မြန်မာနိုင်ငံတွင် အဆင့်မြှင့်ပညာ သင်ကြားနေသည့် တက္ကသိုလ် ၁၆၈ ခုထိ
ရှိနေသော်လည်း နိုင်ငံတကာ အဆင့်မှ မြှင့်တင်ရန် လိုအပ်ကြောင်း
ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး လုပ်ငန်း CESR ၏
အကဲဖြတ်ခြင်း အစီရင်ခံစာအရ သိရသည်။
တက္ကသိုလ်များတွင် လက်ရှိကျင့်သုံးနေသော သင်ကြားသင်ယူမှု စနစ်သည်
ကျောင်းသားများ အလွတ်ကျက်မှတ်မှုကို ပိုမိုအားပေးနေခြင်း၊ ကိုယ်တိုင်လေ့လာ
သင်ယူမှု အားနည်းလျက်ရှိခြင်း၊ Student Centered Approach ဖြင့်
သင်ကြားရမည့် အစား Teacher Centered Approach ဖြင့် သင်ကြားနေခြင်း
တို့ကြောင့် တက္ကသိုလ်များ၏ သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများကို
နိုင်ငံတကာ အဆင့်မီ ဖြစ်ရန်အတွက် ပြန်လည်ဆန်းစစ်ခြင်းအပြင် သင်ရိုးသစ်အတွက်
လိုအပ်သည့် နည်းပညာနှင့် အတတ်ပညာများကို ပြည်တွင်း၊ ပြည်ပ
ပညာရှင်များနှင့် ညှိနှိုင်းဖြည့်ဆည်းပေးရန်တို့ လိုအပ်ကြောင်း
ဖော်ပြပါရှိသည်။
လေ့လာဆန်းစစ်ချက်များအရ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများသည်
ဖြေဆိုသည့် ဘာသာတွဲ အမျိုးအစားနှင့် စုစုပေါင်းရမှတ်၊ တက္ကသိုလ်မှ
လက်ခံနိုင်သည့်ဦးရေ၊ လျောက်ထားသူ၏ ဦးစားပေးပေါ် မူတည်ပြီး
တက္ကသိုလ်ဝင်ခွင့် ရွေးချယ်သော်လည်း ရွေးချယ်သူ၏ အမှန်တကယ်
စိတ်ဝင်စားမှုနှင့် အထုံဝါသနာအရ ရွေးချယ်ခွင့် နည်းပါးနေခြင်းတို့ကို
တွေ့လာရသည်။
ထိုအချက်များကြောင့် တက္ကသိုလ်ဝင် စာမေးပွဲကို မြန်မာနိုင်ငံ
စာစစ်ဦးစီးဌာနမှ စစ်ဆေးပြီး တက္ကသိုလ်ဝင်ခွင့်ကို သက်ဆိုင်ရာ တက္ကသိုလ်များက
သတ်မှတ်သော စံနှုန်းဖြင့် စိစစ်လက်ခံရန်နှင့် အာဆီယံနိုင်ငံများတွင်
ကျင့်သုံးလျက်ရှိသော အရည်အသွေး အာမခံမှုစနစ် (Quality Assurance System) ကို
နိုင်ငံ၏ အခြေအနေနှင့် လိုက်လျောညီထွေ ပြုပြင်ကျင့်သုံး ဆောင်ရွက်ရန် CESR
Task Force မှ ထောက်ခံအကြံပြုကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊
ဘဏ္ဍရေးနှင့် အခွန်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တော၊ ဟိုတယ်နှင့်
ခရီးသွားလာရေးဆိုင်ရာ ပညာရပ်များအတွက် ဘွဲ့ရများ နည်းပါးနေခြင်းကြောင့်
သက်ဆိုင်ရာ ပညာရပ်များအတွက် ဘွဲ့ရများ ပိုမိုမွေးထုတ်ပေးရန်
လိုအပ်နေကြောင်းလည်း အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

No comments :
Post a Comment