Blogger Widgets

Tuesday 28 May 2013

ဂျပန်က ကြွေးကျန်ဒေါ်လာ နှစ်ဘီလီယံခန့် ပယ်ဖျက်၍ ၅၀၄ သန်း ထပ်မံချေး

ဂျပန်က ကြွေးကျန်ဒေါ်လာ နှစ်ဘီလီယံခန့် ပယ်ဖျက်၍ ၅၀၄ သန်း ထပ်မံချေးဂျပန် အစိုးရသည် နှစ်ပေါင်း ၂၆ နှစ်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး ချေးငွေ အကူအညီနှင့် ကြွေးကျန် ဒေါ်လာ ၁ ဒသမ ၇၄ ဘီလီယံအား ပယ်ဖျက်ပေးပြီး နှစ်နိုင်ငံ အကြား စီးပွားရေး ဆက်ဆံမှုများကို အရှိန်မြှင့် လိုက်သည်။ ဂျပန်က မြန်မာသို့ ပေးသော ချေးငွေသဘောတူညီချက်ကို နေ ပြည်တော်တွင် သမ္မတ ဦးသိန်းစိန်နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တို့တွေ့ဆုံအပြီး လက်မှတ် ရေးထိုး ခဲ့ခြင်းဖြစ်သည်။
စာချုပ်အရ ဂျပန်သည် မြန်မာသို့ ယန်းငွေ ၅၁ ဘီလီယံ (ဒေါ်လာ ၅၀၄ သန်း) ပေးအပ် ကူညီသွားမည်ဖြစ်သည်။ အတိုးနှုန်း သက်သာစွာ (၀.၀၁ အတိုးနှုန်း) ထုတ်ချေးသည့် ယင်းချေးငွေ သဘောတူ စာချုပ်ကို မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ်ကြီး မီကီယိုနူမာတာနှင့် မြန်မာ ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ လင်းအောင်တို့က လက်မှတ်ရေးထိုးခဲ့သည်ဟု ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့အပြင် ချေးငွေနှင့်အတူ မြန်မာက ရယူထားသည့် ကြေးကျန် ယန်း ၁၇၆ ဒသမ ၁ ဘီလီယံ (ဒေါ်လာ ၁ ဒသမ ၇၄ ဘီလီယံ)ကိုလည်း ပယ်ဖျက်ပေးခဲ့သည်။
ယင်းမှာ ဂျပန်က ပြီးခဲ့သည့် ဇန်န၀ါရီတွင် မြန်မာနိုင်ငံအပေါ် တင်ရှိနေသည့် ကြွေးမြီယန်း ၃၂၆ ဒသမ ၃ ဘီလီယံ (ဒေါ်လာ ၃ ဒသမ ၅၈ ဘီလီယံ)ကို လျှော်ပစ်အပြီးတွင် နောက်ထပ် ကြွေးမြီ ပမာဏ အများအပြားကို လျှော်ပစ်ခဲ့သည်။ ဂျပန်နိုင်ငံ၏ မြန်မာသို့ ယခုချေးငွေ ဒေါ်လာ ၅၀၄ သန်းမှာ မူ ၁၉၈၇ မှစ၍ ပထမဆုံးအကြိမ်လည်းဖြစ်သည်။ ချေးငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာချက်တွင် “ဂျပန်အစိုးရဟာ မြန်မာ့ပြုပြင် ပြောင်းလဲမှုတွေ တိုးတက်ရေးဆက်လက်ထောက်ခံပေးသွားဖို့ ဒီချေး ငွေတွေက အရေးကြီးတယ်လို့ ယူဆပါတယ်။ အစိုးရဟာ မြန်မာနိုင်ငံကို ဆက်လက်ထောက်ပံ့အားပေးမှုတွေ လုပ်သွားမှာပါ”ဟု ဖော်ပြထားသည်။
တနင်္ဂနွေနေ့တွင် လက်မှတ်ရေးထိုးခဲ့သည့် စာချုပ်များအရ ယန်း ၁၇ ဘီလီယံ (ဒေါ်လာ ၁၆၈ သန်း) မှာ မြန်မာ့အခြေခံအဆောက်အအုံ တိုးတက်ရေးအတွက် သုံးစွဲရန် ယန်း ၁၄ ဘီလီယံ (ဒေါ်လာ ၁၃၈ သန်း) ကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး အတွက်သုံးရန်၊ ယန်း ၂၀ ဘီလီယံ ကို သီလ၀ါအထူးစီးပွားရေးဇုန်၌ စွမ်းအင်ဖြန့်ဝေရေး၊ ပို့လွှတ်ရေးနှင့် လျှပ်စစ်ဓာတ်အားပေးရေးတို့အတွက် သုံးစွဲရန်ဖြစ်သည်ဟု သိရသည်။
ဧကပေါင်း ၅၉၀၀ ကျယ်ဝန်းသော ရန်ကုန်မြို့အနီးရှိအဆိုပါ သီလ၀ါအထူး စီးပွားရေးဇုန်မှာ ဂျပန်ကုန်သွယ်ရေး ကုမ္ပဏီကြီးများဖြစ်သော မစ်ဆူဘီရှီ ကော်ပိုရေးရှင်း၊ မာရူဘီနီကော်ပိုရေးရှင်းနှင့် ဆူမီတိုမိုကော်ပိုရေးရှင်းတို့က ဦးဆောင်လုပ်ကိုင်မည့် မြန်မာနိုင်ငံတွင် ဂျပန်၏ အကြီးဆုံးသော ရင်းနှီးမြှုပ်နှံမှု စီမံကိန်းလည်း ဖြစ်လာမည်ဖြစ်သည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ကြေညာချက်တွင် ချေးငွေများ၊ ထောက်ပံ့ရေးငွေများပေးအပ်ခြင်း နှင့် ပတ်သက်၍ “မြန်မာနိုင်ငံရဲ့ ဖွံ့ ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်ရေးနဲ့ မြန်မာနဲ့ ပူးတွဲလုပ်ဆောင်ခဲ့တဲ့ ကြွေးကျန်ရှင်းလင်းရေးကိစ္စ တွေကို ဆောင်ရွက်ခြင်းအားဖြင့် ဂျပန်အစိုးရဟာ ယန်းနဲ့ပေးတဲ့ ချေးငွေအသစ်တွေကိုရော၊ ထောက်ပံ့ရေးအကူအညီ Grant Assistance တွေကိုပါ ပေးအပ်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု ဖော်ပြထားသည်။
ဂျပန်အစိုးရသည် ယန်း၂ ဒသမ၄ ဘီလီယံ( ဒေါ်လာ ၂၃ သန်း တန်ဖိုးရှိသည့် ရန်ကုန်မြို့ ရေပေးဝေရေးစီမံခန့်ခွဲမှု အစီအစဉ်နှင့် နိုင်ငံ၏ လူငယ်အုပ်ချုပ်ရေးသမားများ တိုင်းပြည်၏စီးပွားရေးနှင့်လူမှုဖွံ့ဖြိုးတိုးတက်မှုကိုဆောင်ရွက် စီမံနိုင်အောင် ဖန်တီးပေးမည့် ပညာတော်သင်အစီအစဉ် တစ်ခုကိုလည်း ပေးအပ်ခဲ့သည်။ ဂျပန်၏ အကူအညီများ နှင့် ပတ်သက်၍ မြန်မာ့စီးပွားရေး ကျွမ်းကျင်သူ သြစတြေးလျပညာရှင် ရှောင်တန်နယ်က “မြန်မာမှာ ဂျပန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ တကယ်ကိုထူးခြားလှပါတယ်။
တော်တော်များများကို အံ့သြသွားစေလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်”ဟု မှတ်ချက်ပေးခဲ့ပြီး စီးပွားရေးသာမက ပထ၀ီနိုင်ငံရေးအရပါ မြန်မာနိုင်ငံသို့ဂျပန်၏ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်လာခြင်းသည် တရုတ်နှင့် ပြိုင်ဘက်ဖြစ်နေသည့် ၎င်းတို့ပေါ်လစီကြောင့် ဖြစ်ကြောင်း သုံးသပ်သည်။ ၎င်းက ဂျပန်သည် မြန်မာတွင် သြဇာကြီးသည့် အဓိကနိုင်ငံတစ်ခု ဖြစ်လာနိုင်ကြောင်း၊ တရုတ်မှာမူ ၎င်း၏ အခြေခံ အဆောက်အအုံဆိုင်ရာ စီမံကိန်းများတွင် လူမှုရေးနှင့် သဘာ၀၀န်းကျင်ဆိုင်ရာ ပြဿနာများကြောင့် စိုးရိမ်နေသော သက်ဆိုင်ရာပြည်သူများ၏ အတိုက်အခံပြုမှုများကို ရင်ဆိုင်လာရကြောင်း ဆိုသည်။
၎င်းက “တရုတ်က ဘာမှမကြည့်ခဲ့ဘူးလို့ ကျွန်တော်ထင်ပါတယ်။ လူကြိုက်နည်းတဲ့ အခြေအနေထဲကနေ ရုန်းထွက်နေခဲ့ရတယ်။ အနောက်တိုင်းကတော့ စိတ်ဝင်စားကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ငွေတွေ အခုထိစားပွဲပေါ်မှာပဲ တလည်လည်ရှိနေပါသေး တယ်”ဟု ထောက်ပြပြောဆိုသည်။ မြန်မာသို့ နှစ်ပေါင်း ၃၆နှစ်အတွင်း ပထမဆုံးလာရောက်သည့် ဂျပန်ဝန်ကြီးချုပ်ဖြစ်လာခဲ့သည့် ရှင်ဇိုအာဘေးသည် ၎င်း၏ ခရီးစဉ်တွင် ဂျပန်ထိပ်သီးစီးပွားရေးကုမ္ပဏီကြီးများဖြစ်သော မစ်ဆူဘီရှီ၊ မာရူဘီ နှင့် အခြေခံအဆောက်အအုံဆိုင်ရာ ကုမ္ပဏီကြီးများဖြစ်သော တိုင်ဆိုင်းနှင့် ဂျေဂျီစီကဲ့သို့သော လုပ်ငန်းများမှ ကိုယ်စားလှယ်တော် ၄၀ ခန့်ကို လည်းခေါ်ယူလာခဲ့သည်။
ဂျပန်သည် မြန်မာနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များသာမက နှစ်ဖက်စစ် ဘက်ဆိုင်ရာအရာရှိများ အပြန်အလှန်လည်ပတ်ဆက်ဆံရေး၊ မြန်မာ စစ်တပ်အရာရှိများကို ဂျပန်တွင် လေ့ကျင့်သင်ကြားပေးရေးစသည့် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးများကိုလည်း အကောင်အထည် ဖော်သွားရန် ရှိနေကြောင်း ဝေါလ်စထရိသတင်းတစ်ရပ်ကလည်း ဖော်ပြခဲ့သည်။

No comments :

Post a Comment

Blogger Widgets
Back to Top