Blogger Widgets

Sunday, 30 June 2013

အမေရိကန်မှ ပေးအပ်သည့် ကုန်သွယ်မှု အထူးအခွင့်အရေး (GSP) ရရှိပါက ပို့ကုန်အမည်ပေါင်း ၅၀၀၀ ကျော်ကို အကောက်ခွန်လွတ် တင်ပို့နိုင်မည်

gsp-june30
ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံတစ်ရုံအား တွေ့ရစဉ်
အမေရိကန် ပြည်ထောင်စုမှ ပေးအပ်သည့် ကုန်သွယ်မှု အထူးအခွင့်အရေး (GSP) ရရှိပါက ပို့ကုန်အမည်ပေါင်း ၅၀၀၀ ကျော်ကို အကောက်ခွန်လွတ် တင်ပို့နိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။
GSP သည် ဖွံ့ဖြိုးပြီးနိုင်ငံများမှ ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများသို့ တစ်ဖက်သတ် အကောက်ခွန် လျှော့ချပေးသည့် စနစ်ဖြစ်ပြီး အမေရိကန် ပြည်ထောင်စုသည် ၁၉၇၄ ခုနှစ်မှစကာ အဆိုပါ အခွင့်အရေးကို မြန်မာနိုင်ငံ အပါအ၀င် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
၁၉၈၈ ခုနှစ် တပ်မတော် အစိုးရ တက်လာပြီးနောက် ၁၉၈၉ ခုနှစ် ဇူလိုင် ၁ ရက်မှစပြီး မြန်မာနိုင်ငံအပေါ် ပေးအပ်ထားသည့် ကုန်သွယ်မှု အထူးအခွင့်အရေး (GSP) ကို ပြန်လည်ရုပ်သိမ်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စုမှ ပေးအပ်သည့် ကုန်သွယ်မှု အခွင့်အရေး ပြန်လည်ရရှိရန်အတွက် ယခုနှစ် ဇွန်လဆန်းပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ အမေရိကန်သို့ သွားရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ခရီးစဉ်အတွင်း GSP ပြန်လည် ရရှိရေး အဆင့်တစ်ဆင့်ဖြစ်သည့် ကြားနာစစ်ဆေးမှုကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးသည် အဖွဲ့အစည်း ပေါင်းစုံမှ တင်ပြလာသည့် တင်ပြချက်များကို ဘက်စုံလေ့လာ သုံးသပ်ပြီး သမ္မတက ဆုံးဖြတ်နိုင်ရန် အကြံပြု တင်ပြပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ GSP ပြန်လည်ပေးအပ်ရေးမှာ အမေရိကန် သမ္မတ၏ ဆုံးဖြတ်ချက်သာဖြစ်ကြောင်း သိရသည်။
လက်ရှိမှာ အမေရိကန် GSP အကျိုးခံစားခွင့် ရရှိနေသည့် ဖွံ့ဖြိုးဆဲနိုင်ငံ ၁၂၇ နိုင်ငံရှိပြီး ၄၄ နိုင်ငံမှာ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများဖြစ်ပြီး ၂၀၁၂ ခုနှစ်အတွင်း အမေရိကန်မှ GSP အများဆုံး အကျိုးခံစားနေသည့် နိုင်ငံအချို့မှာ အိန္ဒိယ၊ ထိုင်း၊ ဘရာဇီး၊ အင်ဒိုနီးရှားနဲ့ တောင်အာဖရိက နိုင်ငံများဖြစ်ကြောင်း သိရသည်။ GSP အခွင့်အရေး ပြန်လည်ရရှိပါက ပို့ကုန်အမည်ပေါင်း ၅၀၀၀ ကျော်ကို အမေရိကန် ပြည်ထောင်စုသို့ အကောက်ခွန်မဲ့ တင်ပို့ခွင့် ရရှိမည်ဖြစ်၍ ဈေးကွက်ကျယ်ပြန့် လာမည်ဖြစ်ကြောင်း သိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top