အသစ်ဆောက်လုပ်နေသည့် သြစတြေးလျ ထောက်လှမ်းရေး အေဂျင်စီ ရုံးချုပ်နှင့်
ပတ်သက်သည့် အသေးစိတ် အစီအစဉ်ကို တရုတ်ဟက်ကာများက အွန်လိုင်းမှ
ခိုးယူသွားခဲ့ကြောင်း သြစတြေးလျရုပ်သံ Australian Broadcasting Corporation
(ABC) က မေ ၂၇ ရက်တွင် ထုတ်လွှင့်ခဲ့သည်။ ရုံးချုပ်သစ်၏ ဖွဲ့စည်းပုံ၊
လုံခြုံရေး စနစ်များအကြောင်း ရေးသားထားသည့် အသေးစိတ် စီမံကိန်းကို
တရုတ်နိုင်ငံရှိ ကွန်ပျူတာ ဆာဗာတစ်ခုမှ တရားမ၀င် ရယူခဲ့ကြောင်း အေဘီစီက
ထုတ်လွှင့်ခဲ့သည်။
ယင်းကဲ့သို့ သတင်းထွက်ပေါ်ခဲ့သော်လည်း နှစ်နိုင်ငံ ဆက်ဆံရေးကို
ထိခိုက်စေလိမ့်မည် မဟုတ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး
ဘော့ကားရ်က မေ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
သြစတြေးလျ အစိုးရ အနေဖြင့် နိုင်ငံတော် လုံခြုံရေးအတွက်
ဆိုက်ဘာခြိမ်းခြောက်မှု အန္တရာယ်များကို အမြဲသတိထားနေကြောင်း၊ ယင်းကဲ့သို့
တိုက်ခိုက်မှုများ အတွက်လည်း မိမိတို့ အစိုးရ အနေဖြင့် အံ့အားသင့်လိမ့်မည်
မဟုတ်ကြောင်း ကားရ်က ပြောကြားခဲ့သည်။
အစိုးရ အသံလွှင့်ဌာန၏ စုံစမ်းရေး သတင်းများ တင်ဆက်သည့် Four Corners
အစီအစဉ်တွင် ကင်ဘာရာမြို့ရှိ Australian Security Intelligence
Organization အဆောက်အအုံ ဆောက်လုပ်ရေးတွင် ပါဝင်သည့် ကန်ထရိုက်လုပ်ငန်း
ကွန်ပျူတာများမှတစ်ဆင့် စီမံကိန်း အချက်အလက်များကို တရုတ်ဟက်ကာများက
ခိုးယူခဲ့ခြင်းဖြစ်ကြောင်း ABC က ဖော်ပြခဲ့သည်။ သြစတြေးလျဒေါ်လာ သန်း ၃၆၀
ကုန်ကျမည့် ရုံးချုပ်သစ်ကို သြစတြေးလျထိပ်တန်း လျှို့ဝှက်အဖွဲ့
တစ်ဖွဲ့ဖြစ်သည့် ကာကွယ်ရေးဆိုင်ရာ ရုံးအနီးတွင် တည်ဆောက်နေပြီး
နိုင်ငံအတွင်း အဆင့်မြင့်ဆုံးသော ဟက်ဟာကာကွယ်ရေး စနစ်ရှိသည့်
အဖွဲ့တစ်ဖွဲ့ဖြစ်သည်။
သြစတြေးလျနိုင်ငံသည် အမေရိကန်နှင့် စစ်ရေးမဟာမိတ် ဖွဲ့ထားသော်လည်း
တရုတ်နိုင်ငံနှင့်လည်း ကုန်သွယ်မှု အများအပြား လုပ်နေပြီး နှစ်နိုင်ငံ
ဆက်ဆံရေးကိုလည်း တိုးမြှင့်မှုများ ပြုလုပ်ထားသည်။
ယခု ထွက်ပေါ်လာသည့် သတင်းတွင် သြစတြေးလျ အစိုးရ အဆောက်အအုံများအား
လွန်ခဲ့သည့် နှစ်နှစ်အတွင်းက ဆိုက်ဘာတိုက်ခိုက်ခံခဲ့ရမှု များစွာကိုလည်း
ဖော်ပြထားသည်။ သို့သော် အဆိုပါ စီမံကိန်း မှတ်တမ်းများအား မည်သည့်အချိန်က
ခိုးယူခံခဲ့ရခြင်း ဖြစ်ကြောင်းကို အဆိုပါ သတင်းတွင် ဖော်ပြမထားကြောင်း
သိရသည်။
၂၀၁၁ ခုနှစ်အတွင်းက သြစတြေးလျ ၀န်ကြီးချုပ်၊ နိုင်ငံခြားရေး
ဝန်ကြီးနှင့် ကာကွယ်ရေး ၀န်ကြီးတို့၏ ကွန်ပျူတာများကိုလည်း ဟက်ကာများက
တရုတ်နိုင်ငံမှ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ တရုတ်အစိုးရက ထိုကဲ့သို့
တိုက်ခိုက်မှုများ မပြုလုပ်ခဲ့ကြောင်း ထိုစဉ်က ငြင်းဆိုခဲ့သည်။ ဆိုက်ဘာ
တိုက်ခိုက်ခံရမှုများကို စိုးရိမ်၍ အစိုးရ၏ ဒေါ်လာ ၃၅ ဘီလျံ တန်ဖိုးရှိ
ကြိုးမဲ့အင်တာနက် ချိတ်ဆက်ရေး စီမံကိန်း တင်ဒါခေါ်ယူမှုတွင် တရုတ်နိုင်ငံ၏
ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Huawei ကို ၂၀၁၂ခုနှစ်တွင် သြစတြေးလျက
တားမြစ်ခဲ့သည်။

No comments :
Post a Comment