Blogger Widgets

Tuesday, 2 July 2013

ယခင်ဘဏ္ဍာရေးနှစ်က လယ်ယာထွက်ကုန် ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်းနှစ်ထောင်ကျော် ရရှိခဲ့ပြီး ယခုဘဏ္ဍာရေးနှစ် ဇွန်လကုန်အထိ တင်ပို့မှုမှ သန်း ၅၀၀ ကျော်ရရှိ

7.1.4
မန္တလေး ကုန်စည်ဒိုင်တွင် လယ်ယာထွက်ကုန်များ အရောင်းအ၀ယ် ပြုလုပ်နေစဉ်
ယခင်ဘဏ္ဍာရေးနှစ် ဖြစ်သည့် ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် မြန်မာ့လယ်ယာ ထွက်ကုန်ပစ္စည်းများ ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်းနှစ်ထောင်ကျော် ရရှိခဲ့ပြီး ယခုဘဏ္ဍာရေးနှစ် ဇွန်လကုန်အထိ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။
မြန်မာ့လယ်ယာ ထွက်ကုန်များဖြစ်သည့် ဆန်နှင့်ဆန်ထွက်ပစ္စည်း၊ ပဲမျိုးစုံ၊ ပြောင်းသီးနှံ၊ ဆီထွက်သီးနှံ၊ နှစ်ရှည်သီးနှံ၊ သစ်သီးဝလံ၊ မီးဖိုချောင်အုပ်စုဝင် သီးနှံများကို ပြည်ပသို့ တင်ပို့ခဲ့ခြင်းဖြစ်သည်။ ယခင်ဘဏ္ဍာရေးနှစ်က ပြည်သို့ မြန်မာ့လယ်ယာ ထွက်ကုန်တန်ချိန် လေးသန်းကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၂၄၃၃ ဒသမ ၄၉၄ ရရှိခဲ့ကြောင်း သိရသည်။ ယခု ဘဏ္ဍာရေးနှစ် ဇွန်လကုန်အထိ ပြည်ပသို့ မြန်မာ့လယ်ယာ ထွက်ကုန်တင်ပို့နိုင်မှုမှာ တန်ချိန်ကိုးသိန်းကျော်ရှိပြီး အမေရိကန် ဒေါ်လာ သန်း ၅၀၀ ကျော် ရရှိပြီးဖြစ်ကြောင်း သိရသည်။
၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် လက်ရှိကာလအထိ ဆန်နှင့်ဆန်ထွက်ပစ္စည်း နှစ်သိန်းကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၉၆ သန်းကျော်၊ ပဲမျိုးစုံ တန်ချိန် ၂၈၀၀၀၀ ကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၁၂၀ ကျော်၊ ပြောင်းသီးနှံ တန်ချိန် တစ်သိန်းခွဲကျော် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၅ သန်းကျော်၊ ဆီထွက်သီးနှံ တန်ချိန်နှစ်သောင်းကျော် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၈ သန်းကျော် ရရှိထားပြီး ဖြစ်ကြောင်း သိရသည်။
မြန်မာ့ပို့ကုန်များကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးနှင့် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများနှင့် နယ်နိမိတ် ထိစပ်နေသည့် နယ်စပ်ကူးသန်း ရောင်းဝယ်ရေး စခန်းများမှ ကုန်သွယ်မှု ဆောင်ရွက်နေကြခြင်း ဖြစ်ကြောင်း သိရသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်အတွင်း မြန်မာကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၂၅ ဘီလျံကျော် ရရှိရန် လျာထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပြီး အဆိုပါ ကုန်သွယ်မှု ပမာဏအနက် နယ်စပ် ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၂၀ နှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၈၀ ကုန်သွယ်မှု ပြုလုပ်နိုင်ရန် လျာထားကြောင်း သိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top