တက္ကသိုလ်ပညာရေး ဥပဒေ(မူကြမ်း) ပြန်လည်ရေးဆွဲရေး အတွက် ဆွေးနွေးဖလှယ်ပွဲအား ဇွန် ၃၀ ရက်က တွေ့ရစဉ်
အဆင့်မြင့် ပညာကဏ္ဍ၌ တက္ကသိုလ် ဥပဒေ ပြဋ္ဌာန်းနိုင်ရန်အတွက် တက္ကသိုလ်ပညာရေး
ဥပဒေ(မူကြမ်း)အား အသစ်ပြန်လည် ပြင်ဆင်ရေးဆွဲ ပြဋ္ဌာန်းနိုင်ရေး အတွက် ၂၀၁၃
ခုနှစ် ဇွန်၂၉ ရက်နှင့် ၃၀ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ နေပြည်တော်ရှိ
သင်္ဂဟ ဟိုတယ်၌ နှစ်ရက်ကြာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးဖလှယ်ပွဲတွင် ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု
ကော်မတီ၊ ပြည်သူ့လွှတ်တော် ဥပဒေပြုရေးအဖွဲ့မှ ပုဂ္ဂိုလ်များ၊ ပညာရေး
ဝန်ကြီးဌာနမှ ပုဂ္ဂိုလ်များ၊ အဆင့်မြင့် ပညာကဏ္ဍ တက္ကသိုလ် အသီးသီးမှ
ပါမောက္ခများ၊ မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး
နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER)၊ နိုင်ငံတကာ တက္ကသိုလ် အသီးသီးမှ
ပါမောက္ခများ အသီးသီး ပါဝင်ဆွေးနွေး ဖလှယ်ခဲ့ကြကြောင်း သိရသည်။
''အဆင့်မြင့် ပညာကဏ္ဍ တက္ကသိုလ် ပညာရေး ဥပဒေပြဋ္ဌာန်း နိုင်ဖို့အတွက်
ရည်ရွယ်ပြီး ဆွေးနွေးကြတာ ဖြစ်ပါတယ်။ ဒီတက္ကသိုလ် ပညာရေး ဥပဒေကို
ပြန်လည်လေ့လာပြီး နောက်တစ်ကြိမ် မူကြမ်းရေးဆွဲဖို့ အတွက် အဓိက
ဆွေးနွေးကြတာပါ။ နိုင်ငံခြား တက္ကသိုလ်တွေက ပါမောက္ခတွေကလည်း တက္ကသိုလ် ပညာရေး
ဥပဒေ ပြဋ္ဌာန်းနိုင်ဖို့ ထောက်ပြခဲ့ပါတယ်'' ဟု ယင်းဆွေးနွေးပွဲတွင်
ပါဝင်တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး
နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) မှ ဒေါက်တာသိန်းလွင်က ပြောပြခဲ့သည်။
အဆိုပါ တက္ကသိုလ်ပညာရေး ဥပဒေကြမ်း ပြင်ဆင်ရေးဆွဲ ပြဋ္ဌာန်းနိုင်ရေး
ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ''ဒီလိုဥပဒေ ပြဋ္ဌာန်းနိုင်ဖို့ဆိုရင်
အားလုံးပါဝင် ဆောင်ရွက်ဖို့လိုတယ်။ အားလုံးရဲ့ အကြံဥာဏ် တွေလည်း
ယူဖို့လိုတယ်။ ဒီဥပဒေကြမ်းကိုလည်း ရေးဆွဲပြီး အတည်မပြုခင်မှာ
ပြန်လည်ချပြဖို့ လိုအပ်ပါတယ်'' ဟု ပြောကြားခဲ့သည်။
ထိုသို့ တက္ကသိုလ်ပညာရေး ဥပဒေ (မူကြမ်း) အား ၂၀၁၂ ခုနှစ်အတွင်း
ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီမှ တင်သွင်းလာသော တက္ကသိုလ်
ပညာရေး ဥပေဒကြမ်းအား ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
အချို့မှ ကန့်ကွက်ပယ်ချမူကြောင့် ယင်းတက္ကသိုလ် ပညာရေး ဥပဒေမူကြမ်းအား
အသစ်ပြန်လည် ပြင်ဆင်ရေးဆွဲရခြင်း ဖြစ်ကြောင်း သိရသည်။

No comments :
Post a Comment