Blogger Widgets

Sunday, 23 June 2013

မြန်မာ့ကမ်းလွန်တွင် ဗီယက်နမ်နှင့်ပြင်သစ် သဘာဝဓာတ်ငွေ့ တူးဖော်

ဗီယက်နမ်ကုမ္ပဏီ Petrovietnam Exploration Production Corporation (PVEP) နှင့် ပြင်သစ်ကုမ္ပဏီ Maurel & Prom တို့ ပူးပေါင်း၍ မြန်မာ့ ကမ်းလွန်ရေနံ၊ သဘာဝဓာတ်ငွေ့ လုပ်ကွက် တစ်ခုဖြစ်သော ဘင်္ဂလား ပင်လယ်အော် အတွင်းရှိ M-2 လုပ်ကွက်တွင် သဘာဝဓာတ်ငွေ့ တူးဖော်မှု စတင်နေကြောင်း ယင်းကုမ္ပဏီများက ကြေညာသည်။
M-2 ကမ်းလွန် လုပ်ကွက်ကို Petrovietnam၊ Maurel & Prom Exploration and Production (Maurel & Prom) နှင့် ပြည်တွင်းမှ ဧဒင်အုပ်စုတို့ ပူးပေါင်း ၍ တူးဖော်မှုများ ပြုလုပ်နေခြင်းဖြစ်ပြီး Petrovietnam က ၄၅ ရာခိုင်နှုန်း၊ MP က ၄၀ ရာခိုင်နှုန်းနှင့် ဧဒင်အုပ်စုက ၁၅ ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဖြစ်ကြောင်း ယင်းကြေညာချက်အရ သိရသည်။
ယခု တူးဖော်မှုမှာ အကြီးစား တူးဖော်မှု မဟုတ်သော်လည်း ယခု ရလဒ် များကို အခြေခံကာ ရှေ့ဆက်၍ မည်ကဲ့သို့ လုပ်ကိုင်သွားမည်ကို ဆုံးဖြတ် သွားမည်ဟု Petrovietnam ကုမ္ပဏီက ဆိုသည်။

M-2 လုပ်ကွက်သည် ၉၆၅၂ စတုရန်း ကီလိုမီတာ ကျယ်ဝန်းပြီး ရန်ကုန်မြို့၏ အနောက်တောင်ဘက် ကီလိုမီတာ ၂၀၀ အကွာတွင် တည်ရှိကာ သဘာဝ ဓာတ်ငွေ့ စတင် ထွက်ရှိနေပြီဖြစ်သော ရတနာ သဘာဝဓာတ်ငွေ့ လုပ်ကွက် ဧရိယာအနီးတွင် တည်ရှိသည်။

"အရေးကြီးတာက သဘာဝပတ်ဝန်းကျင် ထိခိုက်မှု နည်းပါးဖို့နဲ့ ရေအရင်း အမြစ်တွေ မပျက်စီးဖို့ စနစ်တကျ စီမံ ခန့်ခွဲနိုင်ဖို့ လိုတယ်" ဟု အမေရိကန် အခြေစိုက် Breitling Oil and Gas ကုမ္ပဏီမှ အမှုဆောင် အရာရှိချုပ် Chris Faulkner က မှတ်ချက်ပြုသည်။

ဗီယက်နမ် ရေနံသဘာဝဓာတ်ငွေ့ ရှာဖွေရေး ကုမ္ပဏီ Petrovietnam ကို ၁၉၇၇ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ဗီယက်နမ် အစိုးရက ရာနှုန်းပြည့် ပိုင်ဆိုင်သော ကုမ္ပဏီဖြစ်ကာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသော ပထမဆုံး ဗီယက်နမ် ရေနံသဘာဝဓာတ်ငွေ့ ကုမ္ပဏီ ဖြစ်သည်။

ပြင်သစ် Maurel & Prom ကို ၁၈၁၃ ခုနှစ်ကတည်းက တည်ထောင် ခဲ့ခြင်းဖြစ်ပြီး ရေနံ၊ သဘာဝဓာတ်ငွေ့ တူးဖော် ထုတ်လုပ်ခြင်း၊ သစ်တောထွက်ပစ္စည်း ထုတ်လုပ်ခြင်း၊ သတ္တုတူးဖော်ခြင်း လုပ်ငန်းများ လုပ်ကိုင်နေကာ လက်တင်အမေရိက၊ အာဖရိကနှင့် ကာရစ်ဘီယံဒေသတွင် အဓိက လုပ်ကိုင်နေသည်။

မုတ္တမနှင့် ရခိုင် ကမ်းလွန်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက် ၁၈ ခုတွင် ကိုရီးယား၊ တရုတ်၊ မလေးရှား၊ ပြင်သစ်၊ ဗီယက်နမ်၊ ဗြိတိသျှဗာဂျင်ကျွန်းစု၊ ထိုင်းနိုင်ငံတို့မှ ကုမ္ပဏီများက ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော် ရှာဖွေရေး လုပ်ငန်းများ လုပ်ကိုင်နေကြောင်း စွမ်းအင်ဝန်ကြီးဌာနက ကြေညာထားသည်။

No comments :

Post a Comment

Blogger Widgets
Back to Top