Blogger Widgets

Tuesday, 4 June 2013

မြန်မာငွေလွှဲလမ်းကြောင်းများ-ဟွန်ဒီနှင့်တရားဝင်ဘဏ်အကြား နိုင်ငံ့ဝင်ငွေ ဆုံးရှုံးမှုများ

၂၀၀၉ ခုနှစ် နိုင်ငံတကာရွှေပြောင်းနေထိုင်သူများအဖွဲ့ (IOM – International Organization for Migration) က မြန်မာနိုင်ငံလူဦးရေ၏ ၁၀ % က ပြည်ပမှာ နေထိုင်ကြကြောင်း ခန့်မှန်းခဲ့သည်။ မြန်မာနိုင်ငံ လူဦးရေကို ၂၀၀၉ ခုနှစ်က သန်း၅၀-၅၅ သန်းအကြား ရှိမည်ဟု ခန့်မှန်းထားသဖြင့် အကြမ်းအားဖြင့် မြန်မာ ၅ သန်းကျော် ရွှေ့ပြောင်း အလုပ်သမားများအဖြစ် လုပ်ကိုင်နေကြသည်ဟု ဆိုနိုင်သည်။
ဤခန့်မှန်းချက်သည် လတ်တလော စာရင်းများနှင့် နီးစပ်မှုရှိနေပါသည်။ လတ်တလောစာရင်းများအရ ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား ၂ သန်းမှ ၄ သန်းအကြား၊ မလေးရှားတွင် သန်းတ၀က်ခန့်၊ စင်ကာပူတွင် တသိန်းကျော်၊ ဂျပန်နှင့် တောင်ကိုရီးယားတွင် ထောင်နှင့် ချီနေပြီး အိန္ဒိယနှင့် တရုတ်တွင်တော့ အရေအတွက်ကို ခန့်မှန်း၍ မရနိုင်ပါ။
မြန်မာရွှေ့ပြောင်းအလုပ်သမား ၅ သန်းက ပြည်ပတွင် ၀င်ငွေရရှိနေချိန်တွင် ပြီးခဲ့သည့်နှစ်က မြန်မာဗဟိုဘဏ်စာရင်းထဲသို့ လွှဲငွေ ဒေါ်လာ ၅၆၆ သန်းသာ ၀င်ရောက်လာသည်။ ဤ အရေအတွက်မှာ GDP ၏ 1.1 % သာ ဖြစ်သည်။ ဘာကြောင့်ပါနည်း။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်တွင် ပြည်ပတွင် အလုပ်လုပ်ကြသူ ၅ သန်းလောက် ထံမှ အိမ်သို့ ပြန်လွှဲငွေ ဒေါ်လာ ၁၄ ဘီလီယံခန့် (GDP ၏ ၁၂%) ကို ၎င်းတို့၏ တရားဝင် ဘဏ်များမှတဆင့် ရရှိခဲ့သည်။
အရှေ့တောင်အာရှတွင် ဖိလိပိုင်နိုင်ငံ၏ ရွှေ့ပြောင်းအလုပ်သမားများ အိမ်ပြန်လွှဲငွေမှာ စံချိန်ပင်ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်
နိုဝင်ဘာလတွင် ဒေါ်လာ ၁၉.၁၈ ဘီလီယံ ရှိသည်။ ဖိလိပိုင်နိုင်ငံ GDP ၏ ၁၀% ရှိသည်။ ဤပမာဏသည် ၂၀၁၁ နိုဝင်ဘာလွှဲငွေထက် ၇.၆% တိုးလာခြင်းဖြစ်သည်။

အရည်အသွေးရှိသော နိုင်ငံသားများကို နိုင်ငံတကာတွင် အလုပ်ရှာပေးခြင်း များနှင့် အလုပ်သမားများ အဆင်ပြေပြေ ငွေလွှဲနိုင်သည့်စနစ် တီထွင်ပေးခြင်း တို့က အဓိက အောင်မြင်မှုဖြစ်သည်ဟု ဖိလိပိုင်ဗဟိုဘဏ် က ပြောဆိုသည်။

အာရှတွင် အလုပ်လုပ်ကိုင်နေကြသော ရွှေ့ပြောင်းအလုပ်သမားများသည် ပျှမ်းမျှအားဖြင့် တနှစ်ကို ဒေါ်လာ ၄၀၀၀ ပြန်လွှဲကြသည်ဟု ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးမှု ရံပုံငွေအဖွဲ့ (IFAD) ၏နောက်ဆုံးအစီရင်ခံစာအရ သိရသည်။ မြန်မာရွှေ့ပြောင်းအလုပ်သမား များက ပိုဆင်းရဲကြသဖြင့် ၎င်းငွေ၏ ခေါက်ချိုး ထက်ဝက်ဖြင့်သာ တွက်မည်ဆိုလျှင်ပင် အိမ်ပြန်လွှဲငွေသည် ဒေါ်လာ ၁၀ ဘီလီယံ အနည်းဆုံး ရှိပါသည်။ ဤ ငွေသည် မြန်မာနိုင်ငံက နှစ်စဉ် သဘာဝဓာတ်ငွေ့ တင်ပို့ငွေနှင့် ထိုင်းနိုင်ငံနှင့် တရားဝင်ကုန်သွယ်မှုမှ ရရှိငွေ နှစ်ရပ်ပေါင်း
ထက် ပင် ပိုများပါသည်။

ဆိုလိုသည်မှာ မြန်မာများ ပြည်တော်ပြန်လွှဲသည့်ငွေ မနည်းလှပါ။ သို့သော် တရားဝင်လမ်းကြောင်းက ပြန်လွှဲခြင်း မဟုတ်သည့်အတွက် ထိုငွေများသည် အစိုးရ၏ဘဏ်မှတဆင့် ၀င်ရောက်ခြင်းမပြုသဖြင့် ဤအလုပ်သမားများ၏ ပို့ငွေမှ အစိုးရက နိုင်ငံခြားငွေ မရခဲ့ပါ။

ခေတ်အဆက်ဆက် အစိုးရဘဏ်များကို ယုံကြည်နိုင်ဘွယ်မရှိခဲ့သဖြင့်
မြန်မာရွှေ့ပြောင်းအလုပ်သမားများက ကိုယ့်နည်းကိုယ့်ဟန်ဖြင့်သာငွေလွှဲလိုကြသည်။ ဒါကလည်း မှားသည်ဟုတော့ မဆိုသာ။ နှစ်ပေါင်း ၅၀ အတွင်း အစိုးရဘဏ်များ၏ စွမ်းဆောင်ရည်က မပြည့်ဝပါ။ငွေကြေးဖောင်းပွ လာချိန်တွင် အတိုးနှုန်းနဲလှသော အစိုးရဘဏ်စနစ်က
ငွေထည့်ထားသူများအတွက် ဆုံးရှုံးမှုများ ဖြစ်စေခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် ဘဏ်ပြဿနာ အကြီးအကျယ် ဖြစ်ပေါ်ခဲ့သည်။

လွတ်လပ်ရေးရပြီးကတည်းက အနည်းဆုံး ငွေကြေးဖျက်သိမ်းမှု ၃ ကြိမ်ဖြစ်ခဲ့သည်။ နောက်ဆုံးအကြိမ် ၁၉၈၇ ခုနှစ်တွင် အစိုးရက ၂၅၊ ၃၅ နှင့် ၇၅ ကျပ်တန် ငွေစက္ကူများကို ကြိုတင်သတိပေးခြင်း၊ တန်ဖိုးပြန်လည်လဲပေးခြင်း မရှိဘဲ ဖျက်သိမ်းခဲ့သည်။ ထိုအချိန်က လည်ပတ်နေသော ငွေကြေး၏ ၇၅% လုံးဝ ရုတ်တရက် တန်ဖိုးမဲ့ ဖြစ်ခဲ့ရသည်။

အစိုးရဘက်ကကြည့်လျှင် လူထုက အစိုးရဘဏ်ကို မယုံကြည်ခြင်းက
ပြဿနာကြီးတရပ် ဖြစ်နေသည်ဟု UNCTAD ကုလသမဂ္ဂကုန်သွယ်မှုနှင့် ဖွံ့ဖြိုးမှုဆိုင်ရာညီလာခံ ဥက္ကဌ Taffere Tesfachew က ပြောပါသည်။ အစိုးရက အရံနိုင်ငံခြားငွေ အနည်းငယ်ဖြင့်သာ လည်ပတ်နေရပြီး ၎င်းအပေါ်မူတည်၍ ငွေလဲနှုန်းသတ်မှတ်ရခြင်း ဖြစ်သည်။ မြန်မာဗဟိုဘဏ်က ၃၅ နှစ်ပုံသေငွေလဲနှုန်းကို ဖျက်သိမ်းလိုက်ပြီး ၂၀၁၂ ခုနှစ်တွင်ဈေးကွက်နှုန်း ကို စတင်လိုက်ချိန်တွင် ကျပ်ငွေသည် ဒေါ်လာအပေါ် ၂၀% ဆုံးရှုံးခဲ့ရသည်။

အစိုးရ၏ အရံနိုင်ငံခြားငွေနဲပါးမှုသည် နိုင်ငံ၏ငွေချေးယူနိုင်သည့် အခွင့်အရေးကို နဲပါးစေပြီးငွေကြေးစားရိတ်ပိုတက်စေသည်။ ထို့အပြင် တရားမ၀င်ငွေ ၀င်ရောက်ခြင်းက တရားမ၀င် ကုန်သွယ်မှုကို အားပေးသည်ဟု Mr.Tesfachew က ပြောသည်။

ရွှေ့ပြောင်းအလုပ်သမားများ၏ မိသားစုအနေနှင့်လည်း ယခုကဲ့သို့ ငွေကို တရားမ၀င်နည်းဖြင့် ရယူစုဆောင်းမည့်အစား တရားဝင်နည်းလမ်းက ရယူမည်ဆိုလျှင် ပို၍ အကျိုးများနိုင်သည်မှာ အသေအချာပင် ဖြစ်သည်။
ယခုအခါ နိုင်ငံ၏ဘဏ်များက ပွင့်လင်းလာပြီဖြစ်သော်လည်း ပျက်ဆီးခဲ့သည့် ယုံကြည်မှုကို ပြန်လည်တည်ဆောက်ရန် လိုအပ်နေသေးသည်။

မြန်မာဘဏ်အတော်များများသည် ထိုင်း၊ မလေးရှားနှင့် စင်ကာပူဘဏ် များနှင့် ချိတ်ဆက်ပြီး ပြည်ပရောက်မြန်မာ အလုပ်သမားများကို ၀န်ဆောင်မှုပေးရန် ကြိုးပန်းလာကြသည်။ ဖွံ့ဖြိုးတိုးတက်မှုရှုထောင့်က ကြည့်လျှင် ငွေလွှဲပြောင်းပေးသည့်လမ်းများ ပွင့်လာခြင်းသည် သတင်းကောင်းဖြစ်သည်။ ယင်းတို့က တရားဝင် အလုပ်သမားများ ကို ငွေလွှဲငွေစု ငွေရင်းနှီးမြှုပ်နှံရန် အခွင့်အလန်းများ ပွင့်လာစေသည်။ သို့သော် ဤလုပ်ရပ်သည် ပြဿနာ၏ တစိတ်တပိုင်းကိုသာဖြေရှင်းပေးနိုင်သည်။ တရားမ၀င်လမ်းကြောင်းမှ လွှဲပြောင်းလိုနေဆြဲ
ဖြစ်သော အလုပ်သမားများ၏ အလေ့အထကို ပြင်ရန် အချိန်တခု လိုအပ်နေသေးသည်။ အစိုးရဘဏ်များက ၎င်းတို့အတွက် အန္တရာယ်မရှိတော့ကြောင်း အလုပ်သမားများလက်ခံလာရေးသည်နေ့ချင်းညချင်း ဖြစ်မလာနိုင်ပါ။

ထိုတရားမ၀င်ငွေလွှဲသူများ နေရာတကာတွင် ရှိနေခြင်းကလည်း အဓိက အတားအဆီးကြီးတခု ဖြစ်နေသည်။ ထိုင်းနိုင်ငံရှိ ၂ သန်းမှ ၄ သန်းကြားမြန်မာရွှေ့ပြောင်း အလုပ်သမားများက ဟွန်ဒီဟုခေါ်သော ငွေလွှဲနည်း ကိုသုံးကြသည်။ ၎င်းသည်တရားဝင်ဘဏ်များထက် ပိုဈေးပေါပြီး ပိုမိုမြန်ဆန်သည်။ အခပိုပေးလျှင် ကယ်ရီဟုခေါ်သည့် အိမ်တိုင်ရာရောက် ပို့ပေးသည့် စနစ်လည်း ရှိနေသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ် စီးပွားရေးရပ်ကွက်တွင် အဓိက ဟွန်ဒီငွေလွှဲသည့် လုပ်ငန်းတခုတည်၇ှိပြီး ၎င်းက ကုန်သွယ်မှုကုမ္ပဏီ အဖြစ်လည်း တပြိုင်နက်တည်းလုပ်ဆောင်သည်။ နှုန်းကလည်း အပြိုင်အဆိုင်ရှိသဖြင့် ဘဏ်များက ပြိုင်ရန် မလွယ်ပါ။ ထိုင်းနှင့် မြန်မာအကြား တရားမ၀င်ငွေလမ်းကြောင်းက ၀င်ငွေများသည် ၂ နိုင်ငံစလုံးကို အာရှ၏ GDP နှင့် နှိုင်းယှဉ်ရာတွင် မပါဝင်ဘဲ
ပျောက်ကွယ်နေသည်။

ဤတရားမ၀င်ငွေလမ်းကြောင်းသည်ဒင်္ဂါးတပြား၏တဘက်မျှသာ ဖြစ်သည်။တခြားတဘက်တွင်လည်း ငွေကြေးပြန်လည်ပေးဆပ်မှုအတွက် ကုန်သွယ်မှု တခုကလည်း ဖြစ်ပေါ်နေပြန်သည်။ ထိုင်းမှ ပွဲစားက မြန်မာနိုင်ငံတွင်းမှ တွဲဖက်ပွဲစားကို ငွေပေးချေစေလျှင် ၎င်း၏အကြွေးတင်နေပေသည်။ ထိုအကြွေးကို တနည်းနည်းဖြင့် ပြန်လည်ပေးရမည်ဖြစ်ရာ ရွှေ၊ ကျောက် သို့မဟုတ် တစုံတခုကို ပေးပို့ရလိမ့်မည်။ သို့မတည်းမဟုတ် ကီလိုမီတာ ၁၈၀၀ ရှည်သည့် နယ်စပ်တလျှောက် ခိုးသွင်းရလိမ့်မည်သာ ဖြစ်ပေသည်။
ဤအချက်များမှာ မြန်မာနှင့် ကပ်လျက် အိမ်နီးချင်းနိုင်ငံများ အခြေအနေဖြစ်သည်။

အနောက်နိုင်ငံများ၊ အရှေ့အလယ်ပိုင်းဒေသများကို ရောက်နေကြသောမြန်မာများစွာရှိနေသေးသည်။ ဥရောပကို ရောက်ရှိလာသော
မြန်မာ အရေအတွက် မများလှသလို ရောက်ရှိလာချိန်က မကြာမြင့်လှသေးသော်လည်း အမေရိကန်နိုင်ငံတွင် ၁၉၆၀ ခုနှစ်လောက် ကတည်းက မြန်မာနိုင်ငံသားများ စတင်ရောက်၇ှိလာခဲ့သည်။ ထိုစဉ်က တရုတ်လူမျိုးက အများစုဖြစ်သော်လည်း ၁၉၈၈ ခုနှစ်နောက်ပိုင်း ၈၈ အရေးအခင်းနှင့် ဆက်နွယ်ရောက်၇ှိသူ အများအပြားရှိလာသလိုနောက်ပိုင်းတွင် ဒုက္ခသည်စခန်းများမှ ပြန်လည်နေရာချထားရေး အစီအစဉ်ဖြင့် အများအပြား ရောက်၇ှိလာကြသည်။

ဤမြန်မာများကိုမူ ရွှေ့ပြောင်းအလုပ်သမားများအဖြစ် မသတ်မှတ်နိုင်သော် လည်း ၎င်းတို့၏ မြန်မာနိုင်ငံရှိ မိသားစုထံသို့ ငွေပြန်ပို့မှုကလည်း အတော်များပြားသည်။

အမေရိကန်တွင် ရောက်ရှိနေသည့် မြန်မာများ၏အရေအတွက်ကို အတိအကျ မသိရသော်လည်း ကွန်မြူနတီအဖွဲ့များ၊ ဘာသာရေးအဖွဲ့အစည်း များ၏ လှုပ်ရှားမှုအရ မြန်မာ တသိန်းနှင့် ၂ သိန်းဝန်းကျင်ဟု ခန့်မှန်းသည်။ ၀င်ငွေများသဖြင့်လည်း ပို့ငွေအတော်များကြသည်။ ၎င်းတို့ကမူ ပုံမှန်လစဉ် ပို့ငွေမျိုးမဟုတ်သော်လည်း တကြိမ်ပို့ငွေ များပြားကြသည်။ နယူးယောက်မှတဆင့်ပို့ငွေများကို လုပ်ကိုင်နေသူများ၏ အဆိုအရဒေါ်လာသောင်းမှ သိန်း ကဏန်းအထိ တကြိမ်ပို့ငွေရှိတတ်သည်ဟု ဆိုသည်။ သို့သော် သူတို့ကလည်း မြန်မာ့အိမ်နီးချင်းနိုင်ငံများမှ ပို့ကြသူများနည်းတူ ခေတ်အဆက်ဆက်က သုံးခဲ့သည့် ဟွန်ဒီစနစ်ကိုသာ သုံးစွဲကြသည်။ အများအားဖြင့် ပြည်ပရောက်နေသူနှင့် မြန်မာပြည်တွင်းမှ မိသားစုဝင်များက ချိတ်ဆက် လုပ်ကိုင်ကြခြင်းဖြစ်သည်။

အမေရိကန်လိုနိုင်ငံတွင် တရားဝင်နေထိုင် လုပ်ကိုင်နေကြသဖြင့် Western Union ကဲ့သို့သော ငွေလွှဲနည်းများပေါ်လာချိန်တွင်မူ တရားမ၀င် ဟွန်ဒီထက် ဈေးမှန်ပြီး စိတ်ချစွာ အမြန်ပို့နိုင်သည့်အတွက်လည်းပြောင်းလဲသုံးစွဲသူများလာသည်။ အမူအကျင့်မပျက် တိုးတိုးတိတ်တိတ် ဟွန်ဒီစနစ်ကို ဆက်သုံးနေသူများလည်း ရှိနေသေးသည်။

ဤနေရာတွင် အရေးမပါလှဟုထင်ရသော်လည်း ခေါက်ရိုးကျိုးနေသည့် အမူအကျင့်များက ပြည်ပရောက်မြန်မာများကို ဟွန်ဒီစနစ်သို့ ပြန်လည် တွန်းပို့နေသည်။ Western Union နှင့် ပို့ရာတွင် ဘာကြောင့်ပို့သည် မည်သူကပို့သည်ဆိုသည့် မေးခွန်းများကို ဖြေဆိုရန်မရှိသော်လည်း ရန်ကုန် CB ဘဏ်တွင် ငွေထုတ်သွားသူတဦးကို ဘဏ်က မေးမြန်းခဲ့သည်ဟု
ပြောပြသည်။ ဘဏ်များကို ထိုသို့မေးခွန်းများမေးရန် အထက်က ညွှန်ကြားထားသည်ဟု ထိုဝန်ထမ်းများက ပြောဆိုသည်။ သို့သော် တခြားဘဏ်များတွင် အလားတူဖြစ်ရပါမျိုး မကြားရသဖြင့် ဘဏ်တခုချင်း၏ အုပ်ချုပ်ရေးပိုင်းက လုပ်ဆောင်ခြင်းလည်း ဖြစ်နိုင်သည်။

တဘက်က ငွေလွှဲသူများ တရားဝင်လမ်းကြောင်းမှ ပို့ရန်အတွက် အားပေး ရမည် ဖြစ်သလို တဘက်ကလည်း အစစ်အဆေးမရှိ စိုးရိမ်စရာမရှိဘဲ ပို့နိုင်ရန်အတွက် ခေါက်ရိုးကျိုးနေသည့် ကြိုးနီစနစ်များကို အမြစ်ဖြတ်ဖယ်ရှားနိုင်ရေး၊ အပြိုင်အဆိုင် ၀န်ဆောင်မှုပေးနိုင်ရေး အမြန်လိုအပ်နေပေသည်။

No comments :

Post a Comment

Blogger Widgets
Back to Top