၃၀၀၀၀- ထက် သင်္ဘောကြီးတွေ အချိန်မရွေး ၀င်ထွက်လာနိုင်ပါမယ်။ အခုလက်ရှိဆိုရင် တန်-၁၂၀၀၀- တွေတောင် ပင်လယ်ရေထရက် ( လပြည့်ကျော်ရက်များနှင့် လကွယ်လွန်ရက်) လေးတွေလောက်သာ ၀င်ထွက်နိုင်တာ စီးပွားရေးမှာ အနှောက်အယှက် ဖြစ်ပါတယ်။ တခါ ဧရာဝတီမြစ် ထဲကနေ အထက်ပိုင်း (ညောင်တုန်း-အထက် ပန်လှိုင်မြစ်ထဲ) ကို၎င်း (အဖျောက် အထက်နားလေး ကနေ) မြစ်မခချောင်း ထဲကို၎င်း ဧရာဝတီ မြစ်ရေတွေ ဖေါက်သွင်းယူလိုက်ရင် ရန်ကုန်မြစ်ရေဟာ ကြည်လင် လာပြီး ရေစီးအား ကောင်းလာလို့ မြစ်ပေါက်က သောင်တွေကို တွန်းဖယ် သွားစေပါမယ်။ ရေစူးနက် လာပါမယ်။
ပန်းလှိုင်ချောင်း ထဲကနေ ရေပြွန်ကြီးတွေနဲ့ ဒလမြို့တော်ကို ရေသန့်ပေးဝေ နိုင်ပါတယ်။ မြို့တော်မှာလဲ အင်ယားကန်လို ဧရာမကန် ကြီးတွေလုပ် အပျော်ရေလွှာ လျှောစီးတာတွေ လဲလုပ် မြို့တော်အလည်မှာ ရေကန်ကြီးတွေ ရှိနေတော့ ရာသီဥတုလဲ သင့်တင့်မျှတ မီးရေး ဖြစ်ရင်လဲ ရေက လက်တကမ်း။ သောက်သုံးရေ အစုံဖြည့်ဆည်း နိုင်ပါတယ်။
 
လက်ရှိ ရန်ကုန်က ကန်ထရိုက်တိုက်တွေက ငလျင်သာ နည်းနည်းလေး လှုပ်လိုက်ရင် လူကြားမကောင်း အောင်ဖြစ်မှာ စိုးရိမ်ရ ပါတယ်။ အစိုးရအနေနဲ့ အဲဒီလို မဖြစ်ရလေအောင် ဒလဘက်ကို မြို့တော်အသစ် မြန်မြန်တည်ပေးပြီး ငလျင်ဒါဏ်လဲ ခံနိုင်တဲ့ အဆင့်မှီ တိုက်တွေကို construction code နဲ့အညီ ရှိမရှိ တိတိကျကျ စစ်ဆေးပေး မယ်ဆိုရင် ငလျှင်ဖြစ်ခဲ့သော် လူကြားမကောင်း အောင်အထိ မဖြစ်အောင် အခုကထည်းက စီမံချက်ချထား ရပါတော့မယ်။ ဖြစ်ခဲ့ရင် ယခင်အစိုးရ လက်ထက်က ပြသနာက ယခုအစိုးရ ခေါင်းကို လာခိုက်ပါမယ်။ ယခင်က လာဘ်စားတာက မတရားများထား အာဏာပိုင်ကို ပေးနိုင်ရင် အားလုံးပြီးစေ ဆိုတဲ့ခေတ်က ဆောက်ခဲ့တဲ့ တိုက်တွေဟာ CONSTRUCTION CODE ဆိုတာကလဲ မရှိသေးတော့ ဖြစ်ကတတ်ဆန်း ဆောက်ထား။ ဒီကြားထဲ ဘိလပ်မြေကလဲ ခိုးချင်တိုင်းခိုးထား ရောရောင်းချင်တိုင်း မတရားလောဘတွေနဲ့ လုပ်ထား ကန်ထရိုက်ကလဲ ချိုနိုင်သမျှချို ဆောက်ထား အဆိုးဆုံးကတော့ တိုက်ဆောက်ရာမှာ... 
 
(၁) မြစ်ထဲက ကျောက်စရစ်နဲ့ ဆောက်ထားတာ အင်မတန် အန္တာရယ်ကြီး ပါတယ်။ နိုင်ငံတိုင်းမှာ ကျောက်စရစ်နဲ့ ဆောက်ရင် ၂ထပ်တိုက်ထက် ပိုဆောက်ခွင့် မရှိပါဘူး။ ကျောက်စရစ်က မျက်နှာပြင် ချောမွေ့တော့ ဘိလပ်မြေမကပ်လို့ပါ။ အခုထွက်လာမဲ့ construction code မှာ ဒါကို အလေးထား ရေးထား လားတော့ မသိပါဘူး။
(၂) တခါ ရန်ကုန်မြစ်ပေါက်က သဲတွေက သဲအနုတွေ။ တခါ ဆားငန်ရည် ပါနေတော့ ဘိလပ်မြေကို ဆားပေါက်ပြီး ကြံ့ခိုင်မှုကို ကျစေထားပါတယ်။ တိုက်ဆောက်ရင် သဲအကြမ်းကို သုံးရသလို ဆားဓါတ်ပါလို့ မရပါဘူး။ တခြားမကြည့်ပါနဲ့။ အရေးအခင်း ဖြစ်ခါနီးလေးမှာ ရန်ကုန်လေယာဉ်ကွင်းကို ဂျပန်နိုင်ငံက Taisei ဆိုတဲ့ကုမ္မဏီက တိုးချဲ့ဖို့ ကန်ထရိုက်ရတော့ လေယာဉ်ပြေးလမ်း ခင်းတဲ့သဲက ပဲခူး အလွန် ပျဉ်ပုံကြီးက သဲအကြမ်းတွေ ကိုဘဲ ယူပါတယ်။ ဒါမြေကြီးပေါ်မှာ တည်ခင်းတဲ့ လေယဉ်ပြေးလမ်းနော်။ ကျနော်တို့က ကွန်ဒိုကြီးတွေ ချနေကြတာ ဘယ်လောက် အန္တရာယ်ကြီးသလဲ ဆိုတာ စဉ်းစားကြည့်ကြပါ။
နောက်တချက် အခု TRADER'S HOTEL ဆောက်သူတွေ သူတို့လဲ သဲကောင်းသုံး ထားတယ်။ ကျောက်ကိုလဲ ကျောက်စရစ်ကို လုံးဝ မသုံးဖူး။ ဘီလင်းကျောက်ကိုဘဲ သုံးထားတာ ကိုသာ စဉ်းစားကြည့် ကြပါ။ ဟော်တယ်ဆိုတာ ဆောက်တဲ့ ထုထည်ကလဲ ခိုင်ခိုင်မာမာ ကျောက်နဲ့ သဲကအစ CONSTRUCTION CODE နဲ့အညီ လုပ်ထားတော့ ကျနော်တို့ ကွန်ဒိုတွေ တွေးသာ ကြည့်ကြပေတော့။ ဒါတောင် ထရိတ်ဒါးဟော်တယ်က အနစ်-၃၀-ပြည့်ရင် အစိုးရကို ပြန်အပ်ရမှာနော်။  ငလျှင်လှုပ်လိုက်ရင် ရန်ကုန်ဟာ ဈေးတွေ အများကြီး ထိုးကျသွားပါမယ်။ ငလျှင်လှုပ်ပြီး ကျန်ခဲ့တဲ့ တိုက်တွေကိုလဲ အစိုးရက ဖျက်ခိုင်းတာနဲ့ ကြုံရပါမယ်။ အဲဒီလိုကြိုမြင် ထားကြပါ။ ကြိုမြင်တတ် ကြပါစေ။ ကျနော်တို့ တတွေ အများကြီး ကြိုကြိုတင်တင် တွေးဆ ထားသင့်ပါတယ်။ လှုပ်ပြီဆိုတာနဲ့ ရန်ကုန်မြေဈေးက တစတစ ထိုးကျလာမယ်။ နောင် များများမဟုတ် ၅-နစ်မှာ ဒလဘက်က ဘယ်လောက်အထိ တက်လာနိုင်တယ် ဆိုတာလဲ စဉ်းစားထားကြပါ။ 
 
ငလျှင်နဲ့ ပတ်သက်ပြီး တဦးက ငလျှင်အကြောင်း ရေးပါဦး ပြောလာပါတယ်။  မြန်မာပြည်အတွက် Longman Atlas မြေပုံ ၀က်ဆိုဒ်က မြေငလျှင် အခြေပြ ငလျှင် ဖြစ်စေတဲ့ Plates ပြထားတာလေးဘဲ တင်ပြလိုပါတယ်။ တကယ်တော့ မြန်မာပြည် ဟာ ငလျှင်ကျောပေါ် တည့်တည့်ထိုင်ထားတဲ့ တိုင်းပြည်ဖြစ်နေပါတယ်။ အထူးသဖြင့် ဧရာဝတီမြစ်ဆုံဒေသဟာ ငလျှင် ကျောက်ဖျာ ဒေါင့်ကွေးနေရာမှာ ရှိနေတော့ လှုပ်နိုင်ခြေများတယ် လှုပ်ရင်လဲ ပြင်းထန်တတ်တဲ့ နေရာပေါ်မှာ ရှိနေပါတယ်။
တခါ ဆောင်းပါးအစပိုင်းမှာ ရေးထားသလို စက်မှုလုပ်ငန်းတွေဟာ ဒလ ဘက်ကို လာမလား လဒစာ အဖြစ်ခံမလား ၂ခုဘဲရှိတယ် ဆိုတော့ လုပ်ငန်းအားလုံး နီးပါး ဒလဘက်ကို ရောက်လာပါမယ်။ အဲဒီလိုဖြစ်လာမှာကို အစိုးရက မြို့တော်စီမံကိန်းကို ပညာရှင်တွေနဲ့ နောင်..၁၅- ၂၅ နှစ်မှာ ဖြစ်လာနိုင်တဲ့ အနေအထားကို ကြိုတင်မှန်းဆ တွက်ချက် ရေးဆွဲရပါမယ်။
တခါ အစိုးရက ဒလမြို့ အတွင်းပိုင်းကျတဲ့ နေရာတွေမှာ ပုဂ္ဂလိက ကုမ္ပဏီကြီးတွေကို ကန်ထရိုက် တိုက်ခန်းကြီးတွေ ဆောက်ခိုင်း ရပါမယ်။ ဟိုနားအိမ်တလုံး ဒီကတလုံး ဆိုတာမျိုး မဖြစ်သင့်တော့ပါ။ အားလုံးဟာ မကြာခင် ဘန်ကောက်လို၊ ဆစ်ဒနီမြို့လို ဖြစ်လာဖို့ ကြိုတင် စီမံချက် ဆွဲထားရပါမယ်။ လမ်းတွေကအစ တချိန်မှာ ဘယ်လောက် ကျယ်ရမယ်ဆို သိပ်စဉ်းစား နေစရာ မလိုပါဘူး။ ကိုယ်ကြိုက်တဲ့ မြို့ တော်ကို ပုံစံနမူနာယူလို့ ရနေပါပြီ ။
ဒိနေရာမှာ လူကြီးတွေက စင်ကာပူကို နမူနာ ယူဖို့ စိတ်ကူးနေကြတာ နည်းနည်တော့ ဘ၀င်မကျပါဘူး။ စင်ကာပူဟာ မြေရှားပါးလို့ သူတို့ကို နမူနာ မယူသင့်ပါ။ တကယ် ယူသင့်တာက ဆစ်ဒနီပါ။ မြေအကျယ်ကြီးမှာ တချိန် လူတွေ၊ စိတ်အင်အား၊ စိတ်ခွန်အား၊ သာယာကောင်းမွန်မှုကို အထောက်အပံ့ ပေးနိုင်တာကို ထဲ့တွက်သင့်ပါတယ်။ ဆစ်ဒနီကို နမူနာယူရင်တော့ ကွမ်းခြံကုန်း လက်ခုပ်ကုန်းတွေဟာ မြို့အစွန်အဖျား ဖြစ်သွားပါမယ်။ အဲဒီလို စံနစ်တကျ စီမံချက်ချပြီး ဆောက်လိုက်ရင် ၁၀-နှစ်နေချိန်မှာ ရန်ကုန်မြို့တော်ကြီးက တိုက်တွေက ကြာလေဆွေး ရွလာလေ တွက်ချက်ကြည့်ပေတော့။ ဘယ်ဟာက နံပတ်တစ်မြို့တော် ဖြစ်သွားမလဲ ဆိုတာပါ။ ကြိုကြိုတင်တင် တွက်ချက်ပြီး ခြေလှမ်းသွက်သွက် လှမ်းကြပါလို့။
တခါ ဆောက်လုပ်တဲ့ ကန်ထရိုက်တိုက်ကြီးတွေမှာ နောင်မကြာခင်လူတွေရဲ့ ကားပိုင်ဆိုင်မှု တိုးတက်လာမှာမို့ အခန်းဘယ်နှစ်ခုဆောက်ရင် ကားပါကင် ဘယ်မျှရှိရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေ ချမှတ်ထားရပါမယ်။ လမ်းပေါ်ရပ်တာကို မီတာစံနစ်နဲ့ ဈေးကြီးကြီး ကောက်ရပါမယ်။
ဆောက်တဲ့ တိုက်ခန်းမှာလဲ သြစတေးလျ မှာဆိုရင် တိုက်တခုဆောက်ရင် လှေကားအကျယ်က ဘယ်လောက်ထားရမယ် ဆိုတာ သတ်မှတ်ချက် ချထားပါတယ် ။ ရန်ကုန်လို လှေကားကို ကျဉ်းကျဉ်းလေး ဆောက်လို့ မရပါဘူး။ နောက်ဆုံး လှေကားထစ်ကိုတောင် ..အမြင့်ဘယ်လောက် တထစ်ချင်းရဲ့ အကျယ်ဘယ်လောက် ဆိုတာ တနိုင်ငံလုံးမှာ (စံ) တစ်ခုထည်းထားပါတယ်။ အားလုံးဟာ တပုံစံထဲပါ။ သူတို့က အဲဒီလောက်အထိ သတ်မှတ်ချက်တွေ ချထားတာပါ။ ဒါခေါင်းဆောင်တစ်ဦးရဲ့ အမျှော်အမြင်ပေါ် မူတည်တာပါ။
 
ရန်ကုန်လေဆိပ် ပြည်တွင်းလေကြောင်းလိုင်း ခရီးသည်များ အဆောင် (ဓာတ်ပုံ ဒီမိုဝေယံ)
နောက် တခါ နိုင်ငံတကာနဲ့ အဆင့်အတန်းမှီတဲ့ လေယာဉ်ကွင်းကလဲ ရန်ကုန်မှာ ဆောက်လို့ မရနိုင်တော့ပါဘူး။ ဒလဘက်မှာ(ဘဲ) ဆောက်လို့ရပါမယ်။ ဘယ်နေရာ ဆောက်မယ်ဆိုတာတော့ မသိဖူး။ ပညာရှင်တွေ ဆုံးဖြတ်ရမဲ့ ကိစ္စပါ။ ရန်ကုန် လေယာဉ်ကွင်းက အဲယားဘတ်စ် အလတ်စား (ခရီးသည်-၂၅၀) တွေတောင် ဆင်းရင် ဘရိတ်ဖမ်း နေရတာ။ ခေတ်မမှီတော့တဲ့ ဘိုးရင်း-၇၄၇ တွေတောင် မဆင်းနိုင်ဘူ။ အခု ခေတ်စားနေတဲ့ အဲယားဘတစ်- A-380 လို လေယာဉ်ကြီးတွေ ကတော့ ဝေလာဝေးပါ။ ဒလဘက် ရောက်မှ လေယာဉ်ပြေးလမ်း.. ပေ-၁၅၀၀၀- နှစ်လမ်းနဲ့ လေလမ်းကြောင်း ပြောင်းတဲ့ အချိန် ဆင်းနိုင်မဲ့ ကန့်လန့်ဖြတ် လေယာဉ်ပြေးလမ်းတခု ဆိုတာမျိုး လုပ်နိုင်တာ ဒလ ဘက်မှာသာ ရှိတာပါခင်ဗျာ။ ရန်ကုန်ကွင်းက ၁၉၅၉-နစ်က ဆောက်ခဲ့တဲ့ကွင်း အခုခေတ် လေယဉ်ကြီးတွေနဲ့ မနိုင်တော့ပါဘူး။ ထပ်တိုးချဲ့ ဖို့လဲ မြေကုန်နေပါပြီ။
 
ယနေ့အထိ မရိုးနိုင်သေးတဲ့ ရန်ကုန်လေဆိပ်မှ ကတ္တားချိန်စက် (ဓာတ်ပုံ ဒီမိုဝေယံ)
တကယ်တော့ လေယဉ်ကွင်းဟာ မြို့တော်ဟောင်း ရန်ကုန်နဲ့လဲ မဝေးသင့် တဖက်ကမ်းက သံလျှင်နဲ့လဲ မဝေးအောင် စဉ်းစားသင့်ပါတယ်။ တဆက်ထဲ တကယ် နိုင်ငံတကာ အဆင့်မှီဖြစ်လာရင် ၂၄-နာရီ လေယာဉ်ကြီးတွေ ဆင်းတက်နေကြတော့ ကျနော့် အမြင်အရဆိုရင်တော့.. မြို့အလယ်ခေါင် မဖြစ်အောင်လဲ စဉ်းစားဖို့ လိုနေပြန် ပါတယ်။ ကျနော် သဘောအရ ကိုယ်ပိုင် တွက်ဆချက်ပါ ယခု ရန်ကုန် သံလျှက်စွန်းနဲ့ မျက်နာချင်းဆိုင်.. နေရာဆိုရင် လေယာဉ် ချဉ်းကပ်လမ်းဟာ မြစ်အပေါ်မှာ ရှိနေတော့ လေယဉ်အသံ အနှောက်အယှက် နည်းမယ်လို့ ယူဆမိတာပါ။
နောက် တနေရာကတော့ သီလ၀ါ ဆိပ်ကမ်းနဲ့ မျက်နာချင်းဆိုင် နေရာပါဘဲ။ မြစ်အကွေးနေရာမှာဆိုတော့. သုံးဘက် သုံးတန်က လူနေအိမ် တွေအပေါ် ဖြတ်နေတာ မဟုတ်တော့လို့ပါ။ တဘက်ကလဲ သီလ၀ါဆိပ်ကမ်း ဆိုတော့ အိမ်ယာတွေ မရှိဘူး။ လေယာဉ်တွေက ဆင်းရင် အများစုက လေလမ်းကြောင်းအရ သီလ၀ါ ဘက်ကနေ ချဉ်းကပ်လာရမှာ ..ပြန်တက်တာ ကတော့ ဒီဘက်ပဲ ရှိနေမှာပါ။
တတိယ နေရာကတော့ အောက်ဆုံးက ရန်ကုန်မြစ်ပေါက်က သောင်ကုန်းရွာ နားမှာပါ။ ပင်လယ်ပေါက်နဲ့ နီးတော့နေတယ်။ လေယာဉ်ပြေးလမ်းနဲ့ ချဉ်းကပ်လမ်းက လူနေအိမ်တွေနဲ့ လုံးဝ ရှင်းလင်းနေ ပါတယ်။ မြေသားထုတော့ ခိုင်မာအောင် လုပ်ပေးဖို့တော့ လိုတဲ့နေရာပါ။ လေယာဉ်ကြီးတွေအတွက် စိတ်အကြိုက်ဆုံး နေရာပေါ့။ မိုးရွာရင်တော့ ဒုက္ခများမဲ့နေရာပါ။ ပညာရှင်တွေ စဉ်းစားကြရမှာပါ။ ကျနော်ပညာရှင်မဟုတ်ပါ။ မိမိအမြင်တင်ပြချင်းသာ ဖြစ်ပါတယ်..။
 
INFRASTRUCTURE အခြေခံ အဆောက်အဥိး တည်ဆောက်တာ စံနစ်ကျဖို့က စီမံကိန်းဌာန အရေးပါ သလို နိုင်ငံတော် လူကြီးတွေ ကလည်း အမျှော်အမြင် ကြီးမားဖို့ အထူး လိုအပ် နေပါတယ်။  မြို့တော်ကြီးကို နိုင်ငံတကာက ပညာရှင်တွေ ဆီက အကြံဥာဏ်တွေ အများကြီး ရယူရပါမယ်။ ယခင်ကလို အိမ်ရှိမယ်၊ လမ်းရှိမယ်၊ သောက်ရေ ရှိမယ်ဆိုတာလောက်နဲ့ ဒီဘက်ခေတ်မှာ မလုံလောက်တော့ပါဘူး။ မီးပွိုင့်တွေ လမ်းတွေကိုက နည်းပညာ ယူစရာတွေ တပုံတပင်ကြီး လိုအပ်နေပါတယ်။ ဥကမာ တိုးတက်နေတယ် အမေရိကန်နဲ့ ကပ်လျှက်ရှိနေတဲ့ မက္ကစီကို နိုင်ငံမြို့တော် အတွက် လမ်းမီးပွိုင့်တွေကို ဆစ်ဒနီက နည်းပညာကို ရယူထားပါတယ် ။ဒီလိုဘဲ တရုတ်ပြည်ကမြို့ တခုအတွက်လဲ ဆစ်ဒနီက မီးပွုင့်နဲ့  လမ်းတွေကို နမူနာ ယူပါတယ်  ကျနော်တို့က ဒါလေးလောက်များ အလွယ်လေးပါလို့  မထင်မိဖို့ လိုပါတယ်ခင်ဗျာ။ နည်းပညာတွေ အများကြီး သူများဆီက ၀ယ်ယူတန် ၀ယ်ယူတာ လုပ်ရပါမယ်။
နောက်ဒလ မြို့တော်မှာ ငွေအကုန်အကျ ခံနိုင်မယ်ဆိုရင်ပေါ့ မြေအောက် ရထားလမ်း လုပ်သင့်ပါတယ်။ တချိန်မှာ လူဦးရေ တိုးတက်လာမယ် စက်မှုလုပ်ငန်းတွေ တိုးတက်လာရင် မြို့နေလူထုအတွက် အကောင်းဆုံးသော ပို့ဆောင်ရေး စံနစ်ကတော့ မြေအောက်ရထား သာလျှင် ဖြစ်ပါတယ် ခင်ဗျာ။ မြေပေါ် မိုးပျံလမ်းတွေက တကယ် လူဦးရေ တိုးတက်လာရင် သိပ်မနိုင်လှပါဘူး။ အထူးသဖြင့် ရုံးဆင်း ရုံးတက်ချိန် (Rush hours) ပေါ့လေ မှာ မိုးပျံရထားဆိုတာ တွဲနည်းနည်းလေး။ ရထားလမ်းက နှစ်ခုလေးနဲ့ ဘာမှ သိပ်မနိုင်ပါဘူး။ မြေအောက် ရထားကတော့ တွဲများများ နှစ်ထပ် ရထားစတာတွေနဲ့ လူများများ သယ်နိုင်ပါတယ်။
ဒလမြို့တော်မှာ ၉၄-ခုနှစ်က လာတဲ့ သူတွေ ရေးဆွဲထားသလို မိလ္လာပိုက်တွေကို အဆင်ဆင့် နေရာ-၃ / ၄ နေရာမှာ မိလ္လာကိုပြန်လည် ခွဲထုတ် ရေကို စိုက်ပျိုးရေး သန့်စင်ရေးတွေအတွက် ပြန်လည်အသုံးပြုပြီး မိလ္လာကို မီသိန်းဓါတ်ငွေ့ထုတ်။ စွမ်းအင်ထုတ် အသုံးပြု ကျန်တဲ့မိလ္လာကို မြေသြဇာ လုပ်တဲ အဆင့်မျိုးအထိ ချိန်ဆထားရပါမယ်။ လက်ရှိ ရန်ကုန်စည်ပင်က လုပ်နေသလို မိလ္လာကို ကားနဲ့ စုပ်ထုတ် ရန်ကုန်မြစ်ထဲ (ပုဇွန်တောင်ချောင်းထဲ ဖေါက်ချတာကတော့ မလုပ်သင့် တော့ပါဘူး။ လုပ်နေသေးတုံး ဆိုရင် ဗွီဒီယို မှတ်တမ်းတွေ လုပ် ကမ္ဘာကိုသိအောင် ဖေါ်ထုတ်တာ လုပ်ပေးရပါမယ်)။
ယခင်က ရေးခဲ့သလိုပါဘဲ ဥပမာ ဆစ်ဒနီ မြို့ တော်မှာ မြို့တခုလုံး ကစားကွင်းတွေ ကလေးကစားကွင်းတွေ ပန်းခြံတွေ အများကြီး လုပ်ထားပါတယ်။ မြို့နယ်တခုနဲ့ တခု ကြားမှာလဲ တောအုပ်ကြီးတွေ ချန်ထားပါတယ်။  ကားမောင်းသွားရင် မေမြို့တောင်တက် လမ်းလေးတွေကို ဖြတ်သန်းနေ ရသလို ရှူခင်းလှလှ လေးတွေ ရှိနေပါတယ်။ ပြည်သူတွေ အေးအေးလူလူ အနားလွယ်လွယ် ကူကူယူလို့ ရအောင် စီမံထားတာပါ။ ပြည်သူတွေ စိတ်စွမ်းအား ကောင်းမွန်နေစေဖို့ အမြော်အမြင် ရှိရှိ လုပ်ထားတာပါ။ ပြည်သူပြည်သားတွေ စိတ်ရွှင်လန်းဆန်း နေခြင်းဟာ တီထွင်မှု ကုန်ထုတ်လုပ်မှု တွေနဲ့ ဆက်စပ်နေတော့ ပြည်သူတွေ စိတ်အပန်းဖြေချင်ရင် လွယ်လွယ်ကူကူ အပန်းဖြေစရာ နေရာတွေ အများကြီိး ဖန်တီး ပေးထားတာပါ ။
အခုဒလ မြို့တော်ကြီးမှာ ယခင်က ရေးထားသလို အင်းယားကန်ထက် နှစ်ဆ သုံးဆ ကြီးတဲ့ ရေကန်ကြီးတွေ ၃/၄ ခုလောက် လုပ်ထားမယ်ဆိုရင် ရေကန်၊ ရေပြင်အကျယ်နဲ့ ရေထုအားကြောင့် ရာသီဥတု မျှတတာလဲ ရမယ်။ အင်းယားကန် ဘေးမှာ ထိုင်ကြည့်ရင် လေအေးအေးလေး တိုက်ခတ်နေတာ အလွန်ထူးခြား အေးဆေး နေစေပါတယ်။ ဒီနိုင်ငံတွေမှာ ရေပြင်နဲ့ နီးတဲ့အိမ်တွေ ဈေးကောင်းရနေတာ အိမ်ကြော်ငြာရင် ရေပြင်နဲ့ နီးတာ ကြော်ငြာနေကြတာ ဒါပါဘဲ။
ပြည်သူလူထု စိတ်အနား ယူစရာ နေရာလဲ ဖြစ်ပါမယ်။ ကန်တွေ လုပ်လို့ တူးထုတ် လိုက်တဲ့ မြေသားတွေဟာ ဒလဘက် မြေနိမ့်နေမှုကို ဖို့ပေးရာမှာလဲ သုံးလို့ရပါမယ်။ ပြည်သူလူထု အတွက် ရေကန်နဲ့ နီးစပ်မှုဟာ အပန်းဖြေမှု တခုပါဘဲ။ ဘေးပတ်လည်မှာ ကလေးကစားဖို့ ကွင်းတွေပါ ဖြည့်စွက် ထားမယ်ဆိုရင် အလုပ်အကိုင် သစ်တွေပါ ပေါ်လာပါမယ်။ ပြည်သူတွေ ကိုယ်ကျန်းမာရေး အတွက် အကျိုးရှိ စေသလို စိတ်ကျန်းမာရေးက ကိုယ်ကျန်းမာရေးထက်ကို အရေးကြီးပါတယ်။
ဒလမြို့တော်ကြီးကို တံတားလေးထိုး ဟိုနားတစ်ကွက် ဒီနားတကွက် တိုးချဲ့ နေလို့မရ ပါဘူး။ တောမြို့လေး သာသာ ဖြစ်သွားပါမယ်။ နိုင်ငံတော်ကနေ စီမံကိန်းကို စံနစ်တကျ ရေးဆွဲပြီး ခေတ်မှီ ပညာရှင်တွေရဲ့ အကြံဥာဏ်တွေ ရယူပြီး ဖေါ်ဆောင်မယ်ဆိုရင် ကျနော်တို့ဟာ အာရှမှာ တခြားအာဆီယံ နိုင်ငံမြို့တော်တွေထက် အဘက်ဘက်က သာလွန်တဲ့ မြို့တော်လည်း ရှိလာမယ် ပြည်သူလူထု ကလည်း ကမ္ဘာကကြိုက်ရတဲ့ လူစားမျိုးတွေ ဖြစ်နေတယ်။ သယံဇာတ ကလည်း ပေါကြွယ်တယ်။ ရေအား အရင်းအမြစ်ကလဲ ကောင်းမွန်တယ်ဆိုတော့ မကြာခင် အချိန်တို အတွင်းမှာကို အာရှရဲ့  ကျားဆိုတာထက် ဆင်ကြီးဖြစ်လာ စေရပါမယ်။
အချုပ်အားဖြင့်တော့ ဒလ မြို့ တော်ကြီးကို တည်ဆောက်တာဟာ နိုင်ငံတကာကို ယှဉ်ပြိုင်ရေးမှာ မဖြစ်မနေ လှမ်းရမဲ့ ခြေလှမ်းဖြစ်တယ် ဆိုတာကို နိုင်ငံတော် အကြီးအကဲများ Forum တခုလုပ်ဆွေးနွေး စကားဝိုင်းတခု လုပ်သင့်တယ်လို့ဘဲ တင်ပြလိုပါတယ်။ Forum သာလုပ်လိုက်ရင် စီမံကိန်း ဆွဲတာရဲ့ ခြေလှမ်းအစ ပါလှမ်းမိသား ဖြစ်သွားပါပြီ။ သမ္မတကြီး တစ်ဦးတည်း အနေနဲ့လဲ နေပြည်တော်ကြီး ကနေ ပြန်ပြောင်းတယ် ဆိုတဲ့ ခေါင်းပေါ် အလွန်ကြီးလေးတဲ့ တာဝန်ကြီး မကျနိုင် တော့ပါဘူး။ ဒီကိစ္စဟာ ပေါ့သေးသေး ကိစ္စ မဟုတ်ပါဘူး။ အားလုံးမှာ Team Work အသင်းလိုက် တာဝန်ယူ သလိုလည်း ဖြစ်သွားစေပါမယ်။
တိုင်းပြည်တိုးတက်ရေး တံခါးတွေ ဖွင့်ပေးလာလေ ဘယ်မလဲ ခေတ်မှီလေယာဉ်ကွင်း ဘယ်မလဲ ဆိပ်ကမ်းတွေ။ ဘယ်မလဲ နိုင်ငံခြားသားတွေ ဈေးသင့်တင့်တဲ့ အိမ်ငှားစရာ ရင်နှီးလုပ်ကိုင်စရာ မြေ (ဈေးသင့်တင့်တဲ့မြေ)။ ဇန္န၀ါရီလထုတ် ဂျာနယ်တခုမှာ ရန်ကုန် မြေဈေးတွေဟာ ရင်းနှီးမြုပ်နှံ မှုတွေကို ကန်ထုတ်နေတယ်လို့ ပညာရှင်တစ်ဦးက သုံးသပ်ထားပါတယ်။ အဓိပါယ် မရှိဖြစ်နေ ပါမယ်။ ဖွင့်ကား ဖွင့်၏ တံခါးကတော့ ဖွင့်ပါရဲ့ အထဲမှာ မွန်းကြပ်သိပ်နေတော့ ၀င်လို့မရတဲ့ အခန်းတခုနဲ့ တူနေတာလေးကို စဉ်းစားကြပါလို့ တာဝန်ရှိ လူကြီးမင်းများကို တိုက်တွန်းရင်း နိဂုံးချုပ် လိုက်ပါတယ်။
 
No comments :

Post a Comment

Blogger Widgets
Back to Top