ဂျပန်နိုင်ငံသို့ ရောက်ရှိလာသော မြန်မာ့ဆန်များကို တွေ့ရစဉ် (ဓာတ်ပုံ-MAPCO)
ဂျပန်နိုင်ငံမှ ၎င်းတို့ဈေးကွက် အတွင်းသို့ ဆန်တင်သွင်း လိုသူများအား
လာမည့်စက်တင်ဘာလအတွင်း တင်ဒါထပ်မံ ခေါ်ယူသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ
အနေဖြင့် တန်းမြင့်ဆန်များ တင်ပို့နိုင်ရေးအတွက် တင်ဒါဝင်ရောက်
ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်
တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက ပြောကြားသည်။
မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး
ဒေါက်တာစိုးထွန်းက "မြန်မာ့တန်းမြင့်ဆန်တွေကို ဥရောပနိုင်ငံ တချို့မှာ
စမ်းသပ်တင်ပို့ နေပါပြီ။ ဒါ့အပြင် ဂျပန်နိုင်ငံကိုပါ ဈေးကွက်တိုးချဲ့
တင်ပို့နိုင်ရေးအတွက် ဂျပန်က စက်တင်ဘာမှာ ဆန်တင်ဒါ ခေါ်ယူမှာဖြစ်လို့
တင်ဒါဝင်ရောက် ယှဉ်ပြိုင်သွားမှာပါ" ဟု ပြောကြားသည်။
ဂျပန်နိုင်ငံသို့ ၄၅ နှစ်အတွင်း ပထမဦးဆုံး ပြန်လည်တင်ပို့
ရောင်းချသည့် မြန်မာ့ဆန် (ဆင်းသွယ်လတ်) တန်ချိန် ၅၀၀၀ ဂျပန်နိုင်ငံသို့
ရောက်ရှိခဲ့ပြီးနောက် မြန်မာ့ဆန်သည် ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်
ကောင်းမွန်ခြင်း၊ အရသာ ကောင်းမွန်ခြင်းနှင့် ဓာတုဗေဒဓာတ်ကြွင်း
ကင်းစင်ခြင်းကြောင့် ပိုမိုတိုးမြှင့် ၀ယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
"ဂျပန်နိုင်ငံကို မြန်မာနိုင်ငံက နှစ်ပေါင်း ၄၅ နှစ်အတွင်း
မြန်မာ့ဆန်ကို တင်ပို့ရောင်းချနိုင်တာ မြန်မာ့ဆန်စပါး ဈေးကွက်အတွက်
အင်မတန် အလားအလာ ကောင်းပါတယ်။ ဂျပန်နိုင်ငံဟာ ဆန်စပါး တင်ပို့ရောင်းချမှုနဲ့
ပတ်သက်ရင် အင်မတန် စည်းကမ်းတင်းကျပ်ပါတယ်။ ဒါကြောင့် ဂျပန်နိုင်ငံဟာ
ဆန်ကိုအများအားဖြင့် အမေရိကန်နဲ့ ထိုင်းနိုင်ငံကနေပဲ ၀ယ်ယူပါတယ်။ ဒါဟာ
မြန်မာနိုင်ငံ အနေနဲ့ ကမ္ဘာမှာ အကောင်းဆုံးဆန်ကို ထုတ်လုပ်နိုင်တယ်ဆိုတာ
သက်သေပြသွားတာပါ" ဟု ဦးရဲမင်းအောင်က ပြောကြားသည်။
မြန်မာဆန်စပါး လုပ်ငန်းရှင်များ အနေနဲ့ တန်းမြင့်ဆန်တွေကို
နိုင်ငံတကာသို့ တင်ပို့ရောင်းချ သင့်နေပြီဖြစ်ကြောင်း၊ အရည်အသွေးကို
အထူးပြုသည့် ဈေးကွက်တစ်ခု ပေါ်ပေါက်လာဖို့ ဆောင်ရွက်သင့်ပြီဖြစ်ကြောင်း
၎င်းကဆက်လက် ပြောကြားသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင်မူ ပြည်ပသို့ ဆန်တန်ချိန် သုံးသန်းအထိ
တင်ပို့သွားရန် စီစဉ်ထားကြောင်းလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

No comments :
Post a Comment