အစိုးရသစ် အနေဖြင့် သဘာဝဓာတ်ငွေ့ ရောင်းချမှု တစ်ခုတည်းမှ အမေရိကန်ဒေါ်လာ ၇ ဒသမ ၂ ဘီလျံကျော် (ကျပ်သန်းပေါင်း ၆၅၀၀၀၀၀) အထိ ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်း များအရ သိရသည်။
အစိုးရသစ် စတင်တာဝန်ယူ သည့် ၂၀၁၁ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ၂၀၁၃ ခုနှစ် မတ် ၃၁
ရက်အထိ နှစ်နှစ်အတွင်း သဘာဝ ဓာတ်ငွေ့ ပြည်ပရောင်းချမှုမှ ရငွေမှာ
အမေရိကန်ဒေါ်လာ ၇ ဒသမ ၂ ဘီလျံကျော် (ကျပ်သန်းပေါင်း ၆၅၀၀၀၀၀ နီးပါး) အထိ
ရရှိထားသည်ဟု သိရသည်။
သဘာဝဓာတ်ငွေ့မှာ နိုင်ငံ၏ နံပါတ် (၁) ပို့ကုန်ဖြစ်ပြီး အစိုးရသစ် တာဝန်ယူသည့် ပထမနှစ်ဖြစ်သော ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်က အမေရိကန်ဒေါ်လာ သန်း ၃၅၀၀ ကျော် ရရှိခဲ့ပြီး အစိုးရသစ် ဒုတိယနှစ်ဖြစ်သည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၃၇၀၀ ကျော် အထိ ရရှိခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ သဘာဝဓာတ်ငွေ့ တင်ပို့ခဲ့သည့် သမိုင်းတစ်လျှောက် ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်က ရရှိခဲ့သည့် အမေရိကန်ဒေါ်လာ သန်း ၃၇၀၀ ကျော်မှာ စံချိန်တင် ရရှိသည့် ပမာဏဖြစ်ကြောင်း သိရသည်။
လက်ရှိမြန်မာနိုင်ငံမှ ပြည်ပသို့ သဘာဝဓာတ်ငွေ့ တင်ပို့ရာတွင် မုတ္တမ ကမ်းလွန်ရှိ ရတနာစီမံကိန်းနှင့် တနင်္သာရီ ကမ်းလွန်ရှိ ရဲတံခွန် စီမံကိန်းနှစ်ခုမှ ထွက်သည့် သဘာဝဓာတ်ငွေ့များကိုသာ တင်ပို့ နေခြင်းဖြစ်သည်။ ယခု ၂၀၁၃ ခုနှစ်အတွင်း ရဲတံခွန်နှင့် ရတနာစီမံကိန်းအပြင် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းနှင့် မုတ္တမကမ်းလွန်ရှိ ဇောတိက စီမံကိန်းတို့မှ ထွက်ရှိလာသော သဘာဝဓာတ်ငွေ့ များကို ပြည် ပသို့ ထပ်မံတင်ပို့မည်ဖြစ်ရာ လာမည့်နှစ်များတွင်လည်း သဘာဝဓာတ်ငွေ့ ပြည်ပတင်ပို့မှုမှ ရငွေမှာ ဆက်တိုက်စံချိန်တင် မြင့်တက်လာမည်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ သဘာဝဓာတ်ငွေ့ တင်ပို့သည့် ကမ္ဘာ့နိုင်ငံများထဲတွင် အဆင့် ၁၀ ၌ ရပ်တည်လာခဲ့ပြီး ထိုင်းနိုင်ငံသို့ တစ်ရက်လျှင် ကုဗပေ သန်း ၄၃၀ ဖြင့် အများဆုံး တင်ပို့လျက် ရှိသည်။
သဘာဝဓာတ်ငွေ့ စီမံကိန်းသစ်များမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကိုပါ ပြည်ပသို့ တင်ပို့နိုင်ပါ က မြန်မာနိုင်ငံ၏ ပြည်ပသို့ သဘာဝဓာတ်ငွေ့ တင်ပို့မှု ပမာဏမှာ ဆက်တိုက်တိုးတက်လာမည် ဖြစ်သည်။
သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ ရရှိသည့်ငွေမှာ နှစ်အလိုက် ဆက်တိုက်မြင့်တက်မည်သာဖြစ်ရာ အဆိုပါ ၀င်ငွေများကို မှန်ကန်အကျိုးရှိစွာ သုံးတတ်ရန်သာ လိုအပ်သည့် အခြေအနေ ဖြစ်လာသည်။
ဘဏ္ဍာနှစ်အလိုက် သဘာဝဓာတ်ငွေ့ တင်ပို့မှု ပမာဏ(အမေရိကန်ဒေါ်လာ၊ သန်း)
ဘဏ္ဍာနှစ် ပမာဏ
၂၀၀၆-၂၀၀၇ ၂၀၃၉ .၁၃
၂၀၀၇-၂၀၀၈ ၂၅၂၀ .၇၄
၂၀၀၈-၂၀၀၉ ၂၃၈၄ .၆၉
၂၀၀၉-၂၀၁၀ ၂၉၂၆ .၆၉
၂၀၁၀-၂၀၁၁ ၂၅၂၂ .၅၃
၂၀၁၁-၂၀၁၂ ၃၅၀၂ .၅၂
၂၀၁၂-၂၀၁၃ ၃၇၀၀ နှင့် အထက်

No comments :
Post a Comment