Blogger Widgets

Thursday 30 May 2013

ဂျပန်ကျည်ဆန်ရထား နည်းပညာ ၀ယ်ယူရန် အိန္ဒိယ ပြင်ဆင်နေ

တိုကျိုတွင် မေ ၂၈ ရက်က မိန့်ခွန်းပြောကြားနေသော အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်း 
 မွမ်ဘိုင်းနှင့် အမီဒါဘတ် မြို့များအကြား မြန်နှုန်းမြင့် ဆက်သွယ်မှုအတွက် အိန္ဒိယသည် ဂျပန်ကျည်ဆန်ရထား နည်းပညာကို အသုံးပြုရန် ပြင်ဆင်နေကြောင်း မေ ၂၉ ရက်တွင် သတင်းများ ထွက်ရှိခဲ့သည်။ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းတို့သည် ရထားတည်ဆောက်ရေးနှင့် ပတ်သက်ပြီး အကြိုလေ့လာမှုများအတွက် အသေးစိတ်ကို မကြာမီ ထုတ်ပြန်ဖွယ်ရှိကြောင်း နစ်ကေးသတင်းစာက ဖော်ပြခဲ့သည်။
TGV မြန်နှုန်းမြင့် ရထားလမ်းကွန်ရက် ရှိသော ပြင်သစ်ကဲ့သို့သော နိုင်ငံများနှင့် ယှဉ်ပြိုင်နေရသည့် ဂျပန်သည် အိန္ဒိယအတွက် အခြေခံ အဆောက်အအုံ တည်ဆောက်ရေး စီမံကိန်း အစီအစဉ်တွင် အဓိက အစိတ်အပိုင်း တစ်ရပ်အဖြစ် ကျည်ဆန်ရထား နည်းပညာကို ကမ်းလှမ်းခြင်း ဖြစ်သည်။ အာဘေးသည် အိန္ဒိယကို အမေရိကန်ဒေါ်လာ တစ်ဘီလျံတန်ဖိုး (ယန်းငွေ ၁၀၁ ဒသမ ၇ ဘီလျံ) ချေးငွေပုံစံဖြင့် ကျည်ဆန်ရထား နည်းပညာကို ကမ်းလှမ်းသွားမည် ဖြစ်သည်။
မွမ်ဘိုင်း-အမီဒါဘတ် ရထားလမ်းသည် ၅၀၀ ကီလိုမီတာ (၃၁၂ မိုင်) ရှည်လျားမည်ဖြစ်ကာ ယန်းငွေ တစ်ထရီလျံခန့် ကုန်ကျမည်ဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းအား နည်းပညာဆိုင်ရာ ဆန်းစစ်သုံးသပ်ခြင်းများနှင့် ကုန်ကျစရိတ် တွက်ချက်ခြင်းများကို ၂၀၁၄ ခုနှစ် မတ်မကုန်မီ အပြီးသတ်နိုင်မည်ဖြစ်ကြောင်း နစ်ကေးတွင် ဖော်ပြခဲ့သည်။
အာဘေးသည် တမီလ်နာဒူပြည်နယ် အစိုးရအတွက် ယန်းငွေ ၁၃ ဘီလျံနှင့်အတူ ဟိုက်ဒရာဘတ်မြို့ရှိ အိန္ဒိယ နည်းပညာ တက္ကသိုလ်တွင် အစည်းအဝေး ခန်းမတစ်ခုနှင့် အခြားအဆောက်အအုံများ တည်ဆောက်ရန် ယန်းငွေ ၁၇ ဒသမ ၇ ဘီလျံ ခန့်ကိုလည်း အိန္ဒိယသို့ ချေးငွေပေးမည်ဟု ခန့်မှန်းရကြောင်း သိရသည်။ ယင်းသည် မွမ်ဘိုင်းတွင် မြေအောက်ရထားလမ်း ကွန်ရက်တစ်ခု တည်ဆောက်ရန်အတွက် ဂျပန်၏ ချေးငွေကမ်းလှမ်းမှုဖြစ်သော ယန်းငွေ ၇၁ ဘီလျံတွင် မပါဝင်ကြောင်း သိရသည်။
နှစ်ဖက် အစိုးရသည် အိန္ဒိယ တောင်ပိုင်းအတွက် အခြေခံ အဆောက်အအုံသစ် စီမံကိန်း ရေးဆွဲရန်လည်း သဘောတူညီချက် လက်မှတ်ရေးထိုးမည် ဖြစ်သည်။ ယင်းအစီအစဉ်အရ တောင်ပိုင်းဘန်ဂလိုနှင့် ချင်နိုင်းတွင် ဆိပ်ကမ်းများ၊ ရထားလမ်းများ၊ ကားလမ်းများ၊ မဟာဓာတ်အားပေး လိုင်းများ တည်ဆောက်ရာတွင် ဂျပန်နည်းပညာကို အသုံးပြုဖွယ် ရှိသည်။
ပိုင်နက် အငြင်းပွားမှုနှင့် စပ်လျဉ်း၍ တရုတ်နှင့် မကျေနပ်မှုများ မြင့်တက်နေချိန်တွင် ဂျပန်နှင့်အိန္ဒိယ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များ မြင့်တက်လာခြင်း ဖြစ်သည်။
ဂျပန်သည် အိန္ဒိယသို့ ကုန်းနှင့်ရေ နှစ်ထွေသုံး လေယာဉ်များ ရောင်းချနိုင်ဖွယ် ရှိကြောင်းလည်း ယခုသီတင်းပတ် အစောပိုင်းက ဂျပန်မီဒီယာများတွင် ဖော်ပြခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် လက်နက်ရောင်းချမှု  ပိတ်ပင်ရန် ပြဋ္ဌာန်းခဲ့ပြီးနောက် ယင်းရောင်းချမှုသည် ဂျပန်စစ်တပ်၏ ပထမဆုံး လက်နက်ရောင်းချမှု ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
ဝန်ကြီးချုပ် ရှင်ဇိုအာဘေး လက်ထက်တွင် ဂျပန်နိုင်ငံသည် အိန္ဒိယ အပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ လမ်း၊ ရထား၊ ဓာတ်အားပေး စက်ရုံများ ရောင်းချခြင်းဖြင့် စီးပွားရေး မြှင့်တင်လျက် ရှိသည်။ ယခုလ အစောပိုင်းတွင် အာဘေးသည် ဂျပန်ကော်ပိုရေးရှင်းများကိုယ်စား ကမ္ဘာပတ်မည် ဖြစ်ကြောင်းနှင့် ဂျပန်၏ အဆင့်မြင့် အခြေခံ အဆောက်အအုံ တည်ဆောက်ရေး ဈေးကွက်မြှင့်တင်မှုကို တစ်နှစ်လျှင် ယန်းငွေ ၃၀ ထရီလျံအထိ သုံးဆမြင့်တက် စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

No comments :

Post a Comment

Blogger Widgets
Back to Top