Blogger Widgets

Tuesday, 2 July 2013

တောင်ကိုရီးယားနိုင်ငံမှ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ထုတ်ချေးမည်

တောင်ကိုရီးယားနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရန် ၂၀၁၃ ခုနှစ် မှ ၂၀၁၇ ခုနှစ်ကာလအတွင်း အမေရိကန် ဒေါ်လာ သန်း ၅၀၀ ထုတ်ချေးသွားမည် ဖြစ်ကြောင်း မကြာခင်က နေပြည်တော်တွင် ကျင်းပခဲ့သော စိးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ဆွေးနွေးပွဲတွင် ထုတ်ပြန် ကြေညာလိုက်ကြောင်း သတင်းရရှိသည်။
အဆိုပါ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲတွင် စီမံကိန်း ၃၉ ခု ပါဝင်သော နယ်ပယ်ရှစ်ခုတွင် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပြီး ယင်းတို့အထဲတွင် အခြေခံ အဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး၊ ၀န်ဆောင်မှုလုပ်ငန်း မြှင့်တင်ရေးနှင့် အားကစား ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ ပါဝင်ကြောင်း သိရှိရသည်။
တောင်ကိုရီးယား နိုင်ငံသည် အာဆီယံ အပေါင်းသုံးနိုင်ငံတွင် ပါဝင်သော ဒေသတွင်း နိုင်ငံများနှင့် ပိုမိုချိတ်ဆက်လာသော နိုင်ငံဖြစ်ကာ မြန်မာနိုင်ငံနှင့် ယခင်ကာလကပင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ကို ချိတ်ဆက် လုပ်ကိုင်နေသော နိုင်ငံဖြစ်သည်။
၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေးနှစ်တွင်မူ ကိုရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၅၇၃ သန်း ရှိကြောင်းနှင့် ယင်းအနက် မြန်မာနိုင်ငံမှ တင်ပို့မှု ပမာဏ အမေရိကန်ဒေါ်လာ ၂၃၇ သန်း ရှိပြီး မြန်မာနိုင်ငံက ကိုရီးယားနိုင်ငံမှ ပြန်လည်တင်သွင်းမှု အမေရိကန်ဒေါ်လာ ၃၃၅ သန်း ရှိကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ၂၀၁၂- ၂၀၁၂ ဘဏ္ဍာရေး နှစ်တွင်မူ နှစ်နိုင်ငံ ကုန်သွယ်မှု အမေရိကန် ဒေါ်လာ သန်း ၉၇၀ ရှိပြီး ယင်းအနက် ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ တင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၆၆၀ ရှိပြီး မြန်မာနိုင်ငံမှ ကိုရီးယားနိုင်ငံသို့ တင်ပို့မှု အမေရိကန် ဒေါ်လာ သန်းပေါင်း ၃၀၀ သာ ရှိကြောင်း သိရှိရသည်။
တောင်ကိုရီးယား အနေဖြင့် မြန်မာနိုင်ငံမှ အ၀တ်အထည်၊ သစ်တောထွက်ပစ္စည်း၊ စိုက်ပျိုးရေး ထွက်ကုန်၊ ရေထွက်ကုန်များ တင်သွင်းနေပြီး မြန်မာနိုင်ငံသို့ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း၊ စက်ပစ္စည်း၊ အီလက်ထရောနစ် ပစ္စည်းများအပြင် သံနှင့် စက်ပစ္စည်းများ တင်သွင်းနေကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံမှုတွင်မူ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေး ကုမ္ပဏီတစ်ခု ဖြစ်သော ဒေ၀ူးကုမ္ပဏီ အနေဖြင့် ၂၀၀၀ ပြည့်နှစ်လောက်မှစ၍ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခဲ့ပြီး ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝ လုပ်ကွက်တွင် ရင်းနှီးမြှုပ်နှံထားကြောင်းနှင့် ဒေ၀ူးကုမ္ပဏီ၏ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၂ ဒသမ၂ ဘီလျံ ရှိကြောင်း သိရှိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top