Blogger Widgets

Saturday, 6 July 2013

နန်နင်းမြို့တွင် ပြုလုပ်မည့် ဒသမအကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ တက်ရောက်ရန် ဖိတ်ကြား

7.5.8
Nanning International Convention and Exhibition Center
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကွမ်းရှီးပြည်နယ်၊ နန်နင်းမြို့တွင် စက်တင်ဘာလ ၂၃ ရက်မှ ၂၆ ရက်အထိ ပြုလုပ်မည့် ဒသမအကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ တာဝန်ရှိသူများနှင့် စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်နိုင်ရန် ဖိတ်ကြားထားကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI မှ သိရသည်။
အဆိုပါ ပြပွဲသို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ အနေဖြင့် နှစ်စဉ် တက်ရောက်လေ့ရှိပြီး ယခုနှစ်တွင်လည်း တက်ရောက်ရန် စီစဉ်နေကြောင်း သိရသည်။
''နန်နင်းကုန်စည်ပြပွဲကို တက်ရောက်ချင်တဲ့ လုပ်ငန်းရှင်တွေ အနေနဲ့ အသင်းချုပ်မှာ ပြသချင်တဲ့ ကုန်ပစ္စည်း အမျိုးအစားနဲ့ လိုအပ်တဲ့ပြခန်း အနေအထားတွေကို တင်ပြပြီး လာရောက် လျှောက်ထားနိုင်ပါတယ်။ မနှစ်ကလည်း အသင်းချုပ်က ဦးဆောင်ပြီး မြန်မာပြခန်း အနေနဲ့ ၁၀၀ ကျော်လောက်အထိ ၀င်ရောက်ပြသခဲ့ပါတယ်။ ကုန်စည်ပြပွဲကို တက်ရောက်ခြင်းအားဖြင့် တက်ရောက်လာတဲ့ အာဆီယံနိုင်ငံတွေက လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီး စီးပွားရေးလုပ်ငန်း ဆိုင်ရာတွေကို တိုက်ရိုက်ဆွေးနွေး နိုင်မှာပါ'' ဟု UMFCCI မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
နန်နင်းကုန်စည်ပြပွဲသို့ တက်ရောက် နိုင်ရန်အတွက် UMFCCI မှ အသင်းများ အားလုံးကိုလည်း ဖိတ်ကြားထားပြီး ပြင်ပမှ ပြပွဲသို့ တက်ရောက်ရန် စိတ်ဝင်စားသည့် လုပ်ငန်းရှင်များ အနေဖြင့်လည်း အသင်းချုပ်သို့ ဆက်သွယ်၍ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
၂၀၁၂ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် တရုတ်- အာဆီယံ ကုန်စည်ပြပွဲ၌ မြန်မာနိုင်ငံ အနေဖြင့် Country of Honour အဖြစ် ပါဝင်တက်ရောက်ခဲ့ပြီး သစ်နှင့်ကျောက်မျက် ကဏ္ဍတို့မှ လုပ်ငန်းရှင် အများစု တက်ရောက်ခဲ့ပြီး စားသောက်ကုန်၊ ရေထွက်ကုန်၊ စက်မှုနှင့် စိုက်ပျိုးရေးထွက်ကုန် ပြခန်းများကိုလည်း ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
၁၀ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသို့ တက်ရောက်ရန် မြန်မာနိုင်ငံအပြင် အခြားအာဆီယံ နိုင်ငံများကိုလည်း ဖိတ်ကြားထားပြီး တရုတ်နိုင်ငံ၊ နန်နင်းမြို့ရှိ Nanning International Convention and Exhibition Center တွင် ပြုလုပ်မည် ဖြစ်ကြောင်း၊ နိုင်ငံတကာမှ တက်ရောက်လာမည့် လုပ်ငန်းရှင်များ အတွက် ပြခန်းပေါင်း ၃၀၀၀ ကျော်အား စီစဉ်ထားပြီး ပြပွဲနှင့်အတူ စီးပွားရေး ဆွေးနွေးပွဲများလည်း ထည့်သွင်း ပြုလုပ်မည်ဟု သိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top