တရုတ်ကုမ္ပဏီ CNPC ကို ဆန္ဒပြသဖြင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်
မဒေးကျွန်းမှ တရားစွဲခံရ သူ ခေါင်းဆောင် ၁၀ ဦး အမှုကို ယမန်နေ့က ကျောက်ဖြူ
တရားရုံးမှ စစ်ဆေးရာ တရားလိုသက်သေ သုံးဦးကို စစ်ဆေး ခဲ့သည်။
ကျောက်ဖြူမြို့နယ် တရားသူကြီး ဦးနေ၀င်းက အစိုးရအရာရှိ(၃)ဦးကို စစ်ဆေးခဲ့ကြောင်း ဆန္ဒပြ ခေါင်းဆောင် ဦးထွန်းကြည်က ပြောသည်။
“ ကျွန်တော်တို့ ၁၀ ယောက် ရုံးကို ၁၁ နာရီခွဲမှာ ရုံးကိုရောက်တဲ့အကြောင်းကို အကြောင်းကြား ပါတယ်။ မြို့နယ် တရားသူကြီး ဦးနေ၀င်းက ကျွန်တော်တို့ကို ခေါ်ပါတယ်။ ပထမ စစ်တာက မြို့နယ် အလုပ်သမားဦးစီးမှူး ဦးရွှေသန်း၊ ၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးစံရွှေထွန်းနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးနေ၀င်း (ဒုဦးစီး) တို့ကို စစ်ဆေးပါတယ်။”
စစ်ဆေးရာတွင် တရားခံ ၁၀ ဦးဖက်မှ ရှေ့နေ့ ဦးထိန်းလင်းမှ လိုက်ပါ ဆောင်ရွက်ပေးပြီး အစိုးရ တရားလို ဖက်မှ ရှေ့နေအဖြစ် ဒေါ်လှနုဖြူက ဆောင်ရွက်ခဲ့သည်ဟု ပြောသည်။
သူတို့ကို စစ်ဆေးသည့် အခြေအနေနှင့် ပတ်သက်၍ ဦးထွန်းကြည်က ယခုကဲ့ ပြောသည်။
“ ဟုတ်ကဲ့၊ မြို့နယ်အလုပ်သမား ဦးစီးမှူးနဲ့ မြို့နယ်မီးသတ်ဦးစီးမှူးကို စစ်ဆေးပါတယ်။ သူတို့ကို စစ်ဆေး တဲ့ အခါ မဒေးကျွန်းကို မိမိဆန္ဒထုတ်ဖေါ်ခွင့်ပေးတဲ့ ဧပြီလ၁၈ ရက်နေ့မှာ မြို့နယ် အုပ်ချုပ်ရေးမှူး အပါအ၀င် ဌာန ဆိုင်ရာအကြီးအကဲတွေက မဒေးကျွန်း ဒေသခံတွေနဲ့ ဆွေးနွေး ပါတယ်။ ဆွေးနွေးတဲ့ အခါမှာ သူတို့တွေက လက်မခံတဲ့အတွက် ဆန္ဒပြပွဲဖြစ်သွားတယ်။ အဲဒီဆန္ဒပြမှုနဲ့ ဖြစ်သွားတာနဲ့ ပတ်သက်ပြီး သူတို့ကို စစ်ဆေးပါတယ်။ ကျွန်တော်တို့ကိုလဲ ဆန္ဒပြတဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး မေးမြန်း တာ တချို့တော့ မနေ့က ရှိခဲ့ပါတယ်” ဟု ဆိုသည်။
ယနေ့တွင် တရားလိုသက်သေ သုံးဦးကို စစ်ဆေးခဲ့ပြီး နောက်ထပ် စစ်ဆေးရန် ကျန်ရှိနေသေးသော တရားလိုသက်သေ ၁၂ ဦးကို ယခုလ ဇွန်လ ၂၄ ရက်နေ့တွင် ထပ်မံ စစ်ဆေး သွားမည်ဟု သိရသည်။
ဆန္ဒပြသဖြင့် တရားစွဲခံရသူများမှာ မဒေးကျွန်းပေါ်ရှိ ကျောက်တန်းရွာမှ ဦးမောင်မောင်မြင့်၊ မောင်မျိုးနိုင်၊ မောင်ယဉ်လှ၊ ပြင်ရွာက ဦးမောင်မောင်စော၊ ဦးမောင်သန်းအေး နဲ့ နောက်တစ်ဦး ရွာမရွာမှ ဦးအောင်သိန်းထွန်း၊ ထွန်းခင်နု၊ ဦးမောင်ဖြူသီးနှင့် ဦးထွန်းကြည် တို့ ဖြစ်ကြ သည်။
၎င်းတို့ ၁၀ ဦးကို ဧပြီလ ၁၈ ရက်နေ့က မဒေးကျွန်းရှိ တရုတ်ကုမ္ပဏီ CNPC အား ဆန္ဒပြရာတွင် ဦးဆောင် ပါဝင်သည်ဟု ဆိုကာ မဒေးကျွန်း ရဲစခန်းမှူး ဦးစောဝင်းမှ မေလ ၆ ရက်နေ့က တရားလို လုပ်ကာ တရားစွဲ ဆိုခြင်းဖြစ်သည်။ှ

No comments :
Post a Comment