Blogger Widgets

Wednesday 29 May 2013

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် တရားဥပဒေ စိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးတည်ကာ စတင်ကိုင်တွယ်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

dawsusaytorepairlaw-may29
ပထမအကြိမ် ဗဟိုကော်မတီ အစည်းအဝေး၌ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ-ဇင်ဘိုလွင်)
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်ရာတွင် တရားဥပဒေ စိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို စတင်ကိုင်တွယ်မည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
မေ ၂၇ ရက်က ပြုလုပ်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီဝင်များ၏ ပထမဆုံး အစည်းအဝေးတွင် အပိတ်မိန့်ခွန်း ပြောကြားရာ၌ ၎င်းက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
"ကျွန်မတို့နိုင်ငံမှာ ဥပဒေ စိုးမိုးရေးနဲ့ တိုင်းရင်းသားများ ကြားထဲမှာ ငြိမ်းချမ်းရေးရှိရေး၊ အားလုံးကြားထဲမှာ တန်းတူညီတူ ရှိတယ်ဆိုတဲ့ ယုံကြည်ချက်တွေ ကြီးထွားရေး၊ အပြန်အလှန် လေးစားရေး၊ အပြန်အလှန် နားလည်မှုရှိရေး ဆိုတာကို ဦးတည်ပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စကို စပြီးတော့ ကိုင်တွယ်ရမယ်လို့ ယုံကြည်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ပြီးခဲ့သည့် မေ ၈ ရက်မှ ၁၀ ရက်ထိ ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ဆွေးနွေးပွဲအပြီး ရှင်းလင်းမှုတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က အမှန်တကယ် ငြိမ်းချမ်းလိုလျှင် အပစ်အခတ် ရပ်စဲရုံနှင့် မပြီးဆုံးဘဲ ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်သည့် လက်တွေ့ကျသော ကိစ္စများကို ဖြေရှင်းမှသာ ရနိုင်မည်ဟု ပြောကြားခဲ့သည်။
ဗဟိုကော်မတီဝင်များ၏ ပထမဆုံး အစည်းအဝေးတွင် ဗဟိုကော်မတီဝင် အချို့က ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှ ပြင်ဆင်ရန် လိုအပ်သည်များကို ထောက်ပြသွားသည်များရှိကြောင်း၊ အခြား ကိုယ်စားလှယ်များကလည်း ထောက်ပြသွားသည်များ ရှိကြောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြုပြင်ရေးနှင့် ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ချက် တစ်ခုကို မကြာမီ ပြုစုပြင်ဆင်ရမည်ဟု နားလည်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
တိုင်းရင်းသားများ အားလုံးက စစ်မှန်သော ဖက်ဒရယ်စနစ်ကို လိုလားကြကြောင်း၊ တိုင်းရင်းသားဆိုသည့် အထဲတွင် ဗမာလည်းပါပြီး အားလုံးတန်းတူညီမျှ အခွင့်အရေးများကိုသာ လိုလားကြကြောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် တင်ပြလာသည့် အကြံပြုချက်များ အပေါ်တွင် မူတည်ကာ တိုင်းရင်းသားများ လိုအပ်သည့် အခြေအနေ တစ်ခုကို ကြိုးစားရမည်ဖြစ်ပြီး  ကြိုးစားသည့် အခါတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် ဆက်စပ်လာကြောင်းလည်း ၎င်းက ပြောကြားသည်။
လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဒေသဆိုင်ရာ အုပ်ချုပ်ရေး ယန္တရားများ၏ လုပ်ပိုင်ခွင့်မှာ ထင်သလောက် မရှိဘဲ အားလုံးကို ဗဟိုကသာ ချုပ်ကိုင်ထားကြောင်း၊ အချို့တိုင်းနှင့် ပြည်နယ်များတွင်မူ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပေးထားသည့် အခွင့်အရေးများကိုပင် အပြည့်အ၀ မရရှိသလို ပေးထားသည့် အခွင့်အရေးများမှာလည်း လုံလောက်မှု မရှိကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ပိုင်ခွင့်များမှာလည်း ရှိသင့်သလောက် မရှိဘဲ ယင်းအချက်ကိုလည်း လွှတ်တော်ထဲတွင် တတ်နိုင်သမျှ ကြိုးစားသွားရမည် ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ် မရနိုင်ဟုဆိုကာ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ခုပေါ်ပေါက်လာရန် တိုင်းရင်း သားခေါင်းဆောင်များက ကြိုးပမ်းနေသည်။

No comments :

Post a Comment

Blogger Widgets
Back to Top