Blogger Widgets

Tuesday, 2 July 2013

ဒီမိုကရေစီနိုင်ငံများ၌ တပ်မတော်သည် မူလတာဝန်ဖြစ်သော ကာကွယ်ရေး တာဝန်ကိုသာ ယူရမည်ဟု ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြောကြား

ဒီမိုကရေစီနိုင်ငံများ၌ တပ်မတော်သည် မူလတာဝန်ဖြစ်သော ကာကွယ်ရေး တာဝန်ကိုသာ ယူရမည်ဟု ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ဇွန် ၃၀ ရက်က ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ နိုင်ငံတော် အခြေခံမူများ အခန်းတွင် ပါဝင်သော 'နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင် နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်' ဟူသော အချက်သည် နည်းလမ်းမကျကြောင်း၊ ဒီမိုကရေစီ နိုင်ငံများတွင် တပ်မတော်သည် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မူလတာဝန်ဖြစ်သော ကာကွယ်ရေး တာဝန်ကိုသာ ယူရမည် ဖြစ်သည်ဟု ဦးအေးသာအောင်က ပြောကြားသည်။
''မြန်မာနိုင်ငံကို မကြာသေးခင်က ဗြိတိန်ကာကွယ်ရေး ဦးစီးချုပ်လာတော့ တွေ့ဆုံတဲ့ အဖွဲ့မှာ လွှတ်တော်က တာဝန်ရှိတဲ့သူ တစ်ဦးပါတယ်။ အဲဒီမှာဗြိတိန်မှာ တပ်မတော်ကို ပြည်သူကဘယ်လို သဘောထားပါသလဲလို့ မေးတော့ ကာကွယ်ရေး ဦးစီးချုပ်က စစ်တမ်းကောက်ယူချက်အရ ပြည်သူတွေရဲ့ သဘောထားမှာ တပ်မတော်က နံပါတ်တစ် ဖြစ်ပါတယ်တဲ့။ ဆရာဝန်တောင် ဒုတိယပဲ လိုက်တယ်လို့ ပြောတယ်။ အဲဒါ ဘာကြောင့်လဲ ဆိုတော့ ဗြိတိန်တပ်မတော်သည် တကယ့် ပရော်ဖက်ရှင်နယ် တပ်မတော် ဖြစ်ပြီးတော့ နိုင်ငံရေးနဲ့ လုံးဝမပတ်သက်လို့ပါတဲ့'' ဟု ဦးအေးသာအောင်က ဆိုသည်။
လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ တိုင်းရင်းသားများ လိုလားသည့် ဖက်ဒရယ် ပြည်ထောင်စု၊ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများကို အကောင်အထည်ဖော်ရန် မဖြစ်နိုင်ကြောင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ကိုပြင်ရမည်ဟု ဦးအေးသာအောင်က ပြောကြားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ အုပ်ချုပ်ရေး အခန်းတွင် ပါဝင်သည့် 'ကာကွယ်ရေး ၀န်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာနနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနများအတွက် တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကိုရ ယူရမည်' ဆိုသည့် အချက်နှင့် ပုဒ်မ ၄၁၇ အရ အရေးပေါ် အခြေအနေ ကြေညာရာတွင် သမ္မတမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများကို လွှဲအပ်ကြောင်း ကြေညာရမည် ဆိုသည့် အချက်များကိုလည်း ပြင်သင့်ကြောင်း ၎င်းက ပြောကြားသည်။
''ဒါက တပ်မတော်ကို အလိုအလျောက် အာဏာသိမ်းခွင့် ပေးသလို ဖြစ်နေတယ်'' ဟု ဦးအေးသာအောင်က ဆိုသည်။
ပြည်နယ်များတွင် မည်သည့်ပါတီ၊ တိုင်းရင်းသား ပါတီများမှ အနိုင်ရသည်ဖြစ်စေ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ အစိုးရဖွဲ့ခွင့်၊ ၀န်ကြီးချုပ်ဖြစ်ခွင့် မရှိသော အချက်များကိုလည်း ပြင်ဆင်စေလိုကြောင်း ၎င်းက ပြောကြားသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၈ (က) တွင် 'ပုဒ်မ ၄၁၇ အရ အရေးပေါ် အခြေအနေ ကြေညာသည့် ကိစ္စရပ်တွင် နိုင်ငံတော်သမ္မတသည် နိုင်ငံတော်အတွင်း မူလ အခြေအနေသို့ အမြန်ပြန်လည် ရောက်ရှိစေခြင်းငှာ လိုအပ်သည့် အရေးယူ ဆောင်ရွက်မှုများ ပြုနိုင်ရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများကို လွှဲအပ်ကြောင်း ကြေညာရမည်။ ယင်းသို့ ကြေညာသည့် နေ့မှစ၍ လွှတ်တော်အားလုံးနှင့် ဦးစီးအဖွဲ့များ၏ ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းများကို ရပ်ဆိုင်းထားသည်ဟု မှတ်ယူရမည်။ ယင်းလွှတ်တော်များ၏ သက်တမ်းကုန်ဆုံးသည့်အခါ သက်ဆိုင်ရာ လွှတ်တော်များသည် အလိုအလျောက် ဖျက်သိမ်းပြီး ဖြစ်သည်ဟု မှတ်ယူရမည်' ဟု ဖော်ပြထားသည်။

No comments :

Post a Comment

Blogger Widgets
Back to Top