မြန်မာ့လေကြောင်းမှ
ရန်ကုန်-ဟဲဟိုး-မိုင်းဆတ်-ရန်ကုန် ခရီးစဉ် ပျံသန်းသော တရုတ်နိုင်ငံထုတ် MA
60 လေယာဉ်သည် မိုင်းဆတ်လေဆိပ်၌ ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့ကြောင်း
သတင်းရရှိသည်။
၂၀၁၃ ခုနှစ် မေလ ၁၆ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၅၀ ခန့်က မြန်မာ့လေကြောင်းမှ ခရီးစဉ်အမှတ် XY-AIQ သည် လေယာဉ်သည် ဟဲဟိုးလေဆိပ်မှ မိုင်းဆတ်မြို့သို့ ဆင်းသက်စဉ် ဘရိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် အရှိန်လွန်၍ လေယာဉ်ပြေးလမ်းကို ကျော်ပြီး၊ ကိုက် ၂၀၀ ခန့် အကွာရှိ ခြံစည်းရိုးတွင် ရပ်တန့်သွားခဲ့ပြီး၊ လေယာဉ်၏ ၀ဲဘက်တောင်ပံနှင့် ၀ဲဘက်ဘီးများ ပျက်စီးသွားခဲ့ကြောင်း သိရသည်။
အဆိုပါလေယာဉ်တွင် ခရီးသည် ၅၅ ဦးလိုက်ပါလာခဲ့ပြီး၊ လေယာဉ်ပြေးလမ်း ချော်မှုကြောင့် လေယာဉ်ပေါ်တွင် လိုက်ပါလာသော အမျိုးသမီး ၂ ဦး လက်ကျိုးပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရသူများအား မိုင်းဆတ်မြို့ရှိ ကုတင် ၁၀၀ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ကုသပေးလျက် ရှိကြောင်း သတင်းရရှိသည်။
''မိုင်းဆတ်လေဆိပ်ကို ဆင်းတဲ့အချိန်မှာ Break system error ဖြစ်ပြီး
ပြေးလမ်းချော်သွားတာပါ။ လေယာဉ်ပေါ် ပါလာတဲ့ ခရီးသည်တွေ ဆိုးဆိုးရွားရွား
ထိခိုက်မှု ဘာမှမရှိပါဘူး'' ဟု မြန်မာ့လေကြောင်းမှ ဦးဆောင်ညွှန်ကြားရေးမှူး
ဦးသန်းထွန်းက ပြောကြားခဲ့သည်။
အဆိုပါ လေယာဉ်ပြေးလမ်းချော်မှု ဖြစ်ပွားသည့် အကြောင်းရင်းအား
စုံစမ်းစစ်ဆေးနိုင်ရန် ပို့ဆောင်ရေး ၀န်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေး
ညွှန်ကြားမှု ဦးစီးဌာနနှင့် မြန်မာ့လေကြောင်းမှ တာဝန်ရှိသူများ ပါဝင်သည့်
ခုံရုံးအား ဖွဲ့စည်းထားပြီး၊ အဆိုပါ ခုံရုံးအဖွဲ့ဝင်များသည် ယင်းနေ့
နေ့လည်က မိုင်းဆတ်မြို့သို့ သွားရောက်ခဲ့သည်ဟု သိရသည်။
''လေယာဉ်က ဆင်းတဲ့အချိန်မှာ ပုံမှန်မဟုတ်ဘူး။ တစ်ခြမ်းစောင်းဆင်းလာပြီး
ပြေးလမ်းကနေ ပေ၂၀၀ လောက် ကျော်ထွက်သွားပြီး မြောင်းထဲကျသွားတယ်။
မြေကြီးနဲ့ထိပြီး လေယာဉ်ရဲ့ ဘယ်ဘက်ပိုင်း တော်တော်ထိသွားတယ်'' ဟု
မိုင်းဆတ်လေဆိပ်မှ မျက်မြင်သက်သေ တစ်ဦးက ပြောကြားခဲ့သည်

No comments :
Post a Comment