ကယားပြည်နယ်တွင် ဖြစ်ပွားခဲ့သော လက်နက်ကိုင်
ပဋိပက္ခများကြောင့် ထိုင်းနိုင်ငံသို့ သွားရောက် ခိုလှုံခဲ့သည့် ကရင်နီ
အမျိုးသမီးများဖြင့် စုစည်း ဖွဲ့စည်းထားသော ကရင်နီ အမျိုးသမီး အစည်းအရုံးက
အစိုးရဌာနများတွင် ပါဝင်ခွင့် ရရန်အတွက် ကယားပြည်နယ် ဒီမောဆိုးမြို့၌ ဇွန်လ
၁၉ ရက်နေ့က စတင်ကျင်းပသော ကရင်နီ အမျိုးသမီး အစည်းအရုံး ညီလာခံ၌ ဆွေးနွေး
ခဲ့သည်။
"ကယားပြည်နယ်မှာ ဌာနဆိုင်ရာ အကြီးအကဲ နေရာတွေမှာ ကရင်နီ
အမျိုးသမီးတွေကို ခန့်ထားတာ မရှိဘူး။ အမျိုးသမီးတွေရဲ့ ပါဝင်နိုင်တဲ့
အခန်းကဏ္ဍ နည်းတယ်။ ဒါကြောင့် ခေါင်းဆောင်ပိုင်းမှာ အမျိုးသမီး ၃၀
ရာခိုင်နှုန်း ပါဝင်နိုင်ဖို့ ဆွေးနွေးခဲ့ပါတယ်" ဟု
ကရင်နီအမျိုးသမီးအစည်းအရုံး (KNOW ) ၏ အထွေထွေ အတွင်းရေးမှူး ဒေါ်မီးမီးက
ဆိုသည်။
နှစ်ရက်ကြာ ကျင်းပခဲ့သော ညီလာခံတွင် ကယားပြည်နယ်တွင် နေထိုင်သော အမျိုးသမီးများအပြင် ထိုင်း-မြန်မာ နယ်စပ်ရှိ ကရင်နီ ဒုက္ခသည် အမျိုးသမီး များ အားလုံး၏ ရပိုင်ခွင့်များ၊ ခုခံကာကွယ်ခွင့်ဆိုင်ရာ ကိစ္စရပ်များ၊ အမျိုးသမီး စောင့်ရှောက်မှုများကို ဆွေးနွေးခဲ့သည်။
ကရင်နီ အမျိုးသမီးတို့၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို ဆွေးနွေး တောင်း ဆိုလေ့ ရှိသော ကရင်နီ အမျိုးသမီး အစည်းအရုံး ညီလာခံကို ယခင်က ထိုင်းနိုင်ငံတွင်သာ ကျင်းပခဲ့ပြီး အစိုးရသစ်၏ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ၂ နှစ် ပြည့်ချိန်တွင် မြန်မာနိုင်ငံတွင် ပထမဆုံး လာရောက် ကျင်းပသော ညီလာခံဖြစ်ကြောင်း ဒေါ်မီးမီးက ရှင်းပြသည်။
ကရင်နီ အမျိုးသမီး အစည်းအရုံးသည် ထိုင်းနိုင်ငံ၏ နယ်စပ်ဒေသဖြစ်သော မယ်ဟောင်ဆောင် ခရိုင်ရှိ ကရင်နီ ဒုက္ခသည်စခန်း နှစ်ခုတွင် ဒုက္ခသည် စုစုပေါင်း ၁၆,၄၄၀ ကျော်ကိုလည်း အကူအညီ ပေးလျက်ရှိကြောင်း ယင်း အစည်းအရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

No comments :
Post a Comment