7 July အရေးတော်ပုံ (၅၁)နှစ် ပြည့်မြောက်သည့် အထိမ်းအမှတ်အဖြစ်
တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တကသ)မှ ကြီးမှူးပြီး ၈၈ မျိုးဆက်
ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးခန်းတွင် မွန်းလွဲ ၁
နာရီမှ ၃ နာရီအထိ ကျင်းပမည်ဖြစ်ပြီး ထိုပွဲကို
မျိုးဆက်ဟောင်းကြီးများဖြစ်သော ဗကသ အလုပ်အမှုဆောင်ဟောင်း တစ်ဦးဖြစ်သူ
ဦးသာဘန်း တက်ရောက်မည်ဟု သိရသည်။
ထိုအမှတ်တရ အခမ်းအနားကို စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊
ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ကွန်ပျူတာတက္ကသိုလ် ကျောင်းသားများ
သမဂ္ဂနှင့် အမျိုးသားစီမံခန့်ခွဲမှု ကောလိပ်ကျောင်းသားများ သမဂ္ဂမှ
ပူးပေါင်းကာ ကျင်းပကြခြင်းဖြစ်ပြီး အခမ်းအနား အစီအစဉ်များထဲတွင်
ကျဆုံးသွားသော ကျောင်းသူကျောင်းသားများအား အမျှဝေခြင်း၊ ကဗျာရွတ်ဆိုခြင်း၊
Performance ပြုလုပ်ခြင်း၊ အမှတ်တရ စကားပြောခြင်း၊ ကျောင်းသားသမဂ္ဂ အမှတ်တရ
အစီအစဉ်များ ပါဝင်သည်ဟု သိရသည်။
"ကျောင်းသားသမဂ္ဂ ဆိုတာက နယ်ချဲ့ကို ဆန့်ကျင်တဲ့နေရာမှာ ဦးဆောင်ခဲ့တယ်။
အာဏာရှင်တွေကိုလည်း တော်လှန်တိုက်ခိုက်ခဲ့တယ်။ အမြဲတမ်း တက်တက်ကြွကြွနဲ့
အမှန်တရားဘက်က ရပ်တည်ခဲ့တာဖြစ်လို့ ကျောင်းသားသမဂ္ဂကို ရှိစေချင်ပါတယ်။
တစ်ချိန်တုန်းကတော့ ကျောင်းစတက်တာနဲ့ ကျောင်းသားသမဂ္ဂ အဆောင်အအုံနဲ့
မိတ်ဆက်ခဲ့ရတယ်။ အခုတော့ အသက်ဝိညာဉ်တွေနဲ့ တကသ မြက်ခင်းပြင်ပဲ ရှိတော့တယ်။
ဒါပေမဲ့ ကျောင်းသားမျိုးဆက်ကတော့ သေမသွားဘူး။ ကျွန်တော်တို့ နေပြည်တော်မှာ
ပညာရေးဖိုရမ် သွားတက်တုန်းကလည်း ကျောင်းသားသမဂ္ဂတွေကို တရားဝင်
အသိအမှတ်ပြုပေးဖို့၊ တရားဝင် ဖွဲ့စည်းခွင့်တွေရဖို့ တောင်းဆိုထားတာ
ရှိပါတယ်" ဟု တကသအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၁၉၆၂ ခုနှစ် မတ် ၂ ရက်တွင် ဗိုလ်ချုပ်နေ၀င်း ဦးဆောင်သော
တော်လှန်ရေးကောင်စီမှ အာဏာသိမ်းခဲ့ပြီးနောက် ဗကသ၊ တကသ၊ ရကသမှ
ကျောင်းသားများ ပူးပေါင်းပြီး အာဏာသိမ်းခြင်းကို ကန့်ကွက်ကြောင်း ကြေညာချက်
ထုတ်ပြန်ခဲ့ပြီးနောက် ဇွန်လကျောင်းများ ပြန်ဖွင့်ချိန်တွင်
ကျောင်းဆောင်ဥပဒေ (၂၂) ချက်ကို ထုတ်ပြန်ခဲ့သဖြင့် ဇူလိုင်လဆန်းမှ စတင်ကာ
တက္ကသိုလ်များအတွင်း ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ကာ ဇူလိုင် ၇ ရက်တွင်
တော်လှန်ရေးကောင်စီမှ ရန်ကုန်တက္ကသိုလ်အတွင်း ၀င်ရောက်ပစ်ခတ်
နှိမ်နင်းမှုများကြောင့် ကျောင်းသားများစွာ သေဆုံးခဲ့ရသည်။ ဇူလိုင် ၈ ရက်
နံနက်တွင် သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဗုံးခွဲဖျက်ဆီးခဲ့သည်။

No comments :
Post a Comment