အနောက်အုပ်စုမှ
ကော်ပိုရေးရှင်းကြီးများ၏ ဆိုက်ဘာလုံခြုံရေး အချက်အလက်များကို
တရုတ်အစိုးရက ငွေပေး ထောက်ပံ့ထားသည့် ဆိုက်ဘာစောရများက ခိုးဝှက်နေသည်ဟု
သက်သေအထောက်အထားဖြင့် ပြသချက်များ အပုံအပင် တွေ့ရှိရ၏။ ဒီလိုမျိုး
မဖြစ်ရလေအောင် အမေရိက ဘာလုပ်ရမည်နည်း။
တရုတ်နိုင်ငံမှ
Hacker ခေါ် ကွန်ပျူတာကွန်ရက် လုံခြုံရေး ထိုးဖောက် ဝင်ရောက်ခိုးယူသူ
များသည် အနောက်တိုင်း ကော်ပိုရေးရှင်းကြီးများ၏ လျှို့ဝှက်ချက်များကို
ဝင်ဝင် "မ" နေကြသည်ဟု ထောက်လှမ်းရေး အေဂျင်စီများနှင့်
ပုဂ္ဂိုလ်ရေးလုံခြုံမှု ဆိုင်ရာ ကျွမ်းကျင်သူ များက သတိ ပေးထားခဲ့ကြသည်။
အတိုက်ခံရမှုများ ပိုပိုများလာ သလို ထိုကိစ္စမှာ အစိုးရ ပါဝင်ပတ်သက် နေသည်ဆိုသည့် အချက်ကလည်း ရှေ့တန်း ရောက်လာသည်။ Google အမှုဆောင် ဥက္ကဋ္ဌ Eric Schmidt ၏ ထွက်လာမည့် စာအုပ်တွင် ခပ်သွက်သွက် Hacker များ မွေးထုတ်နေရာ တရုတ်ဟု ကင်ပွန်းတပ် ထားသည်။
တရုတ် Hacker ကိစ္စက အမေရိကန် နိုင်ငံရေးသမားများ ကြားတွင်လည်း ပူပူဆူဆူ ထဖြစ်ကြပြီး ကွန်ဂရက် ကြားနာမှုများအထိ ဖြစ်ခဲ့ကာ တရုတ် လုပ်ငန်းများအတွက်လည်း သတိပေးသံ များ ညံသွားသည်။ ဆိုက်ဘာလုံခြုံရေး အတွက် တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု အိုဘားမားအစိုးရက ကြေညာခဲ့ပြီး တရုတ်၏အကြီးဆုံး ကုန်သွယ်ဖက် ဥရောပကလည်း ထိုကိစ္စကို ဒေါသတကြီး ဆိုလာ၏။ EU ကော်မရှင်ဆိုလျှင် Hack ခံထိသော ကုမ္ပဏီများအနေနှင့် သူတို့ ဆုံးရှုံးနစ်နာမှု ကြုံရခြင်းများကို အာဏာပိုင်ထံ မဖြစ်မနေ တင်ပြစေရန် စတင်စဉ်းစားနေပြီ ဖြစ်သည်။
တရုတ်အစိုးရကတော့ စွပ်စွဲချက် တိုင်းကို အမြဲတမ်းခပ်တင်းတင်း ငြင်းဆန် ကြသည်။ စွပ်စွဲသူများတွင် ခိုင်ခိုင်မာမာ သက်သေအထောက်အထား မရှိပါဟု တရားဝင် ပြန်ပြောခဲ့ကြ၏။ သို့သော် ယခုအခါ အမေရိကန်ဆိုက်ဘာ လုံခြုံရေးကုမ္ပဏီ Mandiant က ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် Hacker အဖွဲ့တစ်ဖွဲ့ အကြောင်းကို အသေးစိတ်အစီရင်ခံစာ ထုတ်ပြခဲ့ရာ အခြေအနေပြောင်းသွား၏။
အဆိုပါ Hacker အုပ်စုက ဒါဇင်များစွာသော ကုမ္ပဏီကွန်ရက် များကို ဖောက်ထွင်းကာ အသိဉာဏ်ပိုင်း ဆိုင်ရာပိုင်ဆိုင်မှု (IP) များကို ခိုးဝှက် နေကြောင်း Mandiant က ၄င်းအလုပ် ဖြစ်သော အနောက်တိုင်းကုမ္ပဏီများ လုံခြုံရေး လုပ်ဆောင်ပေးနေရင်း ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ပေသည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) မှ ထိပ်တန်းများက ထိုအမှုကို လုပ်ဆောင်နေသည်ဟု ရုတ်တရက်ထွက်လာသည့် သတင်းက အခိုင်အမာထောက်ပြပြီး တရုတ်အစိုးရ က ငြင်းဆန်သည်။ ရှန်ဟိုင်းဘဏ္ဍာရေး လုပ်ငန်းများရှိရာ အပိုင်းမှ မထင်ရသော အဖြူရောင် အဆောက်အအုံကို အမာခံ ပြုလျက် ထိပ်တန်း PLA တပ်စိတ် unit 61398 က ပြုလုပ်နေသည်ဟု ဆိုခြင်းဖြစ်ပေ၏။
အစီရင်ခံစာကလည်း အရေးတယူ ဆိုရလောက်အောင်ကို ခိုင်မာမှုများ ရှိသည်။ New York Times ကို Hack နေသူများကို ခြေရာခံလိုက်ပြထားကာ တရုတ်အာဏာပိုင်ထံသို့ ပြန်ဝင်သွားပုံ များကို သေချာမြင်သာအောင် ချပြ၊ ကောက်ချက်ပြုလုပ်ပြ၏။ ရှေးရှေးက စွပ်စွဲချက်များနှင့် မတူစေဘဲ Hacker များသုံးသော နည်းလမ်းနှင့် Malware များကိုပါ သေချာတိကျစွာ မလွဲစေဘဲ မှတ်တမ်းတင်ပြထားသည်။
"Comment Crew" ဟု အမည် ပေးထားသောအဆိုပါ Hacker အုပ်စု သည် တစ်ဒါဇင်ကျော်သော နိုင်ငံပေါင်းစုံ မှ ကွန်ပျူတာဆာဗာ တစ်ထောင်ကျော် ဖြင့် သုံးနေသော်လည်း Mandiant က ထိုကွန်ရက်ကို နောက်ယောင်ခံခဲ့ရာ ရှန်ဟိုင်းရှိ စစ်တပ်ဝင်းအနီးမှ ဖြစ်နေ သည်ဟု ဆိုသည်။

တရုတ်ကိုပဲ အပြစ်တင်တာလား
လူတိုင်းကတော့
Mandiant နှင့် တစ်သဘောတည်းမရှိပေ။ Taia Global မှ ဂျက်ဖရီကား ခေါ်
လုံခြုံရေးအကြံပေး က အသစ်ထွက်လာသော အစီရင်ခံစာ သည် တရုတ်ကို ဘာဖြစ်ဖြစ်
အပြစ်တင် မည်ဟူသော သဘောထားဘက်သို့ ဘက်လိုက်ပြီး နည်းလမ်းကလည်း စနစ်တကျ
လိုက်လံခြေရာခံမှု အားနည်း သည်ဟု ထောက်ပြ၏။ သက်သေ အထောက်အထားများက
အဆောက်အအုံကိုထက် Unit 61398's ကို ညွှန်ပြ နေခြင်းကို
လက်ခံသည်ဟုဆိုသော်လည်း Mandiant က ထောက်ပြချက်ကို လက်မခံပေ။ ဆိုက်ဘာ
ရာဇဝတ်ကောင် များက သေချာစုစည်း၊ စနစ်တကျ ဘဏ္ဍာရေး အခြေအနေနှင့် ထိပ်တန်း
ကုမ္ပဏီများကို လိုက် Hack သည်မှာ တော့ သိပ်ပြီးမဖြစ်နိုင်ပေ။
ဘာဖြစ်ဖြစ် တရုတ်ကိုပဲ အပြစ်တင်မည်ဟု ဆိုသူများအတွက်လည်း စိန်ခေါ်မှုများ မုချရှိသေး၏။ Apple၊ Facebook၊ နှင့် Twitter တို့ မကြာသေးခင်က အဖောက်ခံရဖူးပြီး အရှေ့ဥရောပမှ Hacker များ၏ လက်ချက်လိုလို ပေါ် လာသည်။ ဆော်ဒီ Aramco ကမ္ဘာ့ အကြီးဆုံး ရေနံကုမ္ပဏီကြီးကို ဆိုက်ဘာ တိုက်ခိုက်မှုနောက်တွင် အီရန် Hacker များ ရှိနေခြင်းလည်း ဖြစ်နိုင်၏။
CIA ၏သတင်းအချက်အလက် လုံခြုံရေး အရာရှိဟောင်း ရောဘတ် ဘစ်ဂ်မန်းက ရုရှား၊ ဘူဂေးရီးယား၊ ရိုမေးနီးယားနှင့် ယူကရိန်းတို့မှ Hacker များသည်လည်း တရုတ်ကဲ့သို့ပင် ဆိုက်ဘာရာဇဝတ်မှုများ အတွက် အလိုရှိသည့် စာရင်းထဲ ထည့်ရမည်ဟု ဆိုသည်။
ပြီးခဲ့သည့် ၂ နှစ်လောက်က တရုတ်စစ်တပ် Hacker များကို ခြေရာ ခံမိလုနီးပါးဖြစ်ခဲ့သော Crowdstrike လုံခြုံရေးကုမ္ပဏီမှ ဒီမီထရီအယ်ပါ ရိုဗစ်ခ်ျက Mandiant ကုမ္ပဏီ၏ အစီရင်ခံစာမှာ မှန်နိုင်သည်ဟု ထောက်ခံသည်။ CIA သတင်းအချက်အလက် လုံခြုံရေး အရာရှိဟောင်း မစ္စတာဘစ်ဂ်မန်း ကလည်း ထောက်ခံသည်။ ဗဟိုအာဏာပိုင် များက ကြိုးကိုင်နေခြင်း၊ ပါဝင်ပတ်သက်နေခြင်း ရှိမရှိကိုမူကား ရှင်းလင်းစွာ မသိရှိရပေ။
အထက်ပါ အစီရင်ခံစာ ထွက်ပေါ်လာခြင်း အချိန်ကိုက်မှာလည်း အမေရိကန်အရာရှိများမှ အခါတော် ပေးခြင်းလည်းပါသည်။ ကုမ္ပဏီက ပြီးခဲ့သည့် တစ်လလောက်ကတည်းက အစီရင်ခံစာကို ထုတ်ပြန်ရန် အစီအစဉ်ရှိကြောင်း Mandiant မှ ရစ်ချက်ဘက်ဂ်ျလစ်ခ်ျက ပြောကြားသည်။ သူ့ထဲတွင်ပါဝင်သော သတင်းနည်းပညာဆိုင်ရာ အသေးစိတ် အချက်အလက်များကြောင့် ပုဂ္ဂလိက ဖောက်သည်ထံမှ အခကြေးငွေ ကောင်းကောင်းရနိုင်ပေသည်။ သို့သော် ထောက်လှမ်းရေးကျွမ်းကျင် သူများနှင့် အကြိမ်ကြိမ် ဆွေးနွေးပြီးခဲ့သော အခါမှ တရုတ်အဖွဲ့ကို ပြန်လည်စိန်ခေါ်သည့် အနေနှင့် အစီရင်ခံစာ ထွက်လာခြင်းဖြစ်၏။
ယင်းအစီရင်ခံစာသည် တရုတ်က ၄င်း၏ Hacker များကို ဇက်သတ်ရန် အတွက် အမေရိကန်က ပြုလုပ်သော လူသိထင်ရှား ဖွင့်ချအရှက်ရစေခြင်းဖြစ် ကြောင်း ဘေဂျင်းအခြေစိုက် နည်းပညာ ကျွမ်းကျင်သူ ဘီလ်ဘစ်ရှော့က ယုံကြည် ထား၏။ အလုပ်ဖြစ်ကောင်းဖြစ်လိမ့်မည် ဖြစ်သော်လည်း အမေရိကက ဖိအားပြင်းထန်စွာ ပေးပါက တရုတ် ခေါင်းဆောင်မှုပိုင်း အတွက် ပိတ်မိခြင်း များဖြစ်သွားမည်ကို စိုးရိမ်သည်ဟု ၄င်းက ဆိုသည်။ အမေရိကန် Think-Tank တစ်ရပ်ဖြစ်သော Council on Foreign Relations မှ အဒမ်ဆီးဂဲလ်က အမေရိက အနေနှင့် ကုန်သွယ်မှု အပြစ် ပေးခြင်း၊ ဗီဇာကန့်သတ်ခြင်း၊ ဘဏ္ဍာရေးပိတ်ဆို့ အရေးယူခြင်းစသည်ဖြင့် လုပ်ရခြင်းကြောင့် IP အခိုးခံရခြင်း၏ ကုန်ကျစရိတ်များ တက်ကုန်မည်ဟု သတိပေးထားသည်။ "တရုတ်ဟာ ဒါကို အထိမခံလိုဘူးလို့ မြင်ထားပါ တယ်" ဟု ၄င်းက အခိုင်အမာ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် အမေရိကန် အစိုးရက ကုန်သွယ်ရေး လျှို့ဝှက်ချက်များ အခိုးခံရခြင်းကို ကာကွယ်ရန် အင်အားတိုးမြှင့်မည်ဟု ကြေညာခဲ့သည်။ တရုတ်ကို သိသိသာသာ နာမည်တပ်ပြောသွားခဲ့၏။
စီးပွားရေးပြိုင်ဘက်များနှင့် ရင်းနှီးမြှုပ်နှံသူများကို သတိပေးလိုက်သလို ဖြစ်သွားမည်စိုး၍ Hack ခံရသော လုပ်ငန်းများက ထုတ်ဖော်ပြောဆိုရန် ဝန်လေးကြသည်။ Mandiant ၏ အစီရင်ခံစာကြောင့် စီးပွားရေးလုပ်ငန်းများ စုစည်းလျက် အွန်လိုင်းလုံခြုံရေး လုပ်ဆောင်ရလာနိုင်သည်။ ဘေဂျင်း အခြေစိုက် အမေရိကန် ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ ခရစ္စတီယန်မာ့ခ်က တရုတ်တွင် အမေရိကန် အမှတ်တံဆိပ်များ စိုးရိမ်နေရခြင်းမှာ အတုလုပ်ခြင်း ပြဿနာဖြစ်ကြောင်း၊ သတင်း အချက်အလက်များ မျှဝေကာ ဥပဒေအရ ထိရောက်စွာ နှိမ်နင်းရေးအတွက် ပူးပေါင်းညှိနှိုင်း ပြောင်းလဲရန် လုပ်ဆောင်နေရကြောင်း၊ အတုလုပ်ခြင်းကို ဦးစားပေး ဖြေရှင်းမည်ဖြစ်ကြောင်း၊ Hacking ကတော့ တစ်ချိန်ချိန် ဖြေရှင်း ရမည်ဖြစ်ကြောင်း ဆိုထားသည်။
အနောက်အရပ်မှ အသိဉာဏ်ပိုင်း ဆိုင်ရာပိုင်ဆိုင်မှု (IP) အခိုးခံရသူများ အတွက် မျှော်လင့်ချက်တစ်ခုလည်း ရှိလာ၏။ တရုတ်အကောင်းဆုံး ကုမ္ပဏီများ၏ အောင်မြင်မှုများကြောင့် IP သူခိုးများ၏ သဘောထားများ ပြောင်းလာနိုင်ခြင်း ဖြစ်ပေသည်။ Huawai နှင့် ZTE တို့ကဲ့သို့သော တရုတ် ဆက်သွယ်ရေးကိရိယာ ရောင်းချသည့် လုပ်ငန်းများ မှာ IP အခိုးခံရခြင်းနှင့် ပတ်သက်၍ သူတို့ အတွက်လည်း အန္တရာယ်ရှိ၏။ Mindray ဆိုသည့် တရုတ်၏ ဆေးကုသရေးဆိုင်ရာ နည်းပညာကုမ္ပဏီ ဆိုလျှင် ဒီဇိုင်းများ အပြင်ကို ပေါက်ကြားမှုဖြင့် ဝန်ထမ်းဟောင်းများကို တရားစွဲဖူး၏။ အချိန်တို အတွင်းတွင် တရုတ်လုပ်ငန်း များလည်း သူတို့၏ IP တန်ဖိုးများကို တင်လာနိုင်ပြီး ဥပဒေအရ အကာအကွယ်ပေးရန် တောင်းဆိုလာသေး သရွေ့ သူတို့ဝန်ထမ်းများ ကိုလည်း အသိဉာဏ်ပိုင်းဆိုင်ရာ ပိုင်ဆိုင်မှု IP ကို လေးစားတတ်လာစေရန် ဆောင်ရွက်လာမည်။ တရုတ်ပြည်ပြင်ပမှ ဖိအားကလည်း အရေးပါသေး၏။ တရုတ် တရားရုံးများက အလွတ်လပ်ကြီး မဟုတ်သောကြောင့်ပင်။ ပြင်ပဖိအားနှင့် ပြည်တွင်းအမြင် ပွင့်လာမှုတို့ကြောင့် အပြောင်းအလဲတော့ ဖြစ်မည်။ နှေးမည်

No comments :
Post a Comment