ပြည်တွင်းဆောက်လုပ်ရေး လုပ်ငန်းများ အနေဖြင့် အဆောက်အအုံများ
ဆောက်လုပ်ရာတွင် နည်းပညာနှင့် ဥပဒေပိုင်းဆိုင်ရာ ကြပ်မတ်မှု
အားနည်းနေခြင်းကြောင့် အရည်အသွေး မမီသည့် အဆောက်အအုံများ ဆောက်လုပ်နေသဖြင့်
အဆင့်မီ အဆောက်အအုံများ ဆောက်လုပ်နိုင်ရန် ဂျပန်နိုင်ငံရှိ ဒုတိယ
အကြီးဆုံး ဆောက်လုပ်ရေး လုပ်ငန်းရှင်များမှ နည်းပညာ အကူအညီများ
ပေးအပ်မည်ဖြစ်ကြောင်း UMFCCI တွင် ပြုလုပ်သည့် Japanese Housing Seminar မှ
သိရသည်။
ဂျပန်နိုင်ငံမှ ဆောက်လုပ်ရေး ကုမ္ပဏီများ ဖြစ်ကြသည့် Hosoda co.ltd, Tosho co.ltd, Rinsan co.ltd, Mirai Sekker co.ltd စသည့် ကုမ္ပဏီများမှ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းများတွင် လိုအပ်လျက်ရှိသော နည်းပညာများကို အခမဲ့ ကူညီပေးသွားရန် အသင့်ရှိကြောင်း အဆိုပါ ဆွေးနွေးပွဲမှ သိရသည်။
ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံသည် ငလျင်ကြော တစ်ခုတည်းတွင် တည်ရှိနေပြီး မြန်မာနိုင်ငံ အတွင်းရှိ အဆောက်အအုံများ ဆောက်လုပ်ရာတွင် ငလျင်ဒဏ်ခံ အဆောက်အအုံများ၊ လူလတ်တန်းစားများနှင့် သဘာဝ ပတ်ဝန်းကျင်အတွက် ထိခိုက်မှု နည်းပါးသည့် သစ်၊ ၀ါး အဓိက အသုံးပြု Green House အဆောက်အအုံများနှင့် လိုအပ်သည့် နည်းပညာများအား ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရသည်။
"မြန်မာနိုင်ငံက ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေနဲ့ နည်းပညာချင်း ဖလှယ်ပူးပေါင်းပြီး ဆောက်လုပ်ရေး လုပ်ငန်းတွေ လုပ်ချင်ပါတယ်။ Green House ကို မြန်မာပြည်မှာ ဆောက်ဖို့မျှော်လင့်ချက် ရှိပါတယ်။ မြန်မာနိုင်ငံက သစ်ယူပြီး ဂျပန်မှာ စမ်းသပ်မယ်။ အိမ်ဆောက်တဲ့ အဆင့်အထိ ကြိုးစားပြီး မြန်မာပြည်မှာ ပြန်ဆောက်ချင်ပါတယ်။ အဲဒီလို လုပ်သွားဖို့လည်း ရည်ရွယ်ချက် ရှိပါတယ်" ဟု Hosoda co.ltd မှ Mr.Toshio Saito က ပြောကြားသည်။
"ဒီလိုမျိုး နည်းပညာ လာဖြန့်ဝေတယ်ဆိုတာ ကောင်းပါတယ်။ ဒါကို အခြေခံပြီး နိုင်ငံအတွက် အကောင်းဆုံး အဖြေထွက်ဖို့ ရှိပါတယ်" ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးသာအေးက ပြောကြားသည်။
မြန်မာနိုင်ငံတွင်ရှိသည့် ဆောက်လုပ်ရေး လုပ်ငန်းအချို့တွင် နည်းပညာ လိုအပ်ချက်များ ရှိနေကြောင်း၊ ထိုလိုအပ်ချက်များအတွက် နည်းပညာများကို အထောက်အကူ ပေးနိုင်ရန် ရည်ရွယ်ကြောင်း၊ ယင်းအဖွဲ့များသည် မြန်မာနိုင်ငံရှိ မင်္ဂလာဒုံ၊ သန်လျင်၊ သီလ၀ါတို့အပြင် အခြားဆောက်လုပ်ရေး စီမံကိန်းများကိုလည်း သွားရောက်လေ့လာရန် အစီအစဉ် ရှိကြောင်းကိုလည်း အဆိုပါပွဲကို စီစဉ်သူ ကိုကျော်မင်းလှိုင် (senior rearcher) Myanmar Economic Research & Consulting Co.ltd က ပြောကြားသည်။

No comments :
Post a Comment