Blogger Widgets

Thursday, 6 June 2013

ရန်ကုန်မြို့၏ သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်ရန် ထိန်းသိမ်းမည်ဟု ထုတ်ပြန်

yangonmegacity2-june6
ဇွန် ၅ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်
ရန်ကုန်မြို့၏ မြို့ပြဖွံ့ဖြိုးမှု အစီအစဉ်များကြောင့် မကြာမီ Mega city ဖြစ်လာနိုင်သည့် အနေအထားပေါ်တွင် မြို့၏ယဉ်ကျေးမှု အမွေအနှစ်နှင့် မြို့ပြအမွေအနှစ်များ မပျောက်ပျက်ရန် ထိန်းသိမ်းရေးအတွက် Yangon Heritage Trust (ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့) နှင့် ပူးပေါင်း၍ Philips က အကူအညီ ပေးသွားမည်ဖြစ်ကြောင်း အရှေ့အာရှ ကမ္ဘာ့စီးပွားရေး ဖိုရမ်၏ အကြိုနေ့ဖြစ်သော ဇွန် ၅ ရက်တွင် နေပြည်တော်ရှိ ကုမုဒြာဟိုတယ်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ပြန်ကြေညာ ခဲ့ခြင်းဖြစ်သည်။
"ရန်ကုန်မြို့ဟာ အာရှမှာ မကြာမီ ခေတ်မီတဲ့ မြို့ကြီးတစ်မြို့ ဖြစ်လာတော့မှာပါ။ ဒီအချိန်မှာ မြို့ပြဖွံ့ဖြိုးမှု လုပ်ရင်းနဲ့ ယဉ်ကျေးမှု အမွေနှစ်တွေ ပျောက်ကွယ်သွားမှာ မျိုးကိုတော့ မဖြစ်စေချင်ပါဘူး။ ဒီလိုပြောလို့ မြို့ပြဖွံ့ဖြိုးမှု မလုပ်ရဘူးလို့ ပြောတာမဟုတ်ပါဘူး" ဟု Yangon Heritage Trust (ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့) တည်ထောင်သူ ဒေါက်တာသန့်မြင့်ဦးက ပြောကြားခဲ့သည်။ "ဥပမာ အခုအချိန်မှာ ရွှေတိဂုံဘုရားကို ရန်ကုန်မြို့ရဲ့ နေရာတော်တော် များများကနေ ဖူးတွေ့နိုင်ပါတယ်။ နောင်တစ်ချိန် ဒီလိုအနေအထားမျိုးတွေ မရှိတော့မှာကိုလည်း ထည့်သွင်းစဉ်းစား ရပါတယ်။ အဆောက်အအုံတွေကို ဘယ်လိုလက်ရာမပျက် ထိန်းသိမ်းမလဲ၊ ဘယ်လို ခေတ်မီတဲ့ မြို့ကြီးနဲ့ လိုက်လျောညီထွေဖြစ်လာအောင် လုပ်ဆောင်မလဲဆိုတာ စဉ်းစားပြီး ကျွန်တော်တို့ လုပ်ဆောင်တာပါ။ နိုင်ငံတော် အစိုးရဆီကလည်း သဘောတူညီချက် ရပါပြီ" ဟု ၎င်းကပြောကြားခဲ့သည်။
ယင်းအစီအစဉ် များကြောင့် ရန်ကုန်မြို့ရှိ ရှေးဟောင်းအဆောက်အအုံ များတွင် LED lighting ထွန်းညှိခြင်း၊ သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များကို ဖော်ပြသည့်ကမ္ဗည်း (Blue Plaques) များ တပ်ဆင်ခြင်းတို့အား ပဏာမအဆင့် အနေဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top