သီလ၀ါဆိပ်ကမ်း တစ်နေရာအား ဇွန် ၂၈ ရက်က တွေ့မြင်ရစဉ်
သီလ၀ါ ဆိပ်ကမ်းတွင် ဆိပ်ခံတံတားနှင့် သိုလှောင်ကန်များ တည်ဆောက်ရန် Puma
Energy (Myanmar)ltd ကုမ္ပဏီအား ပို့ဆောင်ရေး ၀န်ကြီးဌာနမှ အပြီးသတ်
ရွေးချယ်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သိရသည်။ အဆိုပါ Puma
Energy (Myanmar)ltd ကုမ္ပဏီသည် သီလ၀ါ ဆိပ်ကမ်း၌ ဆိပ်ခံတံတားနှင့်
ဆီသိုလှောင်ကန်များအား BOT စနစ်ဖြင့် တည်ဆောက်သွားမည် ဖြစ်သည်။
သီလ၀ါ ဒေသရှိ မြေကွက် အမှတ် (၃) အား BOT စနစ်ဖြင့် ငှားရမ်းပြီး
ကတ္တရာနှင့် ရေနံဆက်စပ် ပစ္စည်းများ တင်သွင်းဖြန့်ဖြူးရန်၊ ဆိပ်ခံတံတားနှင့်
သိုလှောင်ကန်များ တည်ဆောက်ရန် ကုမ္ပဏီ အဖွဲ့အစည်း အသီးသီးသို့
တင်ဒါခေါ်ယူခဲ့သည်။
"ပို့ဆောင်ရေး ၀န်ကြီးဌာနက ခွင့်ပြုချက် ရပြီးဖြစ်လို့ မြန်မာနိုင်ငံ
ရင်းနှီးမြုပ်နှံမှု ကော်မရှင်ကို ဆက်လက်တင်ပြဖို့ စီစဉ်နေပါတယ်" ဟု
မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ အထွေထွေ မန်နေဂျာ ဦးကျော်မြင့်က
ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုချက် ရရှိပါက
လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ်ချုပ်၍ တည်ဆောက်ရေး လုပ်ငန်းများ
စတင်သွားမည်ဟု သိရသည်။
သီလ၀ါ ဒေသတွင် ဆိပ်ကမ်းများ တည်ဆောက်ရန် မြေကွက်တစ်ကွက်လျှင် မျက်နှာစာ
အလျား မီတာ ၂၀၀၊ ကုန်းတွင်းဘက်သို့ မီတာ ၇၅၀ (အကျယ် ၃၇ ဒသမ ၀၆ ဧက) ရှိ
မြေကွက် ၃၇ ကို တိုးချဲ့ဖော်ထုတ်ခဲ့သည်။
အဆိုပါ မြေကွက်များပေါ်တွင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၊
မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း၊ ရွှေတောင်ကုမ္ပဏီ၊ မက်စ်မြန်မာ
ဝန်ဆောင်မှု ကုမ္ပဏီ၊ IGE Service Co.ltd၊ ဒိုင်းမွန်းစတား ကုမ္ပဏီ၊
မြတ်မေတ္တာမွန် ၀န်ဆောင်မှုကုမ္ပဏီ၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် စသည့်ကုမ္ပဏီ
အဖွဲ့အစည်း အသီးသီးမှ ဆိပ်ကမ်းနှင့် ဆိပ်ခံတံတားများ တည်ဆောက်၍
ဆိပ်ကမ်းလုပ်ငန်း အသီးသီးကို ဆောင်ရွက်လျက် ရှိသည်။
အဆိုပါ တင်ဒါပုံစံများကို မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ အမေရိကန်ဒေါ်လာ
၅၀၀ ဖြင့် ရောင်းချခဲ့ရာ ကုမ္ပဏီ အဖွဲ့အစည်း ၁၈ ခုမှ ၀ယ်ယူခဲ့သည်။
တင်ဒါစည်းကမ်းချက်များတွင် တင်ဒါတင်သွင်းမည့် ကုမ္ပဏီသည် ရေနံနှင့်
ဆက်စပ်ပစ္စည်းများဖြစ်သော ရေနံဓာတ်ငွေ့ရည်၊ ဓာတ်ဆီနှင့်
စက်သုံးဆီသိုလှောင်ကန်များ ပိုင်ဆိုင်ပြီး ကုဗမီတာ သုံးသန်းအား
ကမ္ဘာတစ်ဝန်း၌ ထုတ်လုပ်ရောင်းချ ဖြန့်ဖြူးနေသူ ဖြစ်ကြောင်း၊ ၎င်းကုဗမီတာ
သုံးသန်းအနက်မှ အနည်းဆုံး ၇၅၀၀၀ မှာ ကတ္တရာ သိုလှောင်ကန်များ ဖြစ်ကြောင်း
အထောက်အထား၊ နိုင်ငံတကာလုပ်ငန်း လုပ်ဆောင်မှု အတွေ့အကြုံ အနည်းဆုံး ၁၀
နှစ်ရှိကြောင်း အထောက်အထား၊ မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ်တွင်
မြန်မာ့ဆိပ်ကမ်း အာဏာပိုင် အမည်ဖြင့် ခြောက်လသက်တမ်းရှိ တင်ဒါလုံခြုံမှု
အာမခံငွေ အမေရိကန်ဒေါ်လာ ငါးသန်းထားရှိရမည် စသည့်အချက်များ ပါဝင်သည်။
တင်ဒါပုံစံ ၀ယ်ယူထားသည့် ကုမ္ပဏီ ၁၈ ခုအနက် Puma Energy (Myanmar)ltd
ကုမ္ပဏီနှင့် PETROCHINA International (Singapore) Pte ltd ကုမ္ပဏီနှစ်ခုသာ
တင်ဒါလုံခြုံမှု အာမခံငွေ အမေရိကန်ဒေါ်လာ ငါးသန်းပေးသွင်းခဲ့ကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီနှစ်ခုအနက် PETROCHINA International (Singapore) Pte ltd
ကုမ္ပဏီသည် တင်ဒါလုံခြုံမှု အာမခံငွေအား ပြန်လည်ရုပ်သိမ်း၍ တင်ဒါပုံစံအား
တင်သွင်းခြင်း မရှိခဲ့ကြောင်း သိရသည်။
သို့ဖြစ်၍ မေ ၈ ရက်တွင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၌ ပြုလုပ်သည့်
ပဏာမအဆင့် တင်ဒါစိစစ် ရွေးချယ်ပွဲတွင် တင်ဒါစည်းကမ်းချက်များအားလုံး
ပြည့်စုံသည့် ကုမ္ပဏီ အနေဖြင့် Puma Energy (Myanmar)ltd ကုမ္ပဏီတစ်ခုသာ
ရှိခဲ့ပြီး ယင်းကုမ္ပဏီအား ပဏာမအဆင့် ရွေးချယ်ခဲ့ပြီး ယခုအချိန်တွင်
အပြီးသတ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

No comments :
Post a Comment