Blogger Widgets

Tuesday, 9 July 2013

ကျိုက်ထိုမြို့နယ်တွင် ရှေးဟောင်းဒင်္ဂါးနှင့် ငွေသတ္တုတုံးများ တွေ့ရှိ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာတွင် ရေစီးမြောင်း တစ်ခုအတွင်းမှ တူးဖော်ရရှိသော ငွေပြားများနှင့် ငွေသတ္တုများအား အရောင်းအဝယ် ပြုလုပ်နေကြောင်း သတင်းအရ သိမ်ဇရပ်နယ်မြေ ရဲစခန်းမှ ဇူလိုင် ၅ ရက်တွင် စစ်ဆေးဖော်ထုတ်ရာ ရှေးဟောင်း ငွေဒင်္ဂါးပြားများ ဖြစ်နေကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၃ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မုပ္ပလင်ကျေးရွာ အိမ်တော်ကုန်းရပ်ကွက်နေ ဒေါ်ကျင်အေး(ခ) ကတုံးမသည် ဗိုလ်တဲကုန်းရပ်ကွက် ဦးသန်းထိုက်၏ နေအိမ်သို့ သွားရောက်ပြီး အပြန်တွင် ဦးသန်းထိုက် နေအိမ်ရှေ့ မိုးရေစီးမြောင်းထဲမှ အဖုံးမပါ၊ နှုတ်ခမ်းပဲ့နေသော မြေအိုးဟောင်း တစ်လုံးကို ဘေးတွင် အဖြူရောင် သတ္တုပြား နှစ်ခုနှင့်အတူ တွေ့ရှိရသဖြင့် ဦးသန်းထိုက်၏ဇနီး မဖြူဖြူဝင်းအား ခေါ်ယူ၍ နှစ်ဦးသား ဖော်ယူကြည့်ရှုရာ မြေအိုးဟောင်းအတွင်းမှ သတ္တုပြား ၂၃၂ ပြား တွေ့ရှိခဲ့ရသည်။   သတ္တုပြားများ ရရှိကြောင်း နီးရာဆွေမျိုးများကို ပြောပြသဖြင့် မဖြူဖြူဝင်း၏ အစ်ကိုဖြစ်သူ ကိုကျော်စွာဝင်းနှင့် အဒေါ်ဖြစ်သူ ဒေါ်စိန်အေးတို့ ရောက်ရှိလာကာ သတ္တုပြားများ တွေ့ရှိရသော နေရာအား ဆက်လက်တူးဖော်ကြရာ ကိုကျော်စွာဝင်းက ငွေသတ္တုဟု ယူဆရသော အဖြူရောင် သတ္တုတုံးနှစ်တုံး စုစုပေါင်းအလေးချိန် ၇၀ ကျပ်သားနှင့် သတ္တုပြား ၁၉ ပြား ရရှိကာ ဒေါ်စိန်အေးက သတ္တုတုံးနှစ်တုံး စုစုပေါင်း အလေးချိန် တစ်ပိဿာခန့် ရရှိခဲ့ကြသည်။
သတ္တုပြားများအား စစ်ဆေးရာ ရှေးဟောင်း ငွေဒင်္ဂါးပြားများ ဖြစ်နေပြီး အချင်း ၂ ဒသမ ၅ စင်တီမီတာမှ ၃ စင်တီမီတာ၊ ဗြက် တစ်မီလီမီတာခန့် တစ်ဖက်တွင် သီရိဝစ္ဆပုံပါရှိပြီး ကျန်တစ်ဖက်တွင် ခရုသင်းပုံအား ဗိန္ဒူအခက်အပြောက် ၂၄ ခုက စက်ဝိုင်းပုံ ဝန်းပတ်ထားသည်။
တစ်ပြားချင်း၏ အလေးချိန်မှာ ရှစ်ဂရမ်ခန့် ရှိသည်။
ဒင်္ဂါးလေ့လာသူများ၏ အဆိုအရ ယခုတွေ့ရှိရသော ရှေးဟောင်း ငွေဒင်္ဂါးပြားများမှာ ဟန်လင်းခေတ် နှောင်းပိုင်း သို့မဟုတ် ဝေသာလီခေတ်ဦးပိုင်း ဒင်္ဂါးများ ဖြစ်နိုင်ကြောင်း သိရသည်။
တွေ့ရှိရသော ရှေးဟောင်း ဒင်္ဂါးများကို ပိုင်ရှင်များထံ ပြန်လည်ပေးအပ်ထားပြီး အခြားသို့ မရောင်းချဘဲ ရှေးဟောင်းသုတေသန ဦးစီးဌာနသို့ အပ်နှံရောင်းချကြရန် တာဝန်ရှိသူများက စည်းရုံးလျက်ရှိကြောင်း ၂၀၁၃ ခုနှစ် ဇူလိုင် ၈ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

No comments :

Post a Comment

Blogger Widgets
Back to Top