နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေဖြင့် မြန်မာနိုင်ငံ၏ အပြောင်းအလဲအပေါ် ချိန်ဆ၍ ဆက်ဆံသင့်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က ပြောကြားသည်။
NED အဖွဲ့မှ ပေးအပ်သော Democracy Award 2012 ဆုအား လက်ခံရယူရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေစဉ် မေ ၂၁ ရက်က အမေရိကန်အသံ သတင်းဌာန (VOA) မြန်မာပိုင်း အစီအစဉ်နှင့် တွေ့ဆုံမေးမြန်းရာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတကာနှင့် ဆက်ဆံရေး ပြေလည်မှု ရရှိလာသည်နှင့်အမျှ ပြည်တွင်းရှိ
ဒီမိုကရေစီအရေး လှုပ်ရှားသူများအပေါ် မထီမဲ့မြင်ပြုပြီး နိုင်ငံတကာ
အသိုင်းအ၀ိုင်းအတွင်း ၀င်ဆံ့ပြီဆိုကာ တစ်ဖက်တွင်
ဖိနှိပ်လိုက်သည့်ပုံစံမျိုး မဖြစ်စေရန်အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်း
အနေဖြင့် မြန်မာနိုင်ငံ အပေါ်တွင် ချိန်ဆဆက်ဆံသင့်ကြောင်း ဦးမင်းကိုနိုင်က
ပြောကြားသည်။
”တိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးဟာ ဘယ်လောက်ထိ အာမခံချက်ရှိလဲဆိုတဲ့
အပေါ်မှာပဲ မူတည်ပြီး သမ္မတဦးသိန်းစိန်ရဲ့ အမေရိကန် ခရီးစဉ်ဟာ စောတယ်၊
မစောဘူးလို့ ဆုံးဖြတ်သင့်ပါတယ်” ဟု ဦးမင်းကိုနိုင်က ဆိုသည်။
သမ္မတဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ
ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်များနှင့် နှိုင်းယှဉ်လျင် အချိန်ကာလအားဖြင့်
များစွာစောလွန်းနေသေးကြောင်း ဝေဖန်မှုများ ရှိခဲ့သည်။
ယင်းကဲ့သို့ ဝေဖန်မှုများနှင့် ပတ်သက်၍ မြန်မာအစိုးရ အနေဖြင့်
ပြုပြင်ပြောင်းလဲရေးလုပ်ငန်း မည်မျှလုပ်ထား၍ အမှတ်ကို မည်ကဲ့သို့
ပေးသည့်အချက်အပေါ် မူတည်နေကြောင်း၊ ဒီမိုကရေစီ လှုပ်ရှားမှု၊ လူ့အခွင့်အရေး
လှုပ်ရှားမှု ကိစ္စရပ်များတွင် မြန်မာအစိုးရ၏ အုပ်ချုပ်မှုပိုင်းမှ
အရေးယူမှုများသည် တင်းကျပ်ကြောင်း၊ မြန်မာနိုင်ငံသားများ ဒီမိုကရေစီကျင့်စဉ်
စတင်ကျင့်သုံးချိန်တွင် အားပေးမှုထက် ထိန်းချုပ်မှုက ပိုများနေကြောင်း၊
မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ် တစ်ခုလုံးအပေါ်
ချိန်ဆကြည့်ရန်ကောင်းကြောင်း ဦးမင်းကိုနိုင်က ပြောကြားသည်။
”အားပေးမှုက လိုအပ်တယ်။ အသိအမှတ်ပြုရမယ် ဆိုပေမယ့် အဲဒါက
အတိုင်းအတာရှိတယ်။ အဆင့်တိုင်းဟာ ဘယ်လောက်ခိုင်မာလဲ ဆိုတာပေါ့ဗျာ။
ဒီအဆင့်မှာ ဒီလောက်ခိုင်မာလာရင် ဒီလောက်လိုက်လျောညီထွေ ဆက်ဆံရေးက
တိုးမြှင့်ပြီးတော့ ကောင်းလာတယ် ဆိုတာမျိုးက အငြင်းပွားစရာ မရှိဘူး” ဟု ၎င်းက
ပြောကြားသည်။
တောင်ကိုရီးယားနိုင်ငံ၌ ဦးမင်းကိုနိုင်သည် ၂၀၀၉ ခုနှစ်အတွက် ”ဂွမ်ဂျူး
လူ့အခွင့်အရေးဆု” ကို မေ ၁၆ ရက်တွင် လက်ခံရယူပြီး NED အဖွဲ့မှ ပေးအပ်သော
Democracy Award 2012 ဆုအား လက်ခံရယူရန် အမေရိကန်နိုင်ငံသို့
ရောက်ရှိနေခြင်းဖြစ်သည်

No comments :
Post a Comment