ဂျပန်ဆိပ်ကမ်းသို့ ရောက်ရှိလာသည့် မြန်မာ့ဆန်များကို တွေ့ရစဉ် (Photo:MAPCO)
မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ၄၅ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ်
တင်ပို့သည့် ဧည့်မထ ၅ မှတ်ဆန်များမှာ ဂျပန်နိုင်ငံ နာဂိုယာဆိပ်ကမ်းသို့
ရောက်ရှိကာ ကုန်ချခြင်း၊ ဂျပန်နိုင်ငံ အစိုးရ စစ်ဆေးရေး အဖွဲ့များ၏
အရည်အသွေး စစ်ဆေးမှု ဆောင်ရွက်ခြင်းများ ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း
မြန်မာ့လယ်ယာစီးပွား အများပိုင် ကော်ပိုရေးရှင်း ကုမ္ပဏီမှ သိရသည်။
ဂျပန်နိုင်ငံအစိုးရ စစ်ဆေးရေး အဖွဲ့များ၏ စစ်ဆေးချက်များအရ
ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်ကောင်းခြင်း၊ စားသုံးမှု အရသာ ကောင်းခြင်း၊
ဓာတုဗေဒဓာတ်ကြွင်း ကင်းစင်ခြင်းတို့ကြောင့် ယခုတန် ၅၀၀၀ မှ အစပြု၍
ပိုမိုတိုးချဲ့ ၀ယ်ယူသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိတန် ၅၀၀၀ တင်ပို့ခြင်းသည် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်နှင့်
ဂျပန်နိုင်ငံ လယ်ယာစိုက်ပျိုးရေး ၀န်ကြီးဌာနတို့ ဦးဆောင်
ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကာ မြန်မာ့လယ်ယာစီးပွား အများပိုင် ကော်ပိုရေးရှင်း
(MAPCO) မှ တင်ပို့ ရောင်းချခဲ့ခြင်းဖြစ်ပြီး MITSUI ကုမ္ပဏီမှ
ဝယ်ယူခဲ့ခြင်းဖြစ်ကာ မေလအတွင်းက တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
''ဂျပန်ကိုပို့တဲ့ တန် ၅၀၀၀ ရောက်သွားပါပြီ။ ဂျပန်က တာဝန်ရှိတဲ့
အဖွဲ့အစည်းတွေရဲ့ စစ်ဆေးမှုလည်း ပြီးတဲ့အခါ အရည်အသွေးကို သဘောကျတယ်။ ဓာတုဗေဒ
ဓာတ်ကြွင်း ကင်းစင်တဲ့အတွက် သူတို့ သဘောကျတယ်။ ထပ်ပြီးဝယ်ယူ လိုတယ်တဲ့
မှတ်ချက်ပြုကြပါတယ်'' ဟု မြန်မာ့လယ်ယာစီးပွား အများပိုင် ကော်ပိုရေးရှင်းမှ
တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဆန်တန်ချိန်
တစ်သန်းခွဲအထိ တင်ပို့သွားမည် ဖြစ်ကြောင်း၊ စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်များ အရ ၂၀၁၂-၂၀၁၃
ဘဏ္ဍာရေးနှစ်မှာ ၄၆ နှစ်အတွင်း ပြည်ပနိုင်ငံများသို့ ဆန်တန်ချိန် အများဆုံး
တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင်မူ ပြည်ပသို့ ဆန်တန်ချိန် သုံးသန်းအထိ
တင်ပို့သွားရန် စီစဉ်ထားကြောင်းလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

No comments :
Post a Comment