Blogger Widgets

Saturday, 22 June 2013

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်မြှင့်တင်ခြင်း လုပ်ကိုင်ခွင့် ရရှိသည့် ကုမ္ပဏီအား နောက်ဆုံးအဆင့် ရွေးချယ်နိုင်ခြင်း မရှိသေး

6.21.2
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝန်း အတွင်းရှိ လေယာဉ်တစ်စီးကို ၂၀၁၂ ခုနှစ် အောက်တိုဘာလက တွေ့ရစဉ်
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိသည့် ကုမ္ပဏီအား နောက်ဆုံးအဆင့် ရွေးချယ်နိုင်ခြင်း မရှိသေးကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား အဆင့်မြှင့်တင်ရန် ကုမ္ပဏီ ခုနစ်ခုအား နောက်ဆုံးအဆင့် ရွေးချယ်သွားရန် တင်ဒါစိစစ် ရွေးချယ်ရေး အဖွဲ့မှ စိစစ်ရွေးချယ်လျက် ရှိသည်။
ယင်းကဲ့သို့ အပြီးသတ် ရွေးချယ်နိုင်ခြင်း မရှိသေးသည့်အတွက် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများအားလည်း စတင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
''ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အဆင့်မြှင့်တင်ဖို့ နောက်ဆုံးအဆင့် ကုမ္ပဏီ ခုနစ်ခုကို အပြီးသတ် ရွေးချယ်သွားမှာပါ။ တင်ဒါစိစစ် ရွေးချယ်ရေး အဖွဲ့ကိုလည်း အပြီးသတ် ရွေးချယ်မှုကို အမြန်ဆုံး လုပ်ပေးဖို့ ပြောထားပါတယ်။ လက်ရှိမှာတော့ ရန်ကုန်လေဆိပ်မှာ ပြည်တွင်း ပြည်ပ နှစ်ခုလုံးမှာ အဆင့်မြှင့်တင်ခြင်း လုပ်ငန်း လုပ်ကိုင်နေတာ မရှိသေးပါဘူး။ နောက်ဆုံးအဆင့် ရွေးချယ်ပြီးတဲ့ ကုမ္ပဏီကသာ လေဆိပ် အဆောက်အုံတွေကို ဖြိုဖျက်မှာလား။ အဆင့်မြှင့်တင် မှာလားဆိုတာ ဆုံးဖြတ်သွားမှာပါ။ ဂျပန်ကုမ္ပဏီက လုပ်ကိုင်ခွင့် ရသွားပြီ ဆိုတာလည်း မဟုတ်ပါဘူး'' ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောကြားခဲ့သည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား တိုးချဲ့တည်ဆောက်ခြင်း၊ လေဆိပ်ဝန်ဆောင်မှု လုပ်ငန်းများ၊ စီမံခန့်ခွဲရေးနှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ အပါအ၀င် လေဆိပ်လုပ်ငန်းများ အားလုံးကို ပုဂ္ဂလိကသို့ အလုံးစုံ လုပ်ကိုင်ခွင့်ပေးမည် ဖြစ်သည်။
ယင်းသို့ လေဆိပ်လုပ်ငန်းများအား ပုဂ္ဂလိကသို့ အလုံးစုံ လုပ်ကိုင်ခွင့် ပေးရာတွင် လုပ်ငန်းရှင်များမှ သင့်လျော်သည့် ရင်းနှီးမြှုပ်နှံမှုဖြင့် ပူးပေါင်း ဆောင်ရွက်နိုင်ရန် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များအား အကြို အရည်အချင်း စစ်ဆေးသည့် လျောက်လွှာအား ၂၀၁၂ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၅ ရက်အထိ ခေါ်ယူခဲ့ပြီး ဖြစ်သည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လေဆိပ် ၀န်ဆောင်မှုလုပ်ငန်း၊ လေယာဉ်ပြေးလမ်းနှင့် သက်ဆိုင်သော လေယာဉ်ကွင်းဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်း၊ ပြေးလမ်းနှင့် အဆောက်အအုံများအား ပြုပြင်ထိန်းသိမ်းသည့် လုပ်ငန်းနှင့် လေကြောင်း ထိန်းသိမ်းရေး လုပ်ငန်းဟူ၍ လေဆိပ်လုပ်ငန်း လေးခုရှိကြောင်း သိရသည်။
အဆိုပါ လေဆိပ်လုပ်ငန်း လေးခုရှိသည့်အနက် လေဆိပ်ဝန်ဆောင်မှု လုပ်ငန်းများအား ၂၀၁၀ ခုနှစ် ဇွန် ၁ ရက်မှ စတင်ကာ Pioneer Aerodrome Services ကုမ္ပဏီသို့ နှစ်ရှည်လုပ်ငန်း လုပ်ကိုင်ခွင့် ပြုခဲ့သည်။ ယခုပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များအား လုပ်ငန်းလုပ်ကိုင်ခွင့် ပြုမည့် လေဆိပ်လုပ်ငန်းများတွင် အဆိုပါ လေဆိပ်ဝန်ဆောင်မှု လုပ်ငန်းများလည်း ထပ်မံပါဝင်မည်ဟု သိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top