ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှု ဆက်သွယ်ဆောင်ရွက်နေသည့် သင်္ဘောတစ်စင်းအား ရန်ကုန်ဆိပ်ကမ်းတွင် တွေ့ရစဉ်
ဥရောပ လွတ်လပ်သော ကုန်သွယ်မှုအဖွဲ့ (European Free Trade Association-
EFTA) နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ
ဒုတိယ၀န်ကြီးတို့သည် နော်ဝေနိုင်ငံတွင် ဇွန် ၂၄ ရက်က ပူးပေါင်းဆောင်ရွက်ရေး
ပူးတွဲကြေညာချက်ကို သဘောတူလက်မှတ် ရေးထိုးခဲ့ပြီး အဆိုပါ
ပူးတွဲကြေညာချက်အရ EFTA-မြန်မာ ပူးတွဲကော်မတီကို ဖွဲ့စည်းကြမည်ဖြစ်ကြောင်း
သိရသည်။
ထိုသို့ဖွဲ့စည်းပြီး အဖွဲ့ဝင် နိုင်ငံများအကြား ကုန်သွယ်ရေးနှင့်
စီးပွားရေးဆိုင်ရာ ကိစ္စများကို ညှိနှိုင်းဆွေးနွေး နိုင်မည်ဖြစ်ကြောင်း
သိရသည်။
ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက်
ဥရောပ လွတ်လပ်သော ကုန်သွယ်မှုအဖွဲ့နှင့် မြန်မာနိုင်ငံတို့ ပူးတွဲကော်မတီ
ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီးဌာနမှ သတင်းရရှိသည်။

ဒုတိယ၀န်ကြီးတို့ လက်မှတ်ရေးထိုးခဲ့သော ပူးတွဲကြေညာချက်အရ EFTA အဖွဲ့ဝင်
နိုင်ငံများနှင့် မြန်မာနိုင်ငံအကြား စီးပွားရေးဆိုင်ရာ ဆက်သွယ်မှုများ၊
ကုန်စည်ကုန်သွယ်ရေး ၀န်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့
တိုးမြှင့်ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများတွင်
ဖြေလျှော့ရေး ပူးပေါင်းဆောင်ရွက်သွားရန်၊ အသေးစားနှင့် အလတ်စား
လုပ်ငန်းများ အပါအ၀င် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ပူးပေါင်းဆောင်ရွက်ရန် အစရှိသည့် အချက်များကို သဘောတူခဲ့ကြောင်း သိရသည်။
ထို့ပြင် ကုန်သွယ်ဆက်ဆံမှုများ ဆောင်ရွက်ရာတွင် အလုပ်သမားနှင့်
ပတ်ဝန်းကျင်ဆိုင်ရာ စံချိန်စံညွှန်းများကို ထင်ဟပ်စေရန်နှင့် စီးပွားရေး၊
ကုန်သွယ်ရေးဆိုင်ရာ ကဏ္ဍများ ပိုမိုဖွံ့ဖြိုး တိုးတက်စေနိုင်မည့်
အခြားဖြစ်နိုင်ခြေ များကိုလည်း လေ့လာသွားရန် သဘောတူညီခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် EFTA နိုင်ငံများအကြား သင့်လျော်မည့် ကာလတစ်ခုတွင်
ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏ သဘောတူညီချက် များနှင့်အညီ လွတ်လပ်သော ကုန်သွယ်မှု
ဒေသတစ်ခုကို ထူထောင်ရေးကိုလည်း ပူးတွဲလေ့လာ သွားမည်ဖြစ်ကြောင်း သိရသည်။
EFTA ၏ အဖွဲ့ဝင်နိုင်ငံများမှာ အိုက်စလန်၊ လက်ချင်စတိန်း၊ နော်ဝေနှင့် ဆွစ်ဇာလန်စသည့် နိုင်ငံများဖြစ်ကြောင်း သိရသည်။

No comments :
Post a Comment