Blogger Widgets

Sunday, 23 June 2013

Heineken ဘီယာစက်ရုံ ဆောက်မည့် သတင်းကြောင့် လယ်မြေများ အဆ၂၀ ကျော် ဈေးမြင့်

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် လိပ်ပုတ်ကျေးရွာအနီးတွင် ကမ္ဘာကျော် Heineken ဘီယာစက်ရုံ တည်ဆောက်မည်ဟု သတင်း ထွက်ပေါ်လာခြင်းကြောင့် ယခုနှစ်အတွင်း ယင်းကျေးရွာအနီးရှိ လယ်မြေ များမှာ အဆ ၂၀ ကျော်ခန့် ဈေးမြင့်လာကြောင်း ယင်းဒေသခံများထံမှ စုံစမ်း သိရှိရသည်။
ယခင်က လယ်တစ်ဧက ဈေးနှုန်း ကျပ်သိန်း ၅၀ အောက်သာ ရှိရာမှ တစ်နှစ် အတွင်း ကျပ်သိန်း ၁၀၀၀ ကျော်ထိ မြင့်တက်လာခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

Heineken စက်ရုံအနီးရှိ လယ်မြေများကို အဝယ်များပြီး အမှတ် (၄) လမ်းမကြီးဘေးရှိ မြေနေရာများမှာ တစ်ဧက ကျပ်သိန်း တစ်ထောင်ကျော် ရှိကာ အတွင်းမြေကွက်များမှာ တစ်ဧက ကျပ်သိန်း ၃၀၀ ခန့်ရှိကြောင်း လိပ်ပုတ်ကျေးရွာမှ ဦးစံသိမ်းက ပြောကြားသည်။
အချို့ ကုမ္ပဏီများက ဧက ၅ ဒသမ ၇၁ ရှိသည့် လယ်မြေကို ကျပ်သိန်း ၂၅၀၀ ဖြင့် ဝယ်ရန် ညှိနှိုင်းနေပြီး ခြောက်ဧက ရှိသည့် ဥယျာဉ်ခြံကို ကျပ်သိန်း ၈၀၀၀ ပေး၍ ဝယ်ယူသွားကြောင်း ၎င်းက ပြောဆိုသည်။

မှော်ဘီမြို့နယ်ရှိ အခြား ကျေးရွာများနှင့် ရပ်ကွက်များတွင်မူ အိမ်၊ ခြံ၊ မြေ ဈေးမှာ အတက်အကျမရှိဘဲ ယခုအချိန်တွင် အရောင်းအဝယ် ဈေး ကွက်မှာ အေးစက်နေကာ ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းမှ စ၍ လိပ်ပုတ်ကျေးရွာ အနီးတွင် မြေဈေးနှုန်းများ မြင့်မားလာရခြင်းမှာ လုပ်ငန်းရှင်ကြီးများက စက်ရုံ များ တည်ဆောက်ရန်အတွက် လမ်းဘေးနေရာများ ဈေးပြိုင်ပေး၍ ဝယ်နေသောကြောင့် ဖြစ်ကြောင်း မှော်ဘီမြို့နယ်ရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် တစ်ဦးက ပြောကြားသည်။

No comments :

Post a Comment

Blogger Widgets
Back to Top