Blogger Widgets

Wednesday 3 July 2013

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ဒုတိယ ခြောက်လပတ်၌ ကျောက်စိမ်းထုတ်လုပ်မှု ယခင်ဘဏ္ဍာရေးနှစ် အလားတူကာလထက် လျော့နည်း

emerald-july3
နေပြည်တော်တွင် ဇွန်လက ပြုလုပ်ခဲ့သော (၅၀)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ ရောင်းချပွဲမြင်ကွင်း (ဓာတ်ပုံ-ပိုင်စိုးသူ)
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ဒုတိယ ခြောက်လပတ် (မတ်လမှ အောက်တိုဘာလ)၌ ကျောက်စိမ်းထုတ်လုပ်မှုသည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် အလားတူကာလ ကျောက်စိမ်းထုတ်လုပ်မှုထက် ကီလိုထောင် ၁၂၀၀၀ ကျော် လျော့နည်းခဲ့ကြောင်း၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အမျိုးသား စီမံကိန်း ဒုတိယခြောက်လပတ် အကောင်အထည်ဖော်နိုင်မှု အခြေအနေ အစီရင်ခံစာအရ သိရသည်။
ကျောက်စိမ်းထုတ်လုပ်မှု လျော့နည်းခြင်းမှာ ကချင်ပြည်နယ်တွင် နယ်မြေမအေးချမ်းသဖြင့် လုံးခင်းဖားကန့် ဒေသများတွင် မြန်မာ့စီးပွားရေး ဦးပိုင်နှင့် မြန်မာ့ကျောက်မြတ်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းတို့မှ ကျောက်စိမ်းလုပ်ငန်းများ ရပ်ဆိုင်းထားခြင်း၊ သမ၀ါယမပိုင် အခန်းမှ ကျောက်စိမ်းထုတ်လုပ်မှု လျော့နည်းခြင်းနှင့် ဗြုန်းမြေစာများတွင် ကျောက်ပါဝင်မှု နည်းပါးခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။
ယခင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ဒုတိယ ခြောက်လပတ်တွင် ကျောက်စိမ်းကီလို ထောင် ၁၆၄၆၄ ထုတ်လုပ်နိုင်ခဲ့သော်လည်း ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ဒုတိယ ခြောက်လပတ်တွင် ကျောက်စိမ်းကီလိုထောင်  ၄၂၀၁ သာ ထုတ်လုပ်နိုင်ခဲ့ကာ ကီလိုထောင် ၁၂၂၆၃ လျော့နည်းခဲ့သည်။
ထို့အပြင် ကျောက်စိမ်းသာမက ကျောက်မျက်ရတနာ ထုတ်လုပ်မှုမှာလည်း ဒုတိယ ခြောက်လပတ်တွင် ယခင်ဘဏ္ဍာရေးနှစ်ထက် ကီလိုထောင် ၁၂၈၁ လျော့နည်းခဲ့သည်။
ကျောက်စိမ်း၊ ကျောက်မျက်ရတနာများ ကဲ့သို့ပင် သတ္တုလုပ်ငန်းများဖြစ်သော ဟာမြင်းကြီး သတ္တုတွင်းမှ သန့်စင်စက်ရုံ နေရာပြောင်းရွှေ့ခြင်း၊ မင်းဂနီးဒိုင်အောက်ဆိုဒ်များကို ပြည်ပတင်ပို့ရန် ဆောင်ရွက်ဆဲ ဖြစ်ခြင်းနှင့် လက်ကျန်ပမာဏ များနေသဖြင့် လျော့နည်းထုတ်လုပ်ခြင်း၊ လုပ်ကွက်အချို့ သတ္တုကြောပျောက်ခြင်း၊ အသေးစား လုပ်ကွက်အချို့သတ္တုပါဝင်မှု နည်းပါးလာခြင်းနှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းမှ သံမဏိတုံး ထုတ်လုပ်မှု လျော့နည်းခြင်းတို့ကြောင့် သတ္တုထုတ်လုပ်မှုကဏ္ဍ ယခင်နှစ်ဝက် အလားတူကာလထက် လျော့နည်းခဲ့သည်။
သို့ရာတွင် ရွှေထုတ်လုပ်မှုမှာ ယခင်နှစ်ဝက်ထက် ထရိုင်အောင်စ ၁၅၂၇၊ ကျောက်မီးသွေး ထုတ်လုပ်မှု ကုဗတန် ၁၀၈၊ ဘရိုက်တီးကျောက် ထုတ်လုပ်မှု မက်ထရစ်တန် ၁၄၉၈ ပိုမိုထုတ်လုပ်နိုင်ခဲ့ပြီး ခဲမဖြူအဖြိုက်နက် ရှီးလိုက်ရောရာ ထုတ်လုပ်မှု လျော့နည်းခဲ့သော်လည်း ခဲမဖြူသတ္တုစင် ထုတ်လုပ်မှု မက်ထရစ်တန် ၃၉ ပိုမို ထုတ်လုပ်နိုင်ခဲ့သည်။

No comments :

Post a Comment

Blogger Widgets
Back to Top