အလှမယ်နန်းခင်ဇေယျာ ပါဝင်သရုပ်ဆောင်ထားသည့် ပွဲဦးထွက် “ဧပရယ်ညွှန်း
စာဖွဲ့” သင်္ကြန်ဟာသ ဗီဒီယိုဇာတ်ကားသည် မတ်လ ၁၁ ရက်တွင် ထွက်ရှိလာသည်။ ယင်း
ဇာတ်ကား ထွက်ရှိသည့်နေ့တွင် ၎င်း ၏ဖေ့စ်ဘွတ်မှ ပရိသတ်များသည် ကြည့်ရှုပြီးနောက်
အားပေးမှုများသည်လည်း ပိုမို များပြားလာသည့် အတွက် ၀မ်းသာမိသည်ဟု
နန်းခင်ဇေယျာက မဇ္ဈိမကို ပြောသည်။
“ညီမရဲ့ဇာတ်ကားကို ဒီနေ့ ထွက်ထွက်ချင်းမှာပဲ ဆိုင်တွေမှာ လိုက်ငှားပြီး
အားပေးကြည့်ရှု ကြတယ်လို့ သိရတော့ ၀မ်းသာမိပါတယ်။ ဒီကားက ဟာသကားဖြစ်ပေမယ့်
အငြိမ်ဇာတ်ရုပ် သရုပ်ဆောင်ရတယ်။ ဒီကားမှာပါဝင်တဲ့ ၀ါရင့်သရုပ်ဆောင်တွေကလည်း
ညီမကို အများကြီး ကူညီပေးကြပါတယ်။ နောက်ပိုင်း တွေမှာ
ပိုပြီးကြိုးစားသွားဖို့ စိတ်ကူးထားပါတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ ဗီဒီယိုဇာတ်ကားသည် အလှမယ်နန်းခင်ဇေယျာ၏
ဗီဒီယိုဇာတ်ကားရိုက်ကူးမှုတွင် ဒုတိယမြောက် ရိုက်ကူးထားသည့်
ဗီဒီယိုဇာတ်ကားဖြစ်သော်လည်း ပထမဆုံးထွက်ရှိလာသည့် ဇာတ်ကားဖြစ်ခြင်းကြောင့်
၎င်းအနေဖြင့် ယင်းဇာတ်ကားကို မကြည့်ရသေးသည့်အတွက် ရင်ခုန်နေရသည်ဟု ဆိုသည်။
ယင်းဇာတ်ကားတွင် နန်းခင်ဇေယျာသည် မေသန်းနု၏သမီးနေရာက သရုပ်ဆောင်ရပြီး
ယောက်ျားများကို မုန်းတီးနေသည့် ကောင်မလေးတစ်ယောက်၏ ဇာတ်ရုပ်အဖြစ်
ပါဝင်ထားခြင်းဖြစ်သည်။ မိခင် ဖြစ်သူ မေသန်းနုက ယောက်ျားများကို
မုန်းတီးခြင်းကြောင့် သမီးဖြစ်သူကို ငယ်ငယ်လေးကတည်းက ယောက်ျား
များမကောင်းသည့် အကြောင်းကို စိတ်ထဲရိုက်သွင်းပေးခဲ့သည့် သင်္ကြန်ဟာသဇာတ်လမ်း
ဖြစ်သည်။
အဆိုပါဇာတ်ကားကို ဒါရိုက်တာနေပိုင်က ရိုက်ကူးပုံဖော်ထားပြီး ဇေရဲထက်၊
နန်းခင်ဇေယျာ၊ မေသန်းနု၊ မေသဉ္ဇာဦးနှင့် ဟာသသရုပ်ဆောင်များစွာလည်း ပါဝင်ကာ
လာဗင်ဒါ ဗီဒီယိုထုတ်လုပ်ရေးက ရိုက်ကူး ထုတ်လုပ်ခြင်း ဖြစ်သည်။
အလှမယ်နန်းခင်ဇေယျာသည် လက်ရှိတွင် Lucky 7ထုတ်လုပ်ရေးက ရိုက်ကူးသည့်
ဗီဒီယိုဇာတ်ကားတွင် မိုးအောင်ရင် နှင့် ရိုက်ကူးပြီးနောက် မတ်လ ၁၆
ရက်တွင်လည်း မိုးအောင်ရင်ဖြင့် တွဲဖက်ကာ ဆက်လက် ရိုက်ကူးသွားမည် ဖြစ်သည်။

No comments :
Post a Comment