Blogger Widgets

Saturday, 29 June 2013

ပြည်တွင်းဆေးဝါး ဈေးကွက်သို့ ၀င်ရောက်ရင်းနှီးမြှုပ်နှံရန် အီတလီ၊ ဂျပန် စသည့် နိုင်ငံတကာ ဆေးကုမ္ပဏီများ စိတ်ဝင်စားနေ

6.28.3
ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေးအတွင်းရှိ ဈေးဆိုင်တစ်ဆိုင်အား တွေ့ရစဉ်(ဓာတ်ပုံ-မင်းသိန်းနိုင်)
မြန်မာနိုင်ငံတွင် သုံးစွဲနေသည့် နိုင်ငံခြားဆေးဝါး အများစုကို အိန္ဒိယနိုင်ငံမှ အများဆုံး တင်သွင်းသုံးစွဲနေခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ ဈေးကွက်အတွင်းသို့ ၀င်ရောက်မှု မရှိသေးသည့် အခြားပြည်ပ နိုင်ငံများမှလည်း မြန်မာ့ဆေးဝါး ဈေးကွက်အတွင်းသို့ ၀င်ရောက်မြှုပ်နှံ လုပ်ကိုင်ရန် စိတ်ဝင်စားမှု ရှိနေကြောင်း သိရသည်။
အိန္ဒိယနိုင်ငံအပြင် တရုတ်၊ ထိုင်း၊ ကိုရီးယား စသည့်နိုင်ငံများမှ ဆေးဝါးများကို ဈေးကွက်အတွင်း တင်သွင်းဖြန့်ဖြူး ရောင်းချလျက်ရှိပြီး မြန်မာပြည် ဈေးကွက်အတွင်းသို့ ၀င်ရောက်မှု မရှိသေးသည့် နိုင်ငံများဖြစ်သည့် အီတလီ၊ ဂျပန်၊ ဆီးရီးယား၊ ပါကစ္စတန်နှင့် ဗီယက်နမ် စသည့်နိုင်ငံများမှလည်း မြန်မာနိုင်ငံတွင် ဆေးဝါးလုပ်ငန်း လုပ်ကိုင်ရန်အတွက် ဇူလိုင်လတွင် မြန်မာနိုင်ငံသို့ လာရောက်ဆွေးနွေးမှုများ ပြုလုပ်မည်ဟု သိရသည်။
''မြန်မာနိုင်ငံ ဆေးဝါးဈေးကွက်ထဲကို ၀င်ရောက်မှု မရှိသေးတဲ့ ပြည်ပနိုင်ငံတွေ မြန်မာနိုင်ငံကိုလာပြီး ဆေးဝါးဆိုင်ရာ ဆွေးနွေးပွဲ လာလုပ်ဖို့ရှိတယ်။ ဆွေးနွေးပွဲနဲ့အတူ ဆေးဝါးပြပွဲလည်း လုပ်မယ်။ သူတို့ရဲ့ ဆေးဝါးတွေကို ဒီမှာမိတ်ဆက်မှာပေါ့။ ပြီးတော့ ဆေးရုံသုံး ပစ္စည်းတွေလည်း ပါလာမယ်လို့ သိရတယ်။ နိုင်ငံ ၁၀ နိုင်ငံလောက် ပါလာမယ်။ သူတို့အနေနဲ့ မြန်မာနိုင်ငံရဲ့ ဆေးဝါးကဏ္ဍမှာ မြှုပ်နှံလုပ်ကိုင်ဖို့ စိတ်ဝင်စားတဲ့အတွက် လာကြတာပါ။ ဒီမှာသူတို့နဲ့တွဲဖက် လုပ်ကိုင်ချင်တဲ့ မိတ်ဖက်ပြည်တွင်း လုပ်ငန်းရှင်တွေကို လာရောက်ရှာဖွေကြတာပါ။ အခုလာရောက်မယ့် ဆေးဝါးကုမ္ပဏီတွေက ပြည်ပနိုင်ငံပေါင်း ၃၀ ကျော်နဲ့ ချိတ်ဆက်လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေပါ'' ဟု မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များ အသင်းမှ တွဲဖက်အတွင်းရေးမှူး ဒေါက်တာသင်းနွယ်ဝင်းက ပြောပြခဲ့သည်။
ပြည်ပမှ ဆေးဝါးထုတ်လုပ်သည့် ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံတွင် ဆေးဝါးလုပ်ငန်း လုပ်ကိုင်ရန်အတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် လုပ်ကိုင်ခွင့် အခွင့်အလမ်းများ အကြောင်းကို နေပြည်တော်ရှိ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနသို့ လာရောက်ဆွေးနွေးမှုများ ရှိကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top