ဆိုမာလီယာနိုင်ငံ၏ မြို့တော်ရှိ ကုလသမဂ္ဂရုံးတစ်ရုံးအတွင်း 
သေနတ်ဖြင့်ပစ်ခတ်မှုများ တစ်နာရီကျော်ကြာ ဖြစ်ပွားခဲ့ကြောင်း 
မျက်မြင်ကြုံတွေ့သူများက ပြောကြားသည်။
 
 အဆိုပါရုံး၏၀င်ပေါက်သို့ 
အသေခံဗုံးခွဲ တိုက်ခိုက်သူတစ်ဦးက ကားတစ်စီးဖြင့်ဝင်ရောက် ဖောက်ခွဲခဲ့ပြီး 
သေနတ်သမားလေးဦး အတွင်းသို့ ၀င်ရောက်သွားသည်ကို သူမြင်တွေ့ခဲ့ရကြောင်း 
ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်ရုံး၏ အပြင်ဘက်မှ ကင်မရာသမားတစ်ဦးက
 ဘီဘီစီသတင်းဌာနသို့ ပြောကြားသည်။ ယခုအခါ အစိုးရဘက်တော်သား တပ်ဖွဲ့ဝင်များက
 မိုဂါဒစ်ရှူးမြို့တော်ရှိ ကုလသမဂ္ဂရုံးဝင်းကို အကာအကွယ် 
ပေးထားလိုက်ပြီဖြစ်ကြောင်း၊ သို့သော် ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များရှင်းလင်းစွာ မသိရှိရသေးကြောင်း အစိုးရတာဝန်ရှိသူများက ဆိုသည်။
 
 အယ်လ်ခိုင်ဒါအုပ်စုတစ်စုဖြစ်သော
 အယ်လ်ရှာဘတ်အဖွဲ့က ယင်းတိုက်ခိုက်မှု၏ နောက်ကွယ်တွင် ၎င်း၏လက်နက်ကိုင် 
အဖွဲ့ဝင်များရှိကြောင်း ပြောကြားလိုက်သည်။ ဆိုမာလီယာနိုင်ငံ၏ 
နေရာများစွာသည် အတောမသတ်သော စစ်ပွဲဇုန်များအဖြစ် ရှိနေပြီး နှစ်ပေါင်း 
၂၀ထက်မနည်း ကာလတိုင်အောင် ထိထိရောက်ရောက် အုပ်ချုပ်နိုင်သည့် 
အမျိုးသားအစိုးရတစ်ရပ်မရှိဘဲ
 ဖြစ်သန်းခဲ့ရသည်။ ယခုလက်ရှိတွင် ကုလသမဂ္ဂက ကျောထောက်နောက်ခံ ပေးထားသော 
အစိုးရအဖွဲ့တစ်ဖွဲ့က အယ်လ်ရှာဘတ်အဖွဲ့အား တိုက်ထုတ်ပြီးနောက် 
နိုင်ငံ၏အဓိကမြို့ကြီး အများစုကို ကိုင်တွယ်ထိန်းချုပ်ထားသည်။
 ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်ရုံးသည် မိုဂါဒစ်ရှူးမြို့တော် တောင်ပိုင်းရှိ
 အစောင့်အကြပ်များ ထူထပ်စွာရှိသည့် လေဆိပ်နှင့် ကပ်လျက်တွင် တည်ရှိသည်။ 
““အသေခံဗုံးခွဲသမားတစ်ယောက်က UNDP ရုံးရဲ့အ၀င်ဂိတ်မှာ သူ့ကိုယ်သူ ဖောက်ခွဲပစ်လိုက်တယ်။ အဲဒီနောက်မှာ လက်နက်ကိုင်တိုက်ခိုက်ရေးသမားတွေ ၀င်သွားပြီး သေနတ်တွေနဲ့ပစ်တော့တာပဲ””ဟု
 အကြီးတန်းရဲတပ်ဖွဲ့ တာဝန်ရှိသူက ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။ 
လုံခြုံရေးအခြေအနေအရ နာမည်ထုတ်ဖော် မပြောသောကင်မရာသမားက ဖောက်ခွဲမှုအတွင်း 
လူအချို့ကို ထိခိုက်သွားစေခဲ့ကြောင်း၊ သူကိုယ်တိုင် လူသုံးဦးကို စစ်တပ် 
လူနာတင်ကားတစ်စီးဆီသို့ ကူညီပို့ဆောင်ပေးခဲ့ရကြောင်း
 ဘီဘီစီသတင်းဌာနသို့ ပြောကြားကာ အဆောက်အအုံပေါက်ကွဲမှု ဖြစ်ပြီးနောက် 
ဒေသခံများ ဘေးလွတ်ရာထွက်ပြေးကြပြီး အဆောက်အအုံအချို့မှာ 
ဆိုးဆိုးဝါးဝါးထိခိုက် ပျက်စီးသွားခဲ့သည်ဟု သူကဆိုသည်။
 
မိုဂါဒစ်ရှူးမြို့တော်ကို နှစ်နှစ်ထက်မနည်း ထန်းချုပ်ထားခဲ့ဖူးသော 
အယ်လ်ရှာဘတ် စစ်သွေးကြွအဖွဲ့သည် အစိုးရဘက်တော်သားဖြစ်သော 
တပ်ဖွဲ့များ၏ဖိအားပေး တိုက်ခိုက်မှုများကြောင့် ၂၀၁၁ ခုနှစ် သြဂုတ်တွင် 
ဆုတ်ခွာသွားခဲ့သည်။ သို့သော် မြို့တော်အတွင်း၌ ရံဖန်ရံခါ 
အသေခံတိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။ ၎င်းတို့ကို ဆိုမာလီယာ၏ 
အခြားသောမြို့ကြီးများမှလည်း 
ဖယ်ရှားခဲ့ပြီးဖြစ်သည်။ သို့သော် မြို့ငယ်လေးများနှင့် ဆိုမာလီယာ 
အလယ်ပိုင်းနှင့် တောင်ပိုင်းရှိ ကျယ်ပြောလှသောကျေးလက်ဒေသ တစ်ခွင်တစ်ပြင်ကို
 ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်သည်။
 
 ဆိုမာလီယာတွင် 
လုံခြုံရေးအခြေအနေ တိုးတက်လာခြင်းက အခြားနိုင်ငံများသို့ ထွက်ပြေး၍ 
အခြေချနေသော နိုင်ငံသားများကို ပြန်လာအောင်စေ့ဆော်ပေးခဲ့ပြီး ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံခြားသံရုံးများကလည်း
 တိုင်းပြည်သို့ပြန်လာရန် ခွင့်ပြုပေးခဲ့သည်။ အာဖရိကသမဂ္ဂ၏ တပ်ဖွဲ့ဝင်အင်အား
 ၁၈,၀၀၀ခန့်သည် ပြီးခဲ့သည့် စက်တင်ဘာလက လွှတ်တော်အမတ်များ 
ရွေးချယ်တင်မြှောက်ခဲ့သည့် သမ္မတဟတ်ဆန် ရှိတ်ခ်မိုဟာမတ်၏အစိုးရကို 
ဆိုမာလီယာနိုင်ငံအတွင်း၌ ထောက်ပံ့ကူညီပေးလျက်ရှိသည်။ ၎င်း၏အစိုးရအဖွဲ့ ကို ဆယ်စုနှစ်နှစ်ခုထက်မနည်းသော ကာလအတွင်း ပထမဆုံးအဖြစ် အမေရိကန်ပြည်ထောင်စုနှင့် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့တို့က အသိအမှတ်ပြုခဲ့သည်။

No comments :
Post a Comment