Blogger Widgets

Wednesday, 3 July 2013

Toyota ၀န်ဆောင်မှုနှင့် ကားအပိုပစ္စည်း အရောင်းစင်တာကို မန္တလေးနှင့် နေပြည်တော်တို့တွင် ထပ်မံဖွင့်လှစ်မည်

toyota-july3
ကမ္ဘာအေး ဘုရားလမ်းတွင် ဖွင့်လှစ်ထားသည့် တိုယိုတာ ၀န်ဆောင်မှု စင်တာကို တွေ့ရစဉ်
ကမ္ဘာ့အကြီးဆုံး ကားကုမ္ပဏီဖြစ်သည့် ဂျပန်နိုင်ငံ အခြေစိုက် Toyota က ၀န်ဆောင်မှုနှင့် ကားအပိုပစ္စည်း အရောင်းစင်တာကို မန္ဘလေးနှင့် နေပြည်တော်မြို့တို့ တွင် ထပ်မံဖွင့်လှစ် သွားမည်ဖြစ်ကြောင်း Toyota အုပ်စုဝင် T.T.A.S ကုမ္ပဏီလီမိတက်ထံမှ သတင်းရရှိသည်။
"Toyota က မော်တော်ယာဉ် ၀န်ဆောင်မှုနှင့် အပိုပစ္စည်း အရောင်းစင်တာတွေကို ချဲ့ထွင်သွားဖို့ စီစဉ်နေပါတယ်။ မန္တလေးနဲ့ နေပြည်တော် ဖွင့်လှစ်သွားမှာဖြစ်ပြီး ၂၀၁၄ ခုနှစ် ဒုတိယ သုံးလပတ်လောက်မှာ ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်" ဟု T.T.A.S ကုမ္ပဏီလီမိတက် အထွေထွေမန်နေဂျာ ဦးမျိုးမြင့်သိန်းက ပြောကြားသည်။
Toyota ကော်ပိုရေးရှင်းသည် ဖွံ့ဖြိုးစဈေးကွက် ဖြစ်လာသည့် မြန်မာ၊ ကင်ညာနှင့် ကမ္ဘောဒီးယား ဈေးကွက်များတွင် ဈေးကွက်ဝေစု ပိုမိုရရှိလာစေရေးအတွက် လုပ်ငန်းများကို ချဲ့ထွင့်သွားရန် စီစဉ်နေပြီး  အဆိုပါ ဈေးကွက်များတွင် Daihatsu ကော်ပိုရေးရှင်းနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း Bloomberg တွင် သတင်းဖော်ပြခဲ့သည်။
Toyota ၀န်ဆောင်မှုနှင့် ကားအပိုပစ္စည်း အရောင်းစင်တာကို အမှတ် ၈၇ (ဗ) ကမ္ဘာအေးဘုရားလမ်း ဗဟန်းမြို့နယ်နှင့် အမှတ် ၈၅ မင်းဧရာလမ်းနှင့် သံလွင်လမ်းထောင့် ရွှေသံလွင် စက်မှုဇုန် လှိုင်သာယာ မြို့နယ်တို့တွင် ဖွင့်လှစ်ထားပြီး ယခုမန္တလေးနှင့် နေပြည်တော်မြို့တို့တွင် ထပ်မံဖွင့်လှစ်ရန် စီစဉ်နေခြင်း ဖြစ်သည်။
Toyota သည် ကားအရောင်း စင်တာကိုလည်း ဖွင့်လှစ်ရန် ဆန္ဒရှိသော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ကုန်သွယ်ရေး မူဝါဒအရ နိုင်ငံခြား ကုမ္ပဏီသည် ကုန်သွယ်မှုပြုလုပ်ခွင့် မရှိသောကြောင့် ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
Toyota သည် မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် Aye & Sons ကုမ္ပဏီနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး T.T.A.S ကုမ္ပဏီကို ဖက်စပ်ထူထောင်ထားသည်။
T.T.A.S ကုမ္ပဏီကို တိုယိုတာအုပ်စုဝင် Toyota Tsusho Corporation (TTC) နှင့် မြန်မာနိုင်ငံမှ Aye & Sons ကုမ္ပဏီတို့ အကျိုးတူဖက်စပ် တည်ထောင်ထားခြင်းဖြစ်ပြီး T.T.A.S က ၇၅ ရာခိုင်နှုန်း၊ Aye & Sons  ကုမ္ပဏီက ၂၅ ရာခိုင်နှုန်း အစုရှယ်ယာ ထည့်ဝင်ထားသည်။ TTC သည် တိုယိုတာအုပ်စု တစ်ခုလုံး၏ ကုန်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ရုံးခွဲဖွင့်လှစ်ထားသည်။
T.T.A.S ကုမ္ပဏီသည် မြန်မာနိုင်ငံအတွင်း Toyota ကားသစ်များ တင်သွင်းရောင်းချခြင်းလုပ်ငန်း၊ ယာဉ်အပိုပစ္စည်း တင်သွင်းရောင်းချခြင်း လုပ်ငန်းနှင့် ၀န်ဆောင်မှုပိုင်းဆိုင်ရာ လုပ်ငန်းများကို အဓိက ဆောင်ရွက်လျက် ရှိသည်။ လက်ရှိတွင် ထိုကုမ္ပဏီမှတစ်ဆင့် Toyota ၂၀၁၃ မော်ဒယ် Camry၊ Hilux၊ Land Cruiser၊ Prado၊ Coaster ကားများကို မှာယူတင်သွင်းနိုင်ကြောင်း သိရသည်။
Toyota အုပ်စုအနေနှင့် မြန်မာနိုင်ငံတွင် လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိပြီး အခြားဂျပန်မော်တော်ယာဉ် ကုမ္ပဏီများဖြစ်သော Nissan၊ Honda၊ Suzuki  စသည်တို့ကလည်း မြန်မာနိုင်ငံတွင် ဈေးကွက်ဝေစု ပိုမိုရရှိနိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။
မြန်မာနိုင်ငံတွင် Toyota၊ Nissan၊ Honda၊ Suzuki၊ Marcede ကားကုမ္ပဏီများ၏ ၀န်ဆောင်မှုစင်တာများ ဖွင့်လှစ်ထားပြီး Mitsubishi ကားကုမ္ပဏီကလည်း ၀န်ဆောင်မှုစင်တာ ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိသည်။

No comments :

Post a Comment

Blogger Widgets
Back to Top