Blogger Widgets

Saturday, 11 May 2013

ကားပျံများ စီးကြရတော့မည်

ဝါရှင်တန် မေ ၁ဝ
အမေရိကန် ပြည်ထောင်စု  မက်ဆာချူးဆက် ပြည်နယ် အခြေစိုက် Terrafugia ကုမ္ပဏီသည် ဘီးလေးဘီး ပါရှိပြီး ခေါက်သိမ်း၍ ရသည့် တောင်ပံများလည်း ပါရှိကာ  ကုန်းပေါ်၌ သွားလာ နိုင်ရုံ
သာမက လေပေါ် ၌လည်း  ပျံသန်း မောင်းနှင် နိုင်သည့် ကားပျံများ Transition ကို(ယာပုံ) ၂ဝ၁၅ ခုနှစ် အစောပိုင်း ကာလတွင် ဈေးကွက် အတွင်းသို့ ဖြန့်ချိ ရောင်းချ တော့မည် ဖြစ်သည်ဟု သိရ သည်။
 Transition ကားပျံသည် ယာဉ် ပြေးလမ်းပေါ်၌ ၁ နာရီမိုင် ၇ဝ နှုန်းဖြင့် မောင်းနှင် နိုင်ပြီး လေထဲတွင် ၁ နာရီ ၁၁၅ မိုင်နှုန်းဖြင့်  ပျံသန်း နိုင်သည်။ အဆိုပါ ကားပျံ၌  လောင်စာဆီ ၂၃ ဂါလန်ကို သယ်ဆောင် နိုင်ပြီး လေထဲ၌ ပျံဝဲစဉ်တွင် ၁ နာရီလျှင် ငါးဂါလန် ခန့် အသုံးပြု ရကြောင်းနှင့် မြေပြင် ပေါ်၌ မောင်းနှင် ရာတွင် တစ်ဂါလန်ကို ခရီးအကွာအဝေး ၃၅ မိုင် အထိ မောင်းနှင် နိုင်သည်ဟု သိရသည်။
Transition ကားပျံပေါ်တွင် အသက်ကယ် လေအိတ် နှစ်လုံးနှင့် လေထီး တစ်ခု ပါရှိသည်။ Terrafugia ကုမ္ပဏီသည် Transition ကားပျံကို ၂ဝ၁၂ ခုနှစ်တွင် စမ်းသပ် ပျံသန်း စေခဲ့ရာ၌  ယင်း ကားပျံသည် ၈ မိနစ် ခန့်တွင် အမြင့်ပေ ၁၄ဝဝ အထိ အောင်မြင်စွာဖြင့် ပျံသန်းနိုင်ခဲ့ သည်။
စီးပွားရေးသုံး ဂျက်လေယာဉ် များသည် အမြင့်ပေ ၃၅ဝဝဝ အထိ ပျံသန်း နိုင်ကြသည်။ သို့ရာတွင် ၎င်းဂျက်လေယာဉ် များမှာ ကုန်ကျစရိတ် အလွန် မြင့်မား လှသည်။ Transition ကားပျံမှာမူ စတာ လင်ပေါင် ၁၉ဝဝဝဝ အမေရိကန် ဒေါ်လာ ၃ဝဝဝဝဝ ကုန်ကျမည် ဖြစ်သည် ဟုသိရသည်။
Transition ကားပျံကို  ဝယ်ယူ မောင်းနှင် လိုသူများသည် လေယာဉ်မှူး လိုင်စင်ကို ကိုင်ဆောင် ထားရမည် ဖြစ်ပြီး လေပေါ်၌ မောင်းနှင် နိုင်ရန်အတွက်  ထပ်မံ စမ်းသပ်မှု များကို နာရီပေါင်း ၂ဝ အကြာ ခံယူရမည်ဟု Terrafugia ကုမ္ပဏီ က ပြောကြားသည်။
သို့ရာတွင် နည်းပညာ အပိုင်းတွင် အဆင့်မြင့် တိုးတက် မှုများ ရှိနေသော်လည်း  သိပ္ပံ စိတ်ကူးယဉ် ရုပ်ရှင်ဇာတ် ကားများ၌ တွေ့မြင်ရသည့် ကားပျံများကို မြင်တွေ့ နိုင်ရန် မှာမူ မဖြစ်နိုင် သေးဟု ဝေဖန် သူများက ပြောကြားသည်။
ဝေဖန်သူများ၏ ပြောကြားချက်များကို ဖြေရှင်း နိုင်ရန် အတွက် Terrafugia ကုမ္ပဏီသည် ပုံမှန်ကား အရွယ် အစား အတိုင်း ကားဂိုဒေါင် အတွင်း၌ ထည့်သွင်းနိုင်ပြီး ပျံသန်းရန် အတွက် လေယာဉ် ပြေးလမ်း မလိုအပ်သည့် TF-X ကားပျံ ပုံစံသစ် တစ်မျိုး ကိုလည်း ထုတ်ဖော် ပြသ ခဲ့သည်ဟု သိရသည်။
Transition ကားပျံသည် လေထဲသို့ ပျံသန်း နိုင်ရန် အတွက် ပြေးလမ်း လိုအပ် သော်လည်း TF-X ကားပျံ ကိုမူ ပြေးလမ်း မလိုဘဲ ပျံသန်း နိုင်ရန် ဒီဇိုင်းထွင် ထားပြီး လေပေါ်၌ မရပ် မနားဘဲ မိုင်ပေါင်း ၅ဝဝ ခန့် ပျံသန်း နိုင်ရန် အတွက် မျှော်မှန်း ထားသည်ဟု Terrafugia ကုမ္ပဏီက ပြောကြားသည်။
Transition ကားပျံကို ၂ဝ၁၅ ခုနှစ် အစော ပိုင်းတွင် ဈေးကွက် အတွင်းသို့ ဖြန့်ချိ ရောင်းချ သွားမည် ဖြစ်ပြီး TF-Xကားပျံကိုမူ  စမ်းသပ် ပျံသန်း မှုများ ပြုလုပ် ပြီးနောက် လာမည့် ရှစ်နှစ်နှင့် ၁၂ နှစ် အတွင်း၌ ဖြန့်ချိ ရောင်းချ သွားမည် ဖြစ် သည်ဟု Terrafugia ကုမ္ပဏီ က ပြောကြားသည်

No comments :

Post a Comment

Blogger Widgets
Back to Top