မြန်မာနိုင်ငံသား လုပ်ငန်းရှင်များ အနေဖြင့် ရက်ပေါင်း ၂၀ အတွင်း
ကျပ်သန်းပေါင်း ၉၂၀၀ ကျော်အား ထပ်မံမြှုပ်နှံခဲ့ကြောင်း အမျိုးသား
စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ သတင်းရရှိသည်။
၂၀၁၃ ခုနှစ် ဇွန် ၁၀ ရက်က မြန်မာနိုင်ငံသား လုပ်ငန်းရှင်များ
မြှုပ်နှံထားသည့် ပမာဏ စုစုပေါင်းမှာ ကျပ်သန်းပေါင်း ၂၉၄၉၈၀၇ ဒသမ ၄၈
ရှိပြီး ဇူလိုင် ၁ ရက် စာရင်းအရ ကျပ်သန်းပေါင်း ၂၉၅၉၀၉၀ ဒသမ ၅၁ အထိ
ရှိလာပြီး ရက်ပေါင်း ၂၀ အတွင်း ကျပ်သန်းပေါင်း ၉၂၀၀ ကျော်အထိ
တိုးလာခဲ့ခြင်း ဖြစ်သည်။
နိုင်ငံသား လုပ်ငန်းရှင်များသည် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း၊
ကုန်ထုတ်လုပ်မှု လုပ်ငန်းနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍများတွင်
ထပ်မံမြှုပ်နှံခဲ့ခြင်း ဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး
ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ
ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန် ထားချက်များအရ သိရသည်။
ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍတွင် ကျပ်သန်းပေါင်း ၇၇၇၀ ကျော်၊
ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ကျပ်သန်းပေါင်း ၉၆၅ ကျော်၊ မွေးမြူရေးနှင့်
ရေလုပ်ငန်း ကဏ္ဍတွင် ကျပ် ၅၃၈ သန်း ထပ်မံမြှုပ်နှံ ကြခြင်းဖြစ်သည်။
ယခုရက်ပိုင်း အတွင်း၌လည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်
အနေဖြင့် နိုင်ငံသား လုပ်ငန်းရှင်များမှ ခွင့်ပြုမိန့် လျှောက်ထားသည့်
မန္တလေးတွင် ဟိုတယ်လုပ်ကိုင်မည့်လုပ်ငန်း၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်း
ဆန်စက်တည်ထောင် လုပ်ကိုင်မည့် လုပ်ငန်းများကို ခွင့်ပြုချက်
ချထားပေးခဲ့သည်။
နိုင်ငံသား လုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံသား
ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ မြှုပ်နှံမှုများ ပြုလုပ်ရာတွင် တည်ဆောက်ရေး
ကဏ္ဍတွင် ကျပ်သန်းပေါင်း ၇၁၃၃၄၈၉ ကျော်ဖြင့် အများဆုံး မြှုပ်နှံထားပြီး
ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ကျပ်သန်းပေါင်း ၇၀၀၂၀၀ ကျော်ဖြင့် ဒုတိယ အများဆုံး
မြှုပ်နှံထားကြကြောင်း သိရသည်။
ပြည်တွင်းရှိ လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင်
နှစ်ပေါင်း ၂၀ အ တွင်း အမြတ်အစွန်း များပြားသည့် တည်ဆောက်ရေးနှင့်
အခြားကဏ္ဍများတွင်သာ မြှုပ်နှံခဲ့ကြပြီး အများနှင့် သက်ဆိုင်သည့်
စိုက်ပျိုးရေး ကဏ္ဍတွင် မြှုပ်နှံထားသည့် ပမာဏမှာ ရင်းနှီးမြှုပ်နှံမှု
စုစုပေါင်း ပမာဏ၏ ၀ ဒသမ ၀၂ ရာခိုင်နှုန်းသာ ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မြန်မာလုပ်ငန်းရှင်များ တရားဝင် အသစ်ထပ်မံ
မှတ်ပုံတင်သည့် ကုန်ထုတ်လုပ်မှု၊ စက်မှုစသည့် ကုမ္ပဏီများမှာလည်း တစ်လအတွင်း
၄၈၆ ကုမ္ပဏီ တိုးလာခဲ့ကြောင်း သိရသည်။

No comments :
Post a Comment