လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာကို မတ်လအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဟိန်းမင်းထက်)
ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ် (Investment to State Debute
Settlement) များက အစိုးရများ၏ အများပြည်သူဆိုင်ရာ မူဝါဒနှင့်
လုပ်ငန်းများသည် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများ၊ တန်ဖိုးများကို
ထိခိုက်စေပါက နိုင်ငံတကာ တရားရုံးများတွင် တရားဆွဲဆိုပိုင်ခွင့် ရှိစေသော
အစီအစဉ်များ ဖြစ်ကြောင်းနှင့် ရင်းနှီးမြှုပ်နှံသူအား သန်းပေါင်းများစွာ
လျော်ကြေးပေးဆောင်ရန် ဆုံးဖြတ်ပိုင်ခွင့် ရှိသောကြောင့် အလျင်မလို
သင့်ကြောင်း၊ လူထုအား ချပြပြီးမှသာ အတည်ပြုသင့်ကြောင်း ကျွမ်းကျင်သူများက
သုံးသပ်သည်။
"ရင်းနှီးမြှုပ်နှံမှု သဘောတူ စာချုပ်ကို အစိုးရတွေက ရေးထိုးဖို့
ဘာကြောင့် သဘောတူကြ သလဲဆိုရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို
ဆွဲဆောင်တဲ့ အနေနဲ့ပါ။ ဒါပေမဲ့ ဒီလိုရေးထိုးတာဟာ အရမ်းအန္တရာယ် များပါတယ်။
ဥပမာ အစိုးရက ပေါ်လစီ တစ်ခုခုကို ပြောင်းလိုက်တာနဲ့ တရားစွဲ ခံရနိုင်တယ်။
ဒီလို တရားစွဲတဲ့အခါ အစိုးရ အနေနဲ့ လျော်ကြေးတွေ အများကြီးပေးဖို့
ဖြစ်လာတယ်။ တကယ်တမ်းကျတော့ ဒါက ပြည်သူလူထုရဲ့ ပိုက်ဆံတွေပါ။ တကယ်တော့
ရင်းနှီးမြှုပ်နှံမှု စာချုပ်ဆိုတာ လက်မှတ်မထိုးလည်း ရပါတယ်။ ဥပမာ
မြန်မာနိုင်ငံမှာ မြစ်ဆုံဆည်လိုဟာမျိုး၊ လက်ပံတောင်းတောင်လို ပြဿနာမျိုးတွေ
ပေါ်လာရင် အစိုးရက သူ့ရဲ့မူဝါဒကို ပြောင်းလဲဖို့ ဖြစ်လာမယ်။ ဒါဆိုရင်
ကုမ္ပဏီက အစိုးရကို တရားစွဲဖို့ လမ်းပွင့်သွားပြီ။ ဒါကြောင့်
ရင်းနှီးမြှုပ်နှံမှု စာချုပ်တွေ လက်မှတ်ရေးဖို့ဆိုတာ အလျင်မလိုဖို့
ပြောရတာပါ" ဟု Transnational Institute -TNI မှ Tom Kramer က ဆိုသည်။
ယင်းကဲ့သို့ တရားစွဲဆိုရာတွင် နိုင်ငံတကာ တရားခုံရုံးတင်၍ အစိုးရအား
တရားစွဲမည် ဖြစ်ကြောင်းနှင့် အမှုအောင်နိုင်ရေး မဆိုထားနှင့်
ရှေ့နေငှားရမ်းမှုနှင့်ပင် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ပေးရကြောင်း၊
ရင်းနှီးမြှုပ်နှံမှု ပမာဏအပြင် အနာဂတ်တွင် ဆုံးရှုံးမှုများကိုပါ
လျော်ပေးရလေ့ ရှိကြောင်း၊ အဆိုပါ နိုင်ငံတကာ ရှေ့နေဆိုသူများမှာရန်
ကုမ္ပဏီနှင့် ချိတ်ထားသူများ ဖြစ်ကြောင်း၊ ထို့အတွက် အစိုးရများ အနေဖြင့်
လက်မှတ်မထိုးခင် သေသေချာချာ စဉ်းစားရန်လိုကြောင်း သုံးသပ်ကြသည်။
"ဒီ ISDS ရဲ့ အားနည်းချက်က ဘာလဲဆိုတော့ အစိုးရနဲ့ ပြည်သူက
ရင်းနှီးမြှုပ်နှံတဲ့သူကို တရားစွဲခွင့် မရှိဘူး။ ဥပမာ
ရင်းနှီးမြှုပ်နှံသူက လူ့အခွင့်အရေး ချိုးဖောက်တာမျိုးပဲ ဖြစ်ဖြစ်၊ သဘာဝ
ပတ်ဝန်းကျင်ကို ထိခိုက်စေတာပဲ ဖြစ်ဖြစ်ပေါ့။ ဒါကြောင့် အန္တရာယ်များပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံလို နိုင်ငံမျိုးပါ။ လျော်ပေးရမယ်ဆိုရင် အခွန်ထမ်း
ပြည်သူတွေရဲ့ ငွေတွေပဲ ဆုံးရှုံးမှာပါ" ဟု အပြည်ပြည်ဆိုင်ရာ
ရင်းနှီးမြှုပ်နှံမှု အစီအစဉ်၊ ဥရောပ သမဂ္ဂ၏ ကုန်သွယ်မှုနှင့်
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကျွမ်းကျင်သူ Ms.Pietie Vervest က ပြောကြားသည်။
ဥပမာအားဖြင့် အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးဆုံး
ကျောက်မီးသွေးသိုက်ကြီးကို ပိုင်ဆိုင်ထားကြောင်း၊ မကြာသေးမီ ကာလအတွင်း
အင်ဒိုနီးရှား အစိုးရက ပြည်သူအကျိုးစီးပွား မြှင့်တင်ရေးအတွက်
နိုင်ငံခြားသား ပိုင်ဆိုင်မှု၊ ပို့ကုန်ခွန်နှင့် သတ္တုရိုင်း
တင်ပို့ခြင်းများကို ကန့်သတ်သည့် နည်းဥပဒေ ထုတ်ပြန်ခဲ့ကြောင်း၊
ယင်းနည်းဥပဒေဖြင့် ဗြိတိန်အခြေစိုက် သတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခုဖြစ်သော
Charchill ၏ မီးသွေးတူးဖော်ခွင့် လိုင်စင်ကို ပယ်ချခဲ့ရာ အဆိုပါ ကုမ္ပဏီက
၂၀၁၂ ခုနှစ် မေလတွင် အင်ဒိုနီးရှား အစိုးရအား အနာဂတ်တွင် ရရှိနိုင်သော
အကျိုးအမြတ် ဆုံးရှုံးရသည်ဟူသော စွပ်ဆွဲချက်ဖြင့် ဒေါ်လာသန်း ၂၀၀၀ ကျော်
လျော်ကြေးရလိုမှုဖြင့် တရားစွဲထားကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် သမ္မတ ဦးသိန်းစိန်၏ ဥရောပ ခရီးစဉ်တွင် ဥရောပသမဂ္ဂနှင့်
မြန်မာနိုင်ငံတို့အကြား နှစ်နိုင်ငံ ရင်းနှီးမြုပ်နှံမှု သဘောတူညီချက်များ
ရေးထိုးရန် သဘောတူထားသည့်အတွက် ယင်းဖြစ်ရပ်များအား
ထည့်သွင်းစဉ်းစားသင့်ကြောင်း လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံသည် တရုတ်၊
အိန္ဒိယ စသည့်နိုင်ငံများနှင့် ရင်းနှီးမြှုပ်နှံမှုစာချုပ်
ချုပ်ဆိုထားကြောင်း၊ ယင်းကဲ့သို့ ချုပ်ဆိုမှုများကြောင့် ဧရာဝတီ
မြစ်ဆုံကိစ္စ၊ လက်ပံတောင်းတောင် ကိစ္စများတွင် ကိုင်တွယ်ဖြေရှင်းရန်
အခက်အခဲများစွာ ရှိနေကြောင်း၊ များသောအားဖြင့် ရင်းနှီးမြှုပ်နှံမှု
စာချုပ်များ၏ သက်တမ်းသည် ၁၀ နှစ်မျှ ကြာတတ်ကြောင်း သိရသည်။

No comments :
Post a Comment