Blogger Widgets

Wednesday, 5 June 2013

သင်္ကြန်တွင်း အထိန်းသိမ်းခံ မွန်လူငယ်များ အမှုမှန်ပေါ်ရေး ကော်မရှင်ဖွဲ့

ပြီးခဲ့သည့် သင်္ကြန်၌ မွန်ပြည်နယ် ဖားအောက် မဏ္ဍပ်၌ ရဲနှင့် ပဋိပက္ခဖြစ်၍ အဖမ်းခံရသည့် မွန်လူငယ်များ ပြန်လည်လွတ်မြောက်ရေးနှင့် အမှုမှန် ပေါ်ပေါက်ရေး စုံစမ်းနိုင်ရန် ၁၅ ဦးပါ ကော်မရှင် တရပ်ကို ဖွဲ့စည်းလိုက်သည်။

မေလ ၂၉ ရက်နေ့က မော်လမြိုင်မြို့၌ ကျင်းပသည့် မွန်စာပေ ယဉ်ကျေးမှုကော်မတီ (ဗဟို) အစည်းအဝေးက လျာထားဖွဲ့စည်း ခဲ့ပြီး ဇွန်လ ၂ ရက်နေ့၌ ထပ်လောင်း အတည်ပြုလိုက်ခြင်း ဖြစ်သည်။

ယင်းကော်မရှင်တွင် တဖွဲ့လျှင် ကိုယ်စားလှယ် ၃ ဦးကျစီဖြင့် မွန်နိုင်ငံရေး ပါတီ သုံးခု (မွန်ပြည်သစ် ပါတီ၊ မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ မွန်ဒီမိုကရေစီ ပါတီ) မှ ကိုယ်စားလှယ်များ၊ ရဟန်းသံဃာ ကိုယ်စားလှယ်များ၊ မွန်လူငယ် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းလိုက်ကြောင်း ကော်မရှင်အဖွဲ့ဝင် တဦးဖြစ်သူ Mon Youth Forum မှ နိုင်ရာဇာ က ပြောသည်။

“အမှုမှန် ပေါ်ဖို့ ဖော်ထုတ် ဖို့ပါ။ ကလေးတွေ ကွင်းလုံးကျွတ် အမှုက လွတ်အောင် ကူညီ လုပ်ဆောင်ဖို့ရယ်၊
နောက်တခုက အမျိုးသားအလံကို စော်ကား ပြောဆိုပြီး ခြေနဲ့နင်းတဲ့ ဒု-ရဲအုပ် မြင့်နိုင်ကို မှန်ကန်တဲ့ တရားဥပဒေ
ရှေ့မှောက်မှာ အရေးယူနိုင်အောင် ဆောင်ရွက်ဖို့ အဓိက တာဝန်ရှိတာပေါ့” ဟု မဇ္ဈိမကို ပြောသည်။

ယခု ဖွဲ့စည်း လိုက်သည့် ကော်မရှင်မှ အထိန်းအသိမ်း ခံထားရသည့် လူငယ်များ ပြန်လည် လွတ်မြောက်ရေး အတွက် သက်သေ အထောက်အထား ရှာဖွေမှု၊ ငွေကြေး အထောက် အပံ့ ရှာဖွေမှု စသည်တို့ကိုလည်း
ဆောက်ရွက် ပေးသွားမည်ဟု ဆိုသည်။

ဇွန်လ ၂ ရက်နေ့၌ပင် မုဒုံမြို့နယ် ကျွန်းရွာနှင့် ကနားလေရွာများရှိ အထိန်းအသိမ်းခံ လူငယ်များ၏ မိသားစုများကို ကိုယ်စားလှယ်များ သွားရောက် တွေ့ဆုံခဲ့သည်။ အမှုနှင့် စပ်လျဉ်း၍ ကော်မရှင်မှ အပြည့်အဝ တာဝန်ယူ
ဖော်ထုတ် ပေးသွားမည် ဖြစ်ပြီး သက်သေများ ဝိုင်းဝန်း ရှာဖွေပေးရန် ပြောကြားခဲ့သည်။

စွဲဆိုထားသည့် အချက်အလက်များနှင့် လူငယ် မိဘများ၊ သူငယ်ချင်းများ၏ ထွက်ဆိုချက် များတွင် ကွဲလွဲ နေသည့် အချက်များ ရှိကြောင်းလည်း ကော်မရှင် အဖွဲ့ဝင် မွန်ပြည်သစ် ပါတီမှ ကိုယ်စားလှယ် တစ်ဦးက ပြောသည်။

“ကျနော်တို့ သွားတွေ့တော့ သူတို့တင်ပြတာက ပြဿနာ စဖြစ်တာက ရဲက အလံကို ဆွဲဖြဲပြီး ခြေနဲ့ နင်းတယ်။ ယုတ်ယုတ်မာမာ ပြောတယ်။ အဲဒါကို မကျေနပ်လို့ အခင်း ဖြစ်ကြတာ။ လက်နက် လုတာကလည်း မဟုတ်ဘူး။ ရုန်းရင်းဆန်ခတ် ဖြစ်ရင်းနဲ့ အဲဒီ ရဲအုပ် ခါးက သေနတ် လွတ်ကျသွားတာ။ တယောက်က အဲဒီ သေနတ်ကို ကန်ပစ်လိုက်တယ်။ နောက်တယောက်က ကောက်ယူထားပေးတာ ဖြစ်တယ်” ဟု ကော်မရှင် အဖွဲ့ဝင် မွန်ပြည် သစ်ပါတီ မော်လမြိုင် ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူး ကျည်ဆံ က ပြောသည်။

သို့သော် ခရိုင်ရဲ တပ်ဖွဲ့ မှတ်တမ်း ဗွီဒီယိုအား မော်လမြိုင်ခရိုင် ရဲစခန်း၌ သွားရောက်ကြည့်ရှုစဉ်က အလံအား ဆုတ်ဖြဲခြင်း ခြေဖြင့် နင်းခြင်း စသည့် လုပ်ဆောင်မှုမျိုး မတွေ့ရှိရကြောင်း ၎င်းက ဆက်ပြောသည်။

မွန်လူငယ် ၁၁ ဦးတို့သည် နှစ်ဆန်း တရက်နေ့၌ ရိုးဂိုး ဘုရားပွဲမှ အပြန် ဖားအောက်ရွာရှိ မဏ္ဍပ် အရောက်၌ မွန်အမျိုးသား အလံအား ကိုင်ကာ အော်ဟစ် ကခုန်ကြစဉ် ၎င်းမဏ္ဍာပ်၌ ရှိနေသည့် မုပွန် ရဲစခန်းမှ ဒု-ရဲအုပ် မြင့်နိုင်နှင့် ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုဖြစ်စဉ်ကြောင့် လူငယ် လေးဦးအား ပုဒ်မ ၃၃၂ ဝန်ထမ်း ဝတ္တရား နှောင့်ယှက်မှု၊ ငါးဦးအား ပုဒ်မ (၃၃၃) ဝန်ထမ်း ဝတ္တရား နှောင့်ယှက် မှုနှင့် ပြင်းထန်စွာ နာကျင်စေအောင် ဟန့်တားမှုနှင့် ကျန် နှစ်ဦးအား ပုဒ်မ ၁၉ (က) လက်နက် လုယက်မှုတို့ဖြင့် အသီးသီး တရားစွဲဆိုခြင်း ခံထားရသည်။

ကော်မရှင် ဦးဆောင်မှုကို မွန်နိုင်ငံရေး ပါတီများအား အပ်နှင်းထားကြောင်း အဖွဲ့ဝင်ဖြစ်သည့် မေတ္တာအောင်မြင်
ကျောင်းတိုက် (တာတပွန် ရိပ်သာ ကျောင်းတိုက်) မှ ဆရာတော် တပါးက မိန့်ကြားသည်။

“ဘုန်းဘုန်းတို့ အနေနဲ့ အမှုမှန် ပေါ်ဖို့ ဝိုင်းဝန်း လုပ်ဆောင်ပေးကြတာပေါ့။ အမျိုးသားအလံ ကိစ္စက စတဲ့ ပြဿနာ
ဖြစ်လို့ အလံဆိုတာ အမျိုးသား အားလုံးကို ကိုယ်စားပြုပါတယ်။ ဘုန်းဘုန်းတို့ ကိုယ်တိုင်လည်း အမျိုးသား အလံ အောက်မှာပဲ။ ဥပဒေအရ အမှန်ဆုံး ဖြစ်အောင် စီစဉ် ဆောင်ရွက်ကြစေချင်ပါတယ်” ဟု မဇ္စိမကို မိန့်ဆိုသည်။

ဧပြီလ ၁၇ ရက်နေ့က ထိန်းသိမ်း ခံရသူ ၁၁ ဦးအနက် အသက် မပြည့်သူ ခြောက်ဦး အား မေလ ၁၀ ရက်နေ့နှင့် ၁၃ ရက်နေ့များတွင် ကျပ်သိန်း ၅၀ စီ အာမခံများဖြင့် ပြန်လွှတ်ပေးခဲ့ပြီး ကျန် ငါးဦးမှာ မော်လမြိုင် အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရဆဲ ဖြစ်သည်။

No comments :

Post a Comment

Blogger Widgets
Back to Top