ရှမ်းပြည်နယ်အတွင်းရှိ ဘိန်းခင်းများကို သက်ဆိုင်ရာက ဖျက်ဆီးနေစဉ်
မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှုမှာ
စားဝတ်နေရေးအတွက် အဓိက ဖြစ်နေသော်လည်း ယခုနောက်ပိုင်းတွင်မူ စီးပွားရေး
ဈေးကွက်သို့ ကူးပြောင်းလုပ်ဆောင် လာနေကြောင်း မူးယစ်ဗဟိုအဖွဲ့မှ ဒုတိယ
ညွှန်ကြားရေးမှူး ဖြစ်သူ ဒုတိယရဲမှူးကြီး တင်အောင်ထံမှ သိရသည်။
ထိုသို့ စီးပွားရေး ဈေးကွက်အသွင်းသို့ ကူးပြောင်းလုပ်ဆောင် လာသည်ကို
နိုင်ငံတကာ အဖွဲ့များနှင့်အတူ လေ့လာရာတွင် တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းမှ အထွေထွေ အတွင်းရေးမှူး
ဦးမြင့်ခိုင်က ''မူးယစ်ဆေးဝါးကို စီးပွားဖြစ် ဖြန့်ဖြူးထုတ်လုပ်သူတွေ
အများအပြား ရှိနေပါတယ်'' ဟု ပြောကြားသည်။
ယခင်က ဘိန်းစိုက်ပျိုးမှု၏ ၉၀ ရာခိုင်နှုန်းမှာ စားဝတ်နေရေး အဆင်ပြေလည်မှု
မရှိခြင်းကြောင့် ဖြစ်သည့်အပြင် မိရိုးဖလာ အစဉ်အလာကြောင့်
စိုက်ပျိုးခြင်းတို့သာ ရှိခဲ့သည်။
သို့သော်လည်း ဘိန်းမှောင်ခို ဈေးကွက်အတွင်း ငွေကြေးတန်ဖိုး
မြင့်မားမှုများ ရှိလာသည့်အတွက် စီးပွားရေးဆန်ဆန် လုပ်ကိုင်လာနေသည်ကို
တွေ့ရှိရကြောင်း ဒုတိယရဲမှူးကြီး တင်အောင်က ပြောသည်။
ထို့ကြောင့် မူးယစ်ဆေးဝါး ပပျောက်ရေး စီမံကိန်းအား ငါးနှစ်ထပ်မံ
တိုးမြှင့်ရခြင်း ဖြစ်ကြောင်း၊ နောင်လာမည့် စီမံကိန်း ငါးနှစ်အတွင်း
ဘိန်းအဓိက ထွက်ရှိသည့် နေရာများတွင် လျော့နည်းသွားစေရန် လုပ်ဆောင်သွားမည်
ဖြစ်ကြောင်း သိရသည်။
ယင်အပြင် ဘိန်းစိုက်ပျိုးနေသော တောင်သူများအား အစားထိုး
သီးနှံစိုက်ပျိုးမှု ပြုလုပ်ရန်၊ ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက်
လိုအပ်နေမှုများအားလည်း ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဒုတိယရဲမှူးကြီး တင်အောင်က ''တာချီလိတ်မှာဆိုရင် ရေမရှိဘူး။ သောက်ရေကန်
မရှိဘူး။ အဲဒါကို ကျွန်တော်တို့ အစိုးရက ဖြည့်ဆည်းပေးနိုင်ခဲ့ပြီး
သူတို့ယုံကြည်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့ အတွက် ဘိန်းစိုက်ပျိုးမှုနှုန်း
လျော့နည်းသွားပါတယ်'' ဟု ပြောသည်။
ရှမ်းပြည်နယ်မှာ မြန်မာနိုင်ငံ၏ ဘိန်းဈေးကွက်အတွင်း ၉၀
ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်နေပြီး ကချင်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှလည်း
အဓိက ထုတ်လုပ်နေကြောင်းလည်း သိရသည်။

No comments :
Post a Comment