Blogger Widgets

Monday, 10 June 2013

မူဆယ် နယ်စပ်မှတစ်ဆင့် ဘီယာနှင့် အချိုရည် ဘူးခွံများအား တရုတ်ဘက်မှ အများအပြား လာဝယ်နေ

chinamuse-june9
တရုတ်နိုင်ငံနှင့် အဓိက ကုန်သွယ်မှု ပြုနေသည့် မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းအား တွေ့ရစဉ်

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး၏ အဓိက ကုန်သွယ်ဖက် စခန်းဖြစ်သော မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းမှတစ်ဆင့် မြန်မာနိုင်ငံမှ ဘီယာနှင့် အချိုရည် ဘူးခွံများအား အများအပြား ၀ယ်နေကြောင်း နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ သိရသည်။

ယခင်နှစ်များက ယခုကဲ့သို့ ၀ယ်ယူမှု မရှိဘဲ ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ရောက်ရှိမှသာ ၀ယ်ယူလာခြင်းဖြစ်ကြောင်း၊ တရုတ်ဘက်သို့ ဘီယာနှင့် အချိုရည်ဘူးခွံ ရောင်းချသူများ အနေဖြင့် ဘူးခွံများအား ပြားအောင်ပြုလုပ်ပြီးမှ တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။

"နှစ်တိုင်း ဒီလိုဝယ်လေ့ မရှိဘူး။ ဒီနှစ်ကျမှ ထူးထူးခြားခြား ဘီယာနဲ့ အချိုရည်ဘူးခွံတွေ လာဝယ်တယ်။ ထုပြီးပြားနေအောင် လုပ်ပြီးပို့ကြတယ်" ဟု နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြခဲ့သည်။

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု ပြုရာတွင် ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ မူဆယ်နှင့် လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေး စခန်းလေးခုမှ တရားဝင် ကုန်သွယ်လျက်ရှိပြီး မူဆယ်မှ အဓိက ကုန်သွယ်ကြောင်း၊ နှစ်လအတွင်း မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ ၄၁၈ သန်းကျော်ဖိုး ကုန်သွယ်ခဲ့ကြောင်း သိရသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်က မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းတစ်ခုတည်းမှ အမေရိကန်ဒေါ်လာ ၂၇၃၆ သန်းကျော်ဖိုး ကုန်သွယ်ခဲ့သည်။

တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံမှ ဆန်၊ ပြောင်းနှင့် လယ်ယာထွက်ကုန်များကို လက်ရှိ၌ အများဆုံး ၀ယ်ယူလျက်ရှိကြောင်း၊ ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှ မေလကုန်အထိ နှစ်လအတွင်း ဆန်တန်ချိန် ၃၅၀၀၀ အထိ ၀ယ်ယူထားကြောင်း သိရသည်။

မြန်မာနိုင်ငံဘက်သို့ ယာဉ်ယန္တရား၊ မော်တော်ဆိုင်ကယ်နှင့် ဓာတ်မြေသြဇာများအား အဓိကပြန်လည် တင်သွင်းနေကြောင်းလည်း သိရသည်။

တရုတ်နယ်စပ်တွင် ဘီယာဗူးခွံများ ထူးထူးခြားခြား ၀ယ်ယူလာသကဲ့သို့ မြန်မာ-အိန္ဒိယ နယ်စပ်တွင်လည်း အိန္ဒိယ ကုန်သည်များက မြန်မာနိုင်ငံထုတ် စီးကရက်များအား ထူးထူးခြားခြား လာရောက်ဝယ်ယူလျက်ရှိပြီး ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှ မေလကုန်အထိ ကျပ်သိန်းပေါင်း ၆၀၀၀ ကျော်ဖိုး လာရာက်ဝယ်ယူသည်ဟု သိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top