ကြိုးတိုက်ရှေ့သို့ ကျွန်တော်တို့အရောက်တွင်
ဦးစောသည် အပြုံးဖြင့် ဆီးကြိုနူတ်ဆက်သည်။ ကြိုးတိုက်တွင်းရှိ ဦးစော၏
ဆင်းတုကလေးတွင် ဆီမီးပတ်လည်၊ ကော်ဖီဆွမ်း၊ မုန့်ဆွမ်းများဖြင့်
ပန်းရေချမ်းများပါ ဝေေ၀ဆာဆာ ကပ်လှူထားသည်ကို တွေ့ရသည်။
ဦးစော၏ အစားအသောက်တာဝန်ကိုယူရသော အကျဉ်းသားကလေး မောင်စင်ကာပူမှာ
၎င်း၏ဆရာအတွက် နံနက်စာကို နံနက်သုံးနာရီကပင် အသင့်စီစဉ်ပေးသော်လည်း ဦးစောကား
စားမသွားတော့ပေ။
ဦးစောသည်
၎င်း၏ကိုယ်တွင် သူ၏ဇနီး ဒေါ်သန်းခင်(မာမီကြီး) အကြိုက်ဟုပြောသော အ၀ါရောင်
ပိုးရှမ်းဘောင်းဘီ။ အပြာနုရောင် ပိုးရှပ်လက်တို၊ ရေညှိရောင် မောလမြိုင်
ရှေ့ထိုးဖိနပ်များဖြင့် သပ်ရပ်စွာဝတ်ဆင်လျက် အသင့်ရှိနေသည်။
ကျန်ခဲ့သော
သူပိုင်ပစ္စည်းလေးများကို သူပေးလိုသူများ၏ အမည်ဖြင့် ယှဉ်လျှက်
သူ့ခုတင်ပေါ်တွင် တန်းစီတင်ခဲ့ပြီး ၎င်းနှင့်အတူရှိနေသာ အရာရှိငယ်တစ်ဦးအား
လွှဲအပ်ခဲ့သေးသည်။ ထောင်မှူးကြီးဦးစံတင်သည် ကြိုးကျတရားခံများ
ဝတ်စားရမြဲဖြစ်သည့် ကျန်လက်တစ်ဖက်မှ ဦးစော၏ ကြိုးတိုက အင်္ကျီဖြူ
အရှေ့ကျောကွဲ(၀တ်ရုံဖြူ)ကို လက်တစ်ဖက်ပေါ်တင်လျှက် သံတံခါး
သော့ကိုဖွင့်မည်ပြုစဉ် -
“ဒီဟာကြီးကို
ဟိုပေါ်ရောက်မှ ၀တ်ပေးရင် မဖြစ်ဖူးလား”ဟု ဦးစောက ပြောလိုက်ရာ
ထောင်မှူးကြီး၏ တံ့ခါးဖွင့်နေသောလက်သည် တန့်သွားပြီး သက်ဆိုင်ရာအရာရှိများ၏
မျက်နှာကို ဆင့်ကဲဆင့်ကဲ ကြည့်လိုက်သည်။ ပြီးမှ အမိန့်ရသည်အလား
ကြိုးတိုက်သံတံခါးကို ဖွင့်လိုက်သည်နှင့် ထောင်ပိုင်ကြီးနှင့်
ထောင်မှူးကြီးတို့သည် ဦးစောအား ၀ဲယာညှပ်လျှက်တွဲပြီး ဖြစ်နေတော့သည်။
ဦးစောကား
လက်ထိပ်မပါ။ ၀တ်ရုံဖြူဗလာဖြင့် ၎င်း၏ နောက်ဆုံးခရီးဖြစ်သော ကြိုးစင်ရှိရာသို့
ညင်သာတိတ်ဆိတ်စွာဖြင့် လိုက်ပါလာခဲ့သည်။ ကျွန်တော်တို့သည်
ဆိတ်ငြိမ်လေးလံသော ခြေလှမ်းများဖြင့် ဦးစော၏နောက်မှ ကပ်လျှက်
ပါလာကြသော်လည်း ခံစားချက်က ပြင်းထန်သည်ဟု ဆိုရပါမည်။
အသက်ရှိ
ကျန်းမာဝေဖြိုးလျက်ရှိသူ တစ်ဦးအား အသုဘအဖြစ် လိုက်ပါပို့ဆောင်သကဲ့သို့
ရှိနေသည်မှာ ကျွန်တော်တို့အတွက် မသက်သာလှပါ။ ကြိုးစင်အားမြင်နေရလေပြီ။
ကြိုးစင်ရှေ့ ရောက်လုနီးနီး ဦးစောမှာ ခြေလှမ်းလေးလာသည်။ ခြေဒရွတ်ဆွဲလာသည်။
သို့သော် သတိက မလွတ်ပေ။
သူ၏
သိဟောင်းကျွမ်းဟောင်းများကို အပြုံးဖြင့် နူတ်ဆက်လျှက် ရှိပြန်သည်။
ကြိုးစင်ခြေရင်းသို့အရောက် ထောင်မှူးကြီး၏ သတိပေးမူဖြင့် အသင့်ရှိနေသော
ဆင်းတုတော်ကလေးအား ဦးညွှတ်ဝတ်ပြုလျက် ဦးစောမှာ ဖိနပ်မပါတော့ဘဲ
ထောင်မှူးကြီးဦးစံတင်၏ တွဲခေါ်ရာကြိုးစင်သို့သာ တန်းတန်းမတ်မတ်
တက်သွားတော့သည်။
ကြိုးစင်မှာ
နှစ်ယောက်တစ်ပြိုင်နက်ပေးနိုင်သော နှစ်ခုတွဲဖြစ်သော်လည်း
အခွင့်အရေးတောင်းတတ်သော ဦးစော၏ တောင်းပန်ချက်အရ သူ့အား
နောက်ဆုံးတောင်းပန်ချက် အခွင့်အရေးဖြင့် သူတစ်ဦးတည်းကိုသာ ပထမ
ကြိုးမိန့်ပြစ်ဒဏ်ကို ခံယူစေခဲ့သည်။
(မှတ်ချက်)
အဆင့်မရှိသူနှင့် အတူမသေလိုဟူသော သဘောမှာ မာနကိလေသာ၏
ရိုက်ခတ်မူတစ်မျိုးပင်ဖြစ်၏။ တရားဖြင့်တည်ငြိမ်စွာ သေလိုသောကြောင့်
တစ်ယောက်တည်း သီးသန့် ကြိုးမိန့်ကို ခံယူခြင်းလည်း ဖြစ်နိုင်ပါသည်။
အရုဏ်ဦး၏
နေရောင်ခြည်သည် ဦးစောနှင့်ပြိုင်တူ ကြိုးစင်ပေါ်သို့ ရောက်ခဲ့ကြပြီ။
ဦးစောသည် ၎င်းအလိုမရှိသော ကျောကွဲအင်္ကျီ အဖြူရှည်ကြီးကို ၀တ်ရန်လက်လျှိုပေးစဉ်
ကြိုးစင်ပတ်ဝန်းကျင်တွင် ရှိကြသော အမူထမ်း၊ အရာထမ်းများအား လူစေ့
မတ်တပ်ကြည့်လျှက် နောက်ဆုံးသောအပြုံးဖြင့် နူတ်ဆက်ပြန်သည်။ မကြာပါလေ။
ဦးစော၏ ခြေလက်အစုံတို့တွင် ကြိုးတုပ်ပေးလျက်ရှိရာ ဦးစောသည် မျက်စိကို
မှိတ်လိုက်သည်။
ထိုစဉ်
ထောင်မှူးကြီးက ဦးစောအား ခေါင်းစွပ်အိပ်အဖြူကို စွပ်ပေးလျက်
ကြိုးကွင်းတင်လိုက်စဉ် ဦးစောရပ်လျှက်ရှိသော အောက်ခံသံပြားကြီးနှစ်ချပ်မှာ
တစ်ခဏအတွင်း ဂျိုင်းခနဲ မြည်ဟီးလျက် ပွင့်ထွက်သွားသံနှင့်အတူ
သူလည်းလုပ်ကြံမူကြီး၏ ခေါင်းဆောင်တရားခံအဖြစ်မှ ဘ၀သစ်သို့ ကူးပြောင်း၍
ငြိမ်သက်လျှက်ရှိပေပြီ။
ဦးစောကိစ္စအပြီး
ထောင်မှူး ထောင်ကြပ်တို့ ခြံရံလျှက် မူံကြီးအား တွဲထုတ်လာကြပြန်သည်။
သူလည်း ၀တ်ရုံဖြူကျောကွဲကြီးဝတ်လျှက် ဒယီးဒယိုင် လက်ထိပ်မပါ
ကြိုးစင်ပေါ်သို့ ရောက်ရှိလာသည်။ သူနှင့် ယှဉ်လျက်ရှိသော တစ်ဖက်ခန်းမှ
ကြိုးမိန့်ချပြီးသူကို ငုံ့ကြည့်သည်။ ပြီးမှ ဒါဦးစောလားဟု မူံကြီးကမေးရာ
ဦးစံတင်က ခေါင်းညိတ် အဖြေပေးရင်း မူံကြီးအား ခေါင်းစွပ်အိပ်ဖြူကို
စွပ်ပေးလိုက်သည်။
မူံကြီးအား
ခေါင်းစွပ်မခံဘဲ ခေါင်းရှောင်ရင်း ကျွန်တော်ပြောစရာရှိသေးတယ်ဟု စကားစလာရာ
ထောင်မှူးကြီးက ပြောသာပြောပါ။ အချိန်တွေကျန်သေးပါတယ်ဟု နှစ်သိမ့်ရင်း
ခေါင်စွပ်ထဲက ပြောနိုင်ပါတယ်ဟု ခေါင်းစွပ်ကို စွပ်လိုက်သည်။ မူံကြီးသည်
ခေါင်းစွပ်ထဲမှပင် သူ၏ မပြတ်သေးသော လက်ကျန်စကားကို ကျန်လက်တစ်ဖက်ကို
မြှောက်ကာ (ဦးစော အိမ်ဝိုင်းစဉ် ခုခံ၍ရရှိသော ဒဏ်ရာကြောင့် လက်တစ်ဖက်
ဖြတ်ထားသည်) ကျွန်တော်တို့ခေါင်းဆောင်ကြီးလားဟု အစချီနေစဉ် သူနင်းထားသော
သံပြားကြီးမှာ ပွင့်ထွက်သွားပြီး သူ့ဆရာခေါင်းဆောင်ကြီးနှင့်အတူ
ဘေးချင်ယှဉ်လျှက် ၎င်း၏ဘ၀ကို နိဂုံးချုပ်ရရှာသည်။
ထို့နောက်
ကြိုးမိန့်ပြစ်ဒဏ်ခံယူပြီးသော ဦးစောနှင့် မူံကြီးတို့အား နာရီဝက်အကြာတွင်
ထောင်ဆရာဝန်များဖြစ်ကြသော ဒေါက်တာအောင်သိန်းနှင့် ဒေါက်တာထွန်းဝင်တို့မှ
လာရောက်စစ်ဆေးလျက် ၎င်းတို့တွင် အသက်မရှိတော့ကြောင်း မှတ်ချက်ပေးကြသည်။ ပြီးမှ
ဦးစောနှင့် မူံကြီးတို့၏ အလောင်းများကို ကြိုစင်မှ အသင့်ရှိနေသော
အခေါင်းများထဲသို့ စနစ်တကျ နေရာချပေးခဲ့ကြသည်။
တတိယအသုတ်
မောင်စိုးနှင့် သက်နှင်းတို့ ရောက်ရှိလာပြန်သည်။ သူတို့ကား
ပထမအသုတ်ကဲ့သို့ တည်ငြိမ်မူမရှိ။ တုန်လူပ်ချောက်ချား လျက်ရှိကြသည်။
၎င်းတို့အား ကြိုးတိုက်မှ အပြင်သို့ရောက်ရန် ခဲယဉ်းစွာထုတ်ခဲ့ရသည်။
အချို့ကြိုးတရားခံများ ယခုကဲ့သို့ ၎င်းတို့၏ နောက်ဆုံးအချိန်ကလေးတွင်
ကြောက်ကန်ကန်လျက် အစွမ်းကုန်ခုခံတတ်ကြသောကြောင့် ကြိုးတိုက်တရားခံများအား
ထုတ်ယူရာတွင် သတိကြီးစွာ၊ လိမ္မာပါးနပ်ရန်လည်းလိုသည်။
ယခုတွင်
အမူထမ်း၊ အရာထမ်းများ၏ ပါးနပ်လိမ္မာစွာ ဆောင်ရွက်မူဖြင့် မောင်စိုးနှင့်
သက်နှင်းတို့မှာ ကြိုးစင်တန်းများပေါ်တွင် ရောက်ရှိနေကြပြန်လေပြီ။
အစဉ်တုန်လူပ်ချောက်ချားလွန်းသော နှစ်ယောက်မှာ
ကြိုးစင်သံပြားများပေါ်နင်းပြီးသည်နှင့် မတုန်မလူပ်ကျောက်ရုပ်ပမာ သံပြားများ
ပွင့်ထွက်သွားချိန်အထိ ငြိမ်သက်စွာဖြင့်ပင် သူတို့၏
ဆရာခေါင်းဆောင်ကြီးနှင့်အတူ ဘ၀ နိဂုံးချုပ်သွားကြပေသည်။
(ဦးသန်းမြင့်၊ သာယာဝတီ ဂဠုန်ဦးစော၏ နောက်ဆုံးနေ့ - အိုးဝေဂျာနယ် (၁၅.၇.၇၁) စာ ၂၃-၃၅)

ထိုစဉ်က
စိန်ကြီးသည် အသက်(၂၁)နှစ်ရှိပြီး ကြိုက်ပင်ကောက်မြို့သားဖြစ်သည်။ ၎င်းသည်
မင်းတိုင်ပင်အမတ်ဟောင်းနှင့် မြူနီစပယ် စီအီးအို(အမူဆောင်အရာရှိ)
လူကြီးလုပ်ခဲ့သူ ဦးမောင်ကြီး၏ သားဖြစ်သည်။ ကြိုက်ပင်ကောက်
အင်္ဂလိပ်-မြန်မာစာသင်ကျောင်းမှ ခုနှစ်တန်းအောင်ခဲ့ပြီး ၁၉၄၂-ခု၊
ဂျပန်ခေတ်တွင် ဘီအိုင်အေတပ်တွင် ဗိုလ်ကလေး အဆင့်ဖြင့် စစ်မူထမ်းခဲ့သူ
ဖြစ်သည်။
မိခင်ဖြစ်သူ
ဒေါ်နှင်းနှင့် ဦးစောသည် နဂိုကပင် ခင်မင်ရင်းနှီးနေသဖြင့်
ကြို့ပင်ကောက်သို့ ဦးစော တရားပွဲလာရောက်ကျင်းပပြီးအပြန် ဦးစောနှင့်အတူ
လိုက်ပါနေခဲ့သူ ဖြစ်သည်။ ရန်ကြီးအောင်ခေါ် မောင်လှထွန်းသည် ကြိုးပေးခံရစဉ်က
အသက်(၁၉)နှစ်သာရှိသေးသည်။ သူသည် အုတ်ဖိုမြို့၊ အရှေ့အလယ်ကုန်းရွာနေ
ဦးမောင်ထွန်း၏ သားဖြစ်သည်။
ငယ်စဉ်က
အုတ်ဖိုမြို့၊ ဦးစံလှ မြန်မာစာသင်ကျောင်းတွင် သုံးတန်းအထိ
ပညာသင်ကြားခဲ့သူဖြစ်သည်။ ဦးစောနှင့် တူဝရီးတော်ပြီး
၎င်း၏ဖခင်ဦးမောင်ထွန်းနှင့် ဦးစောသည် ညီအစ်ကိုဝမ်းကွဲတော်သည်။ ဦးစောအား
ကြိုးပေးလိုက်သောအခါ ကြိုးမှာတစ်ချက်တည်းနှင့် ငြိမ်သက်သွားသည်ဟုဆိုသည်။
စိန်ကြီးနှင့်
ရန်ကြီးအောင်တို့၏ ကြိုးမှာမူကား အချိန်အတန်ကြာအောင် လူးလွန့်၍နေခဲ့သည်။
ကြိုးလူးလွန့်ခြင်းမှာ သေရမည်ကို စိုးရိမ်ထိတ်လန့်ပြီး ရုန်းကန်သည့်
သဘောပင်ဖြစ်သည်။ ဦးစောမှာမူ သေရမည်ကို ကြောက်ရွံ့ထိတ်လန့်
တုန်လူပ်ခြင်းမရှိဘဲ စိတ်ပိုင်းဖြတ်ထားဟန်ရှိ၍ ကြိုးမှာ မလူးမလွန့်၊
မလူပ်ရှားတော့ပဲ ဒေါက်ဖြတ်ချလိုက်ပြီးသည့်နောက် တစ်ချက်တည်းနှင့်
ငြိမ်သက်သွားခြင်းဖြစ်သည်ဟု ဆိုသည်။
လုပ်ကြံမူဖြင့်
အဖမ်းခံခဲ့ရသည့် ၁၉၄၇-ခု၊ ဇူးလိုင်(၁၉)ရက်နေ့က ဦးစော၏ ကိုယ်အလေးချိန်မှာ
(၁၄၈)ပေါင်ရှိခဲ့ပြီး ကြိုးပေးအသတ်ခံရမည့် တစ်ရက်အလို ၁၉၄၈-ခု၊
မေလ(၇)ရက်နေ့တွင် ကိုယ်အလေးချိန် (၁၂၆)ပေါင်သာရှိတော့သည်။
ဦးစောသည်
သူ၏သမီး မေသန်းစောခေါ် ဘေဘီစော (၎င်းသည် ဦးစော၏ သမီးအရင်း မဟုတ်ပေ။
ဒေါ်သန်းခင်၏ ပထမအိမ်ထောင်မှ သမီးဖြစ်သည်)ထံသို့ နောက်ဆုံးပေးစာ
မှာတမ်းတစ်စောင်ကို ကြိုးပေးခံရတော့မည့်ဆဲဆဲ ရက်ပိုင်းအတွင်းတွင်
ရေးသားသွားခဲ့လေသည်။ ထိုစာကို သက်ဆိုင်ရာအာဏာပိုင်တို့က မေသန်းစောထံသို့
ပို့ပေးခဲ့သည်

No comments :
Post a Comment