မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းတွင် ဆန်အရောင်းအ၀ယ် ပြုလုပ်နေစဉ်
မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန် ပစ္စည်းများ ဇွန်လအတွင်း ပြည်ပသို့
တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၂၅ သန်းကျော် ရရှိထားသော်လည်း ယခင်ဘဏ္ဍာနှစ်
အလားတူ ကာလတင်ပို့မှုထက် တန်ချိန်နှင့် ရရှိငွေပါ လျော့ကျနေကြောင်း
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ရရှိသော အချက်အလက်များအရ
သိရသည်။
၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် နှစ်လကျော် ကာလသို့ ရောက်ရှိလာပြီ ဖြစ်သော်လည်း
လယ်ယာထွက်ကုန်ပစ္စည်း ပြည်ပတင်ပို့မှုမှာ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ် နှစ်လကျော်ကာလ
တင်ပို့မှုထက် တန်ချိန်နှင့် ရရှိငွေပါ လျော့နည်းနေခြင်း ဖြစ်သည်။
လယ်ယာထွက်ကုန်များ ဖြစ်သည့် စပါး၊ ဆန်၊ ဆန်ကွဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊
ပဲစင်းငုံ၊ ပဲလွမ်းဖြူ၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယဉ်း အစရှိသည့်
ပဲအမျိုးမျိုး၊ ပြောင်းသီးနှံ များဖြစ်သည့် အစေ့ထုတ်ပြောင်း၊
နှံစားပြောင်း၊ နှမ်း၊ ပန်းနှမ်း၊ မြေပဲ(အခွံပါ)၊ မြေပဲဆန်၊ ရော်ဘာ၊ ကြက်ဆူ
စသည့် နှစ်ရှည်သီးနှံ၊ သရက်သီး၊ ဖရဲသီးစသည့် သစ်သီးဝလံများ၊ မီးဖိုချောင်
အုပ်စုဝင် သီးနှံများဖြစ်သည့် နနွင်း၊ ချင်းစို/ခြောက်များကို ပြည်ပသို့
တင်ပို့နေခြင်း ဖြစ်သည်။
ယခုဘဏ္ဍာရေးနှစ် ဇွန်လ ပထမပတ်အထိ အဆိုပါ ကုန်ပစ္စည်းတန်ချိန် ၇၃၈၉၆၇
တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၂၅ ဒသမ ၆၀၀ ရရှိခဲ့ကြောင်း၊ ထိုသို့
အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် ရရှိခဲ့သော်လည်း ယခင်နှစ် အလားတူ ကာလက
တန်ချိန် ၈၇၀၀၀၀ ကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၉၁ သန်းကျော်
ရရှိခဲ့သဖြင့် ယခုနှစ်မှာ ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ ၆၅ သန်းကျော်
လျော့နည်းနေဆဲ ဖြစ်ကြောင်း သိရသည်။
လယ်ယာထွက်ကုန် အုပ်စုများထဲမှ ပြောင်းသီးနှံနှင့် မီးဖိုချောင်
အုပ်စုဝင် သီးနှံများသာ ယခင်နှစ်ထက် ၀င်ငွေပိုမိုရရှိခဲ့ပြီး
ဆန်နှင့်ဆန်ထွက်ပစ္စည်း၊ ပဲမျိုးစုံ၊ ဆီထွက် သီးနှံ၊ နှစ်ရှည်သီးနှံနှင့်
သစ်သီးဝလံတို့မှ ရရှိငွေမှာ လျော့ကျနေကြောင်း သိရသည်။
ယခင်ဘဏ္ဍာနှစ် (၂၀၁၂-၁၃) တစ်နှစ်လုံးတွင် မြန်မာ့လယ်ယာ ထွက်ကုန်ပစ္စည်း
တန်ချိန် ၄၂ သိန်းကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၂၄၀၀ ကျော်
ရရှိခဲ့ကြောင်း သိရသည်။

No comments :
Post a Comment