ကမ္ဘာ့စီးပွားရေးဖိုရမ်
အပိတ်နေ့ ဆွေးနွေးမှုအဖြစ် Palakurthi(Senior Director,WEF)၊
Rice(Vice-Chairman,GE Hongkong)၊ Kojima(Chairman,Mitsubishi)၊
Clark(Administrator,UNDP)၊ Ramadorai(Vice-Chairman,TATA)၊
Fernandes(CEO,Airasia) (၀ဲမှယာ)တို့ ဆွေးနွေးနေကြစဉ်
မြန်မာနိုင်ငံသည် စီးပွားရေးအရ လျင်မြန်စွာ ပြုပြင်ပြောင်းလဲလာချိန်တွင်
ယင်းအပြောင်းအလဲကို မခံစားရသည့်သူများ ရှိလာနိုင်သည့်အတွက် လည်းကောင်း၊
မြန်မာနိုင်ငံ အပါအ၀င် အရှေ့အာရှ နိုင်ငံများ၏ ဆင်းရဲနွမ်းပါးမှု
ပြဿနာများကို ဖြေရှင်းနိုင်ရန် လည်းကောင်း အစိုးရ၊ ပုဂ္ဂလိက၊
အင်ဂျီအိုများနှင့် အရပ်ဘက်မှ အဖွဲ့အစည်းများ ပူးပေါင်း၍ လူမှုဖူလုံရေး
အစီအစဉ်များ ပြုလုပ်ရန်လိုအပ်ကြောင်း ပညာရှင်များက သုံးသပ်ကြသည်။
''အရှေ့အာရှမှာ ဆင်းရဲမွဲတေမှုတွေ လျော့ချဖို့ဆိုရင် လူမှုဖူလုံရေး
အထောက်အပံ့တွေ ပေးနိုင်ဖို့ လိုပါတယ်။ အလုပ်လက်မဲ့တွေရော၊ ကလေးသူငယ်တွေ၊
အမျိုးသမီးတွေရဲ့ ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာ အထောက်အပံ့တွေ ပေးတာမျိုးတွေ
လုပ်ပေးနိုင်ဖို့လုပ်တယ်။ ဒီလိုလုပ်တဲ့နေရာမှာ ဆင်းရဲတဲ့ တိုင်းပြည်တွေမှာ
ပိုပြီးတော့ အခက်အခဲတွေ ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ
ဒီအစီအစဉ်တွေကို တတ်နိုင်သလောက်တိုးပြီး လုပ်ကိုင်လာပါတယ်။ ဒီလိုပဲ
အခြားနိုင်ငံတွေလည်း လုပ်ဖို့လိုပါတယ်၊ ဒါမှဆင်းရဲမွဲတေမှုနဲ့ ပတ်သက်ပြီး
ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာပါ'' ဟု ကမ္ဘောဒီးယား
နိုင်ငံ၏ ဒုတိယ၀န်ကြီးချုပ်နှင့် စီးပွားရေး ၀န်ကြီးဖြစ်သူ Keat Chhon က
ဇွန် ၇ ရက် တွင်ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်၏ Social protection and
Financial Inclusion ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
''လူမှုဖူလုံရေး အစီအစဉ်တွေဆိုတာက အရေးကြီးပါတယ်။ အထူးသဖြင့်
ကျွန်တော်တို့လို အသွင်ကူးပြောင်းရေး ကာလမှာ အရှိန်အဟုန်မြှင့်ပြီး
မြန်မြန်ဆန်ဆန်နဲ့ ရှေ့ကိုသွားနေတဲ့ နိုင်ငံတစ်ခုအနေနဲ့ ဒီ social
protection ဆိုတာ အရမ်းကို အရေးပါပါတယ်။ ဘာတွေကို ကာကွယ်ရမလဲဆိုတော့
အမြန်အဆန် ပြောင်းလဲနေတဲ့ စီးပွားရေး အပြောင်းအလဲတွေ ကြားမှာ
နောက်ကျကျန်ခဲ့မယ့်သူတွေ၊ အကျိုးမခံစား လိုက်ရမယ့်သူတွေ၊
ထိခိုက်နစ်နာလွယ်တဲ့ အုပ်စုတွေလည်း ကျန်နေမယ်။ ဒီလိုလူတွေအတွက်ကို
အထူးစဉ်းစားပြီးတော့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကြောင့် ရလာမယ့်
အသီးအပွင့်တွေကို သူတို့ပါ ခံစားခွင့်ရနိုင်အောင် အစိုးရကနေ
တာဝန်ယူပြီးတော့ လုပ်ဖို့လိုလာပါတယ်။ ဘာကြောင့်လဲဆိုတော့
ပြုပြင်ပြောင်းလဲတဲ့ အခြေအနေ တော်တော်များများက ဈေးကွက်ကို အခြေခံတာ
ဖြစ်တဲ့အတွက် ပုဂ္ဂလိကကဏ္ဍကို ဦးစားပေးပြီး ရှေ့တင်ပေးလိုက်တာပါ။ ဒါပေမဲ့
ပုဂ္ဂလိက ကဏ္ဍဆိုတာ အမြတ်အစွန်းကိုပဲ ဦးစားပေးကြတာမျိုးပါ။ ဒါကြောင့်
ဒီဈေးကွက်ထဲမှာ ပါနိုင်တဲ့သူတွေ ဆိုတာကလည်း ဒီလိုနေရာမှာ ရနိုင်မယ့်
ပညာအားဖြင့် ပြည့်စုံတဲ့သူတွေ၊ စီးပွားရေးအရ အင်အားရှိသူတွေ၊ ခန္ဓာကိုယ်
ကျန်းမာသန်စွမ်းသူတွေ၊ နိုင်ငံတကာ အတွေ့အကြုံ ပြည့်ဝသူတွေ ဒီလူတွေလောက်ပဲ
ပါနိုင်ပါတယ်။ အချို့လူတွေက အပြောင်းအလဲမှာ ပါချင်ပေမယ့် ပါခွင့်မရဘဲ
ကျန်ခဲ့တဲ့သူတွေရှိမယ်။ အပြောင်းအလဲက အရမ်းမြန်လာတော့ အပြောင်းအလဲနောက်မှ
အားသာတဲ့လူတွေက အားရှိသလောက် ရှေ့ကိုရောက်သွား နိုင်ပေမယ့်
အားနည်းတဲ့သူတွေက ကျန်ခဲ့တဲ့၊ ကျန်ခဲ့ပြီး ပိုပြီးနောက်ရောက်နိုင်မယ်။
ဒါကြောင့် ဒီလူတွေကို ကြည့်ရှုစောင်မဖို့ အစိုးရအနေနဲ့ အစီအစဉ်တွေ
ပြုလုပ်ဖို့ လိုလာပါတယ်'' ဟု စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးက
ပြောပြခဲ့သည်။
ယင်းကဲ့သို့ အနေအထားများသည် ဆင်းရဲသည့် နိုင်ငံများတွင် ပြုလုပ်ရန်
လိုအပ်နေကြောင်း၊ အခြားဥရောပ နိုင်ငံများတွင် အောင်မြင်နေပြီ ဖြစ်သည့်အတွက်
အတုယူသွားရန် လိုအပ်ကြောင်း၊ အဓိကအားဖြင့် အစိုးရပိုင်းတွင်
တာဝန်ရှိသော်လည်း NGO များအနေနှင့်လည်း ပါဝင်လုပ်ကိုင်နိုင်ရန်
လိုအပ်ကြောင်း၊ ထို့အတွက် အဓိက အတားအဆီးဖြစ်သော ဘဏ္ဍာရေးပိုင်းနှင့်
ပတ်သက်၍လည်း ထည့်သွင်းစဉ်းစားသင့်ကြောင်း၊ အသေးစားချေးငွေ ထောက်ပံ့ပေးမှု
အစီအစဉ်များလည်း လိုအပ်ကြောင်း ဆွေးနွေးကြသည်။
''ကမ္ဘာ့ကုလသမဂ္ဂရဲ့ အဓိကရည်မှန်းချက်က ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး
ရည်မှန်းချက်ပါ။ ၂၀၂၀ ကို ရည်မှန်းချက်ထားပြီး ဆောင်ရွက်နေပါတယ်။
ဆင်းရဲမွဲတွေမှုကို လျော့ချဖို့ ဖွံ့ဖြိုးတိုးတက်ဖို့လည်း လိုပါတယ်။
ဒီအပေါ်မှာ နိုင်ငံတွေက သုံးစွဲနိုင်တဲ့ ငွေကြေးကလဲ တစ်နိုင်ငံနဲ့
တစ်နိုင်ငံ မတူပါဘူး။ တချို့နိုင်ငံတွေက ဆင်းရဲမွဲတေမှုလျော့ချဖို့ GDP ရဲ့
၂၀ ရာခိုင်နှုန်းလောက်ကို ပြန်သုံးကြတာပါ။ အချို့ကတော့ ၁၀ ရာခိုင်နှုန်းကနေ
၁၅ ရာခိုင်နှုန်းလောက်ပဲ သုံးနိုင်တယ်။ အချို့ဆို ၃၀ ရာခိုင်နှုန်းလောက်
ပြန်သုံးတာလည်း ရှိတယ်'' ဟု UNCTAD (United Nations Conference on Trade
and Development မှ အတွင်းရေးမှူးချုပ်ဖြစ်သူ Supachai Panitchpakdi က
ပြောကြားခဲ့သည်။

No comments :
Post a Comment