Blogger Widgets

Wednesday, 5 June 2013

ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ သံတမန်များကို ရှင်းပြမည်

KIO နှင့် တပ်မတော်တို့ကြား စစ်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည့် ၂ နှစ်ပြည့် အထိမ်းအမှတ်နေ့တွင် မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံတကာ သံတမန်များကို    မြန်မာ့ငြိမ်းချမ်းရေး တည်ဆောက်မှု အခြေအနေများ ရှင်းလင်း ပြောကြားမည် ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဦးဂျော်ဂွန်းက ပြောကြားသည်။
ယင်းရှင်းလင်းပွဲကို ဇွန်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ Central ဟိုတယ်၌ နံနက် ၁၀ နာရီမှ စတင်ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှု အခြေအနေများကို နိုင်ငံတကာ အသိုင်းအဝိုင်းက အမှန်တကယ် သိရှိပြီး မြန်မာ့ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် နိုင်ငံတကာ ပါဝင်နိုင်သည့် အခန်းကဏ္ဍကို ရှင်းလင်းတင်ပြမည် ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်မေစံပယ်ဖြူက ရှင်းလင်းပြောကြားသည်။
“စစ်ဘေးရှောင် ပြည်သူတွေရဲ့ အခြေအနေမှန်ကိုလည်း ရှင်းပြမယ်။ နိုင်ငံတကာက ကူညီအောင် Advocacy (မူဝါဒလျှောက်လဲ) လုပ်သွားမယ်” ဟု ဒေါ်မေစံပယ်ဖြူက ဆိုသည်။
လက်ရှိ ငြိမ်းချမ်းရေး ဖော်ဆောင်မှုများတွင် လွတ်လပ်သော တတိယအင်အားစုအဖြစ် ပါဝင်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော မြန်မာငြိမ်းချမ်းရေး စင်တာကို တစ်နိုင်ငံလုံးရှိ လူမှုအဖွဲ့အစည်းများဖြင့် ပြန်လည် ဖွဲ့စည်းသင့်သည်ဟု ယင်းနေ့တွင် တက်ရောက်လာမည့် သံတမန်များကို အကြံပြု ပြောကြားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
မြန်မာတစ်နိုင်ငံလုံးရှိ လူမှုအသင်းအဖွဲ့ ၁၈ ဖွဲ့ ပူးပေါင်းလုပ်ဆောင်သည့် ငြိမ်းချမ်းရေးဖြစ်စဉ် ရှင်းလင်းပွဲကို တက်ရောက်ရန် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ သံတမန် ၇၀ ခန့်ကို ဖိတ်ကြားထားကြောင်း ဦးဂျော်ဂွန်းက ရှင်းပြခဲ့သည်ဟု ၂၀၁၃ ခုနှစ် ဇွန်လ ၄ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။

No comments :

Post a Comment

Blogger Widgets
Back to Top